မြေအောက်ပါတီဝင်များတိုးပွားလာခြင်း ၁၉၄၂ ခုနှစ်၊ ဩဂုတ်လ ၁ ရက်တွင် ဒေါက်တာ ဘမော်၏ ရုပ်သေးအစိုးရအဖွဲ့ ဖွဲ့စည်းသည်။ ယင်း အစိုးရအဖွဲ့တွင် ဒေါက်တာဘမော်က ဝန်ကြီးချုပ် အဖြစ် ဆောင်ရွက်ပြီး သခင်မြမှာ ဒုတိယဝန်ကြီးချုပ် ဖြစ်သည်။ သခင်သန်းထွန်းသည် မြေနှင့်လယ်ယာ စိုက်ပျိုးရေးဌာန ဝန်ကြီးဖြစ်သည်။ ထိုအချိန်တွင် သခင်စိုးနှင့် သခင်တင်မြသည် သခင်တင်ရွှေနှင့် ကိုသိန်းဖေ(သိန်းဖေမြင့်)ကို ရခိုင်ပြည် မင်းပြားသို့ ပို့ဆောင်ခဲ့ပြီး ရန်ကုန်သို့ ပြန်ရောက်နေပြီဖြစ်သည်။ ၁၉၄၂ ခုနှစ်၊ ဩဂုတ်လ ၂ ရက်တွင်ကား ရန်ကုန်မြို့ သို့ လျှို့ဝှက်ရောက်ရှိနေသော သခင်စိုးသည် သခင် တင်မြ၊ ကိုချစ်လှိုင်၊ ကိုမြသွင်နှင့် ကိုလှကြည် (ရဲနီ ကျော်ဝင်း)တို့အား ခေါ်ယူ၍ ဖက်ဆစ်တော်လှန်ရေး အတွက် ဆွေးနွေးသည်။ ယင်းတို့ ဆွေးနွေးရာနေရာ မှာ ရွှေဂုံတိုင်လမ်းဆုံအနီးမှ ဘုန်းကြီးကျောင်း ဖြစ်သည်။ သခင်စိုးသည် လျှို့ဝှက်ဆွေးနွေးပွဲတွင် 'ယခုအခါ ဖက်ဆစ်ဂျပန်များကို အထင်ကြီး အားကိုးနေသူများ နှင့် ဖက်ဆစ်ဂျပန်များ ကြမ်းကြုတ်ရက်စက်မှုများကို ကြောက်လန့်ချောက်ချားပြီး တုတ်တုတ်မျှ မလှုပ်ရဲသူ၊ သတ္တိကြောင်သွားသူများ အမြောက်အမြားရှိနေ ကြောင်း၊ တို့ဗမာအစည်းအရုံးဝင် သ...