သေနတ်တစ်ချက် မဖောက်ရဘဲ ရန်သူကို အစွမ်းမဲ့စေမယ့် တရုတ်ရဲ့ လက်နက်အသစ်
ကိုယ့်ရဲ့ရန်သူကို တိုက်ခိုက်ဖို့၊ ချေမှုန်းဖို့၊ အနိုင်ယူဖို့ဆိုရာမှာ သေနတ်တစ်ချက်မဖောက်ရဘဲ၊ လူသူသေဆုံး ဒဏ်ရာရမှုတွေမရှိဘဲ မဖြစ်နိုင်ပါဘူး။ ဒီလိုမဖြစ်နိုင်ဘူးဆိုတာ ဟိုးအရင်နှစ်တွေမှာတော့ မှန်ကောင်းမှန်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီကနေ့လို နည်းပညာ ထွန်းကားလာတဲ့ ခေတ်မှာတော့ မမှန်တော့ပါဘူး။ ဘာကြောင့်ပါလဲ။ တရုတ်ဒုံးကျည်သိပ္ပံပညာရှင်တွေရဲ့ စိတ်ကူးကြံစည်မှုသာ လက်တွေ့အကောင် အထည်ပေါ်လာခဲ့ရင် အပေါ်က မေးထားတဲ့ မေးခွန်းအတွက် အဖြေဟာ အလိုလို ထွက်လာပါလိမ့်မယ်။ အဲဒီပညာရှင်တွေကတော့ ပေကျင်းမြို့မှာရှိတဲ့ ပစ်လွှတ်ယာဉ် နည်းပညာ အကယ်ဒမီကျောင်းမှ ဖြစ်ပါတယ်။ တရုတ်ဒုံးကျည် သိပ္ပံပညာရှင်တွေဟာ အသံထက် အလွန်မြန် လက်နက်စနစ် တစ်ခုကို အဆိုပြု တင်သွင်းထားကြပါတယ်။ သူတို့အဆိုပြု တင်သွင်းတဲ့ လက်နက်စနစ်က ပြင်းထန်တဲ့ လျှပ်စစ် သံလိုက်လှိုင်းတွေကို ထုတ်ပေးနိုင်မယ်။ အဲဒီလျှပ်စစ် သံလိုက်လှိုင်းတွေကြောင့် ရန်သူ့ရဲ့ ဆက်သွယ်ရေးစနစ်နဲ့ လျှပ်စစ်ဓာတ်အားပေး စနစ်တွေ အကုန်လုံးဟာ အသုံးပြုလို့မရဘဲ ပြတ်တောက်မယ်။ အကွာအဝေး အားဖြင့်ဆိုရင်လည်း ကီလိုမီတာ ၃ဝဝဝ အထိသွားနို...