ပြည်တွင်းသောင်းကျန်းမှု သမိုင်း(အပိုင်း ၁၄)



ဒုတိယအကြိမ် ပါတီကွန်ဂရက်


ပြည်သူ့အရေးတော်ပုံပါတီနှင့် ပြန်လည်ပူးပေါင်းရန် ကြိုးစားချက်များ

၁၉၄၅ ခုနှစ်၊ မေလ ၃ ရက်တွင် ကွန်မြူနစ်ပါတီ က ဆိုင်းဘုတ်တင်၍ အတိအလင်း ပါတီထူထောင် သော်လည်း ပြည်သူ့အရေးတော်ပုံပါတီခေါင်းဆောင် များမှာမူ

ယင်းတို့၏ပါတီကို ပြန်လည်ထူထောင်ခြင်း မပြုလုပ်ကြသေးပေ။ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ဦးကျော်ငြိမ်း(အာရ်အီးတီ)တို့လူစုသည် ဖတပလအဖွဲ့ ချုပ်၏ရုံးကိုသာ

ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ အာရှ လူငယ်အဖွဲ့ချုပ်ရုံးဟောင်းတွင် ဖွင့်လှစ်ခဲ့ကြသည်။ ပြည်သူ့အရေးတော်ပုံပါတီဝင်များသည် ကွန်မြူနစ်ပါတီ နှင့်

တစ်ပါတီတည်းအဖြစ် ပူးပေါင်းဖွဲ့စည်း၍ ရလို ရငြားဟူသော မျှော်လင့်ချက်ဖြင့် အခြေအနေကိုသာ စောင့်ကြည့်နေကြသည်။ ဗိုလ်ချုပ်အောင်ဆန်း စတင်

ဖွဲ့စည်းခဲ့သော ကွန်မြူနစ်ပါတီတွင် ပါဝင်သူများသည် သခင်မြခေါင်းဆောင်၍ ၁၉၄ဝ ပြည့်နှစ်၊ မေလ ၁၂ ရက် သာယာဝတီမြို့တွင် သခင်ကိုယ်တော်မှိုင်းတို့၏

တို့ဗမာအစည်းအရုံး ကျင်းပနေစဉ် ဖွဲ့စည်းသော ပြည်သူ့အရေးတော်ပုံပါတီ (People's Revolutionary Party - P.R.P)တွင်လည်း ပါဝင်ခဲ့ကြသည်သာ ဖြစ်သည်။

၁၉၄ဝ ပြည့်နှစ်ကဖွဲ့စည်းသော ပြည်သူ့အရေး တော်ပုံပါတီကို မြေအောက်တော်လှန်ရေးအသွင်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ရာ ထိုစဉ်က ယူဂျီ(Under Ground) ဟု

ခေါ်ဝေါ်ခဲ့ကြသည်။ ထိုအဖွဲ့တွင် သခင်မြ၊ သခင် အောင်ဆန်း၊ သခင်လှဖေ၊ ကိုဗဆွေ၊ ကိုကျော်ငြိမ်း၊ သခင်စိုး၊ သခင်သန်းထွန်းတို့ ပါဝင်ခဲ့ကြသည်။ ထို့ကြောင့်

ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံ ပါတီတို့မှာ လက်ဝဲအယူဝါဒကို လက်ခံသော အဖွဲ့ အစည်းတစ်ခုတည်းနှယ်ပင် ဖြစ်ခဲ့သည်။ သို့သော် ဂျပန်ခေတ်အတွင်း

သခင်စိုးက မြေအောက်ကွန်မြူနစ် ပါတီကို တိုးချဲ့ဖွဲ့စည်းရာမှ အယူအဆချင်း ဆင်ဆင် တူခဲ့သောပါတီနှစ်ရပ်မှာ တစ်ပါတီစီ ကွဲပြားခဲ့ရသည်။

တပ်မတော်အတွင်းတွင် ကွန်မြူနစ်ပါတီဝင်များရှိ သကဲ့သို့ ပြည်သူ့အရေးတော်ပုံပါတီဝင်များလည်း ရှိနေသည်။ ဖတပလတွင်လည်း နှစ်ပါတီစလုံးမှ

ခေါင်းဆောင်များသည် အတူတကွ ဦးဆောင်နေကြ ရသည်။ ထိုသို့သော အခြေအနေမျိုးတွင် ဗိုလ်ချုပ် အောင်ဆန်းသည် လက်ဝဲပါတီတစ်ခုတည်း ထူထောင် ရန်

ဆန္ဒရှိခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်တွင် ကိုသိန်းဖေခေါင်းဆောင်သော အိန္ဒိယပြည်ရောက် ပါတီအထူးကလာပ်စည်းက ပြည်သူ့ အရေးတော်ပုံပါတီနှင့် နိုင်ငံရေးသဘောထား၊ လုပ်ငန်း

စဉ်များ၊ ပါတီစည်းမျဉ်းစည်းကမ်းများတူညီလျှင် တစ်ပါတီတည်းအဖြစ် အမြန်ဆုံးဆောင်ရွက် ဖွဲ့စည်း ရန် တင်ပြလာရာ ကွန်မြူနစ်ပါတီသည် ပြည်သူ့အရေး

တော်ပုံပါတီနှင့် ညီညွတ်ရေးကို စဉ်းစားလာရတော့ သည်။ ထိုအချိန်တွင် ပြည်သူ့အရေးတော်ပုံပါတီသည် စနစ်တကျ ပြန်လည်ဖွဲ့စည်းခြင်း မပြုရသေးပေ။

ထို့ကြောင့် ကွန်မြူနစ်ပါတီသည် ပြည်သူ့အရေးတော်ပုံ ပါတီခေါင်းဆောင်များအား အောက်ပါအချက်များကို တိုက်တွန်းရန် ဆုံးဖြတ်လိုက်ကြသည် -

(က) ပြည်သူ့အရေးတော်ပုံ အဖွဲ့ဝင်များကိုအမြန် စုဝေး၍ စည်းကမ်းတကျဖွဲ့စည်းရန်။

(ခ) သီးခြားလွတ်လပ်သော ဝါဒသဘောထား လုပ်ငန်းစဉ်များကို ချမှတ်ရန်၊ ဖတပလ အဖွဲ့အစည်း၏ အခြေခံလုပ်ငန်းစဉ်များနှင့် မဆန့်ကျင်ရ။

(ဂ) ဖွဲ့စည်းရာတွင် ဂျပန်ကို ကိုယ်ထိလက် ရောက်အားပေးခဲ့သူများ၊ ပြည်သူ့လွတ်လပ် ရေးလုပ်ငန်းများကို ဖျက်ဆီးခဲ့သူများ မပါ ဝင်ရ။

ထို့အပြင် ပြည်သူ့အရေးတော်ပုံပါတီကို သီးခြား ပြန်လည်ဖွဲ့စည်းရန် ဆန္ဒမရှိကြပါက ကွန်မြူနစ်ပါတီ ၏ သဘောထားလုပ်ငန်းစဉ်ကို လက်ခံသော ပြည်သူ့

အရေးတော်ပုံပါတီဝင်များကို တစ်ဦးချင်းအနေဖြင့် လက်ခံရန် ဆုံးဖြတ်ကြသည်။ အကယ်၍ ပြည်သူ့ အရေးတော်ပုံပါတီလည်း ပြန်လည်ဖွဲ့စည်းခြင်းမပြု၊

ကွန်မြူနစ်ပါတီသို့လည်း ဝင်ရောက်ခြင်းမရှိပါက အောက်ပါအချက်များကို ရှောင်ကြဉ်ရန် တိုက်တွန်း မည်ဟု ဆိုကြသည် -

(က) လက်နက်ဝှက်ခြင်း။

(ခ) အင်္ဂလိပ်အား လက်နက်ဖြင့် သူပုန်ထရန် လိုသည်ဟူသော သဘောထားများ ဝါဒ ဖြန့်ခြင်း။

(ဂ) ကရင်-ဗမာစသော လူမျိုးရေးအဓိကရုဏ်း ဖြစ်စေခြင်း။

(ဃ) လူစုလူဝေးနှင့် လုယက်ပွဲများဖြစ်စေခြင်း။

၁၉၄၅ ခုနှစ်၊ ဇူလိုင်လတွင် ကျင်းပသော ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေးတွင် တက်ရောက်လာကြသော ဗဟိုကော်မတီဝင်များ (သခင်စိုး၊

သခင်သန်းထွန်း၊ ကိုထွန်းစိန်၊ ကိုထွန်းသန်း၊ မစောမြ၊ ကိုထွန်းရင်၊ သခင်တင်မြ) က ပြည်သူ့ အရေးတော်ပုံပါတီနှင့် ဆွေးနွေးရန် သခင်စိုးကို ခေါင်းဆောင်ခန့်ကာ

ကိုဗဟိန်းနှင့် သခင်တင်မြတို့ ပါဝင်သော ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။ ယင်း ကော်မတီသည် ပြည်သူ့အရေးတော်ပုံပါတီခေါင်းဆောင် များအား

ကွန်မြူနစ်ပါတီ၏သဘောထားများကို ဆွေးနွေးရမည် ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပြည်သူ့အရေးတော်ပုံပါတီမှ သခင်ချစ်တို့ကလည်း

ပါတီချင်းပူးပေါင်းရေးကို စိတ်ဝင်စားလာသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တော်လှန်ရေးအပြီး ရန်ကုန် မြို့သို့ပြန်ရောက်သည်နှင့် ဦးဗဆွေနှင့် သခင်ချစ်ကို

တွေ့ဆုံခဲ့သည်။ ထို့နောက် ပြည်သူ့အရေးတော်ပုံပါတီ ကို သီးခြားပြန်လည် ဖွဲ့စည်းမနေတော့ဘဲ ကွန်မြူနစ် ပါတီနှင့် ပူးပေါင်းဆောင်ရွက်ရန် မကြာခဏတိုက်တွန်း

ခဲ့သည်။ ကိုဗဟိန်းကိုလည်း ပါတီချင်းပေါင်းစည်းရေး ကို ကြိုးပမ်းဖို့ ပြောခဲ့သည်။

ပြည်သူ့အရေးတော်ပုံပါတီခေါင်းဆောင်တစ်ဦး ဖြစ်သော ဗိုလ်မှူးကြီးနေဝင်းကလည်း တစ်ပါတီတည်း ဖြစ်ရေးအတွက် အထူးလိုလားလျက်ရှိသဖြင့် ကွန်မြူနစ်

ပါတီဝင်များနှင့် မကြာခဏ လာရောက်ဆွေးနွေးခဲ့ သည်။ ပြည်သူ့အရေးတော်ပုံ ပါတီဝင်များက ကွန်မြူ နစ်များအပေါ် သည်းညည်းခံဆောင်ရွက်ရန်လည်း မကြာခဏ

တိုက်တွန်းခဲ့သည်။ သို့သော် ပါတီချင်း ဆွေးနွေးမှုမှာ မပြေလည်ခဲ့ပေ။ ပြည်သူ့အရေးတော်ပုံ ပါတီက တော်လှန်ရေးတပ်ဦးသဘောတူညီချက်တွင် ပါဝင်သည့်အတိုင်း

မဟာမိတ်တို့က လွတ်လပ်ရေး အာမခံချက်မပေးဘဲ ချုပ်ချယ်လာပါက လက်နက်ကိုင် တိုက်ခိုက်ရန် အယူအဆကို စွဲကိုင်ထားသကဲ့သို့ ကွန်မြူနစ်ပါတီကလည်း

ဘရောက်ဒါဝါဒအရ လက်နက်စွန့်၍ မဟာမိတ်တို့နှင့် ပေါင်းစည်းရေးကို သာ တရားသေ ယူဆထားသည်။

ပြည်သူ့အရေးတော်ပုံပါတီသည် နယ်ချဲ့တို့အား လိုအပ်ပါက တော်လှန်တိုက်ခိုက်ရန်အတွက် လက်နက်များကို လျှို့ဝှက်ထားရန် ဆွေးနွေးခဲ့သည်။ ကွန်မြူနစ်ပါတီက

ယင်းအချက်ကို လက်ဝဲသွေဖည် ရေးသဘောထားအဖြစ် သတ်မှတ်လိုက်သည်။ ကွန်မြူ နစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေးအပြီးတွင် ကိုဗဆွေ၊ သခင်ချစ်၊

သခင်ဝတင်တို့သည် မြေနီကုန်း မြေနုလမ်းတွင် သခင်စိုး၊ ကိုဗဟိန်း၊ သခင်တင်မြတို့ နှင့် တွေ့ဆုံပြီး ဆွေးနွေးကြသည်။ ပြည်သူ့အရေးတော်

ပုံပါတီခေါင်းဆောင်များက မာ့ခ်စ်ဝါဒ၊ ဆိုရှယ်လစ် ဝါဒကို ယုံကြည်သူများအချင်းချင်း လက်ဝဲအင်အားစု များညီညွတ်ရေးကို တင်ပြသည်။ ကွန်မြူနစ်ပါတီ၏

စွပ်စွဲချက်များကို ချေပမနေတော့ဘဲ တစ်ပါတီတည်း အဖြစ် ပူးပေါင်းရေးကို ဆွေးနွေးသည်။

သို့သော် ကွန်မြူနစ်ခေါင်းဆောင်များသည် ပြည်သူ့အရေးတော်ပုံပါတီခေါင်းဆောင်များက အလျှော့ပေးဆွေးနွေးသည့်တိုင် လိုက်လျောမှုကိုမပြခဲ့ကြ ပေ။ သခင်စိုးက

ယခင်က ပါတီချင်းပူးပေါင်းခဲ့ဖူးသော် လည်း ပြည်သူ့အရေးတော်ပုံပါတီက စည်းမျဉ်းများကို မလိုက်နာသဖြင့် ကွဲခဲ့ကြရကြောင်းကို ပြန်လည်ဖော် ထုတ်သည်။

ယခုအခါ ထိုကဲ့သို့ အဖွဲ့လိုက် ကွဲထွက် ခြင်းကို အဖြစ်မခံနိုင်သဖြင့် ပြည်သူ့အရေးတော်ပုံ ပါတီဝင်များအနေဖြင့် ကွန်မြူနစ်ပါတီသို့ တစ်ဦးချင်း သာ

ဝင်ရောက်ကြရမည်ဟု ဆိုသည်။ ကွန်မြူနစ်ပါတီ သည် ပြည်သူ့အရေးတော်ပုံပါတီဝင် တစ်ဦးချင်းကို စိစစ်ပြီးမှ လက်ခံမည်။ လက်မခံလိုသူများကို လက်မခံ။

ကိုဘဆွေ၊ ဗိုလ်မှူးကြီးနေဝင်းနှင့် သခင်ချစ်တို့ကို လက်ခံမည်ဖြစ်သော်လည်း ကိုကျော်ငြိမ်းနှင့် ရန်ကုန် ဘဆွေတို့ကို လက်မခံနိုင်ကြောင်း သခင်စိုးက အပြင်း အထန်

ဆွေးနွေးပြောကြားခဲ့သည်။

သခင်စိုးတင်ပြသည့် ပါတီဝင်တစ်ဦးချင်း စိစစ် လက်ခံရေးမှာ ပြည်သူ့အရေးတော်ပုံပါတီအား တန်းတူ ရည်တူ ပါတီတစ်ရပ်အနေနှင့် အသိအမှတ်ပြုခြင်းမျိုး

မဟုတ်သဖြင့် ပြည်သူ့အရေးတော်ပုံပါတီ ခေါင်းဆောင် များက လက်မခံနိုင်ကြပေ။ ဦးဘဆွေက အဖွဲ့လိုက် ပူးပေါင်းရေးကို ထပ်မံတင်ပြသည်။ နိုင်ငံရေးသဘော

ထားများတွင် သဘောတူညီမှု အတန်အသင့်ရသော် လည်း တစ်ပါတီတည်းဖြစ်ရေးတွင်မူ သဘောတူညီချက် မရနိုင်တော့ပေ။ ထို့ကြောင့် ဆွေးနွေးပွဲမှာ အောင်မြင်

မှုမရရှိဘဲ ပြီးဆုံးသွားရတော့သည်။

ကွန်မြူနစ်များသည် ဒုတိယအကြိမ် ပါတီ ကွန်ဂရက်ကျင်းပနိုင်ရေးကိုသာ စီမံစိုင်းပြင်းနေကြ တော့သည်။ ပြည်သူ့အရေးတော်ပုံပါတီဝင်များမှာ ဖတပလတွင်

ပါဝင်ဆောင်ရွက်ကြရင်းမှ ကွန်မြူနစ် ပါတီနှင့်မသက်ဆိုင်သော ပါတီတစ်ရပ် ထူထောင်ရန် ကြိုးစားလာကြသည်။ ပြည်သူ့အရေးတော်ပုံပါတီဝင် များကို

ဆိုရှယ်လစ်များ ဟု လူသိများလာသည်။ သခင်စိုးနှင့် သခင်သန်းထွန်းတို့၏ ကွန်မြူနစ်ပါတီဝင် များမှာ ကွန်မြူနစ်များအဖြစ် ထင်ရှားလာသည်။ ကွန်မြူနစ်များသည်

လက်ဝဲဝါဒအယူရှိသူ မာ့ခ်စ်ဝါဒီ မှန်သမျှ ယင်းတို့၏ပါတီဝင်မဟုတ်ပါက ပုတ်ခတ် တိုက်ခိုက်လာကြသည်။ ယင်းတို့သာ ကွန်မြူနစ်အစစ် များ ဖြစ်သည်ဟု

ယူဆလာကြသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးသမိုင်းတွင် ပေါ်ပေါက် ခဲ့သော မာ့ခ်စ်ဝါဒီများတွင် တစ်ဦးချင်း အယူအဆ ကွဲလွဲမှုများရှိခဲ့ကြသော်လည်း ယခုအကြိမ် ကွန်မြူနစ်၊ ဆိုရှယ်လစ်

အုပ်စုကွဲမှုမှာမူ ဂိုဏ်းဂဏအလိုက်၊ အဖွဲ့ အစည်းအလိုက် ကွဲခြင်းဖြစ်ရာ ကွန်မြူနစ်များ၏ ပထမဆုံးအုပ်စု ကွဲပြားခြင်းဟုပင် ဆိုနိုင်သည်။

ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ

ပါတီကွန်ဂရက်မကျင်းပမီ ၁၉၄၅ ခုနှစ်၊ ဇူလိုင်လ ဒုတိယပတ်တွင် ကွန်မြူနစ်များသည် ဗမာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားသမဂ္ဂဖွဲ့စည်းရေးအတွက် ဗဟို

စည်းရုံးရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်သည်။ ထို့နောက် ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ၏ ရည်မှန်းချက်အဖြစ် အောက်ပါတို့ကို ချမှတ်ခဲ့သည်-

(၁) အလုပ်သမား လူတန်းစား ဘဝသာယာ ဖြောင့်ဖြူးရေး၊

(၂) ပြည့်ဝသော ဒီမိုကရေစီအခွင့်အရေးများ ခံစားရရှိရေး၊

(၃) အမျိုးသားလွတ်လပ်ရေး တိုးတက်ခိုင်မာ ရေး၊

(၄) ကမ္ဘာ့ငြိမ်းချမ်းရေး၊

(၅) အလုပ်သမားလူတန်းစား ညီညွတ်ရေး၊

ဗဟိုစည်းရုံးရေးကော်မတီ၏ ဥက္ကဋ္ဌမှာ ကိုဗဟိန်း ဖြစ်ပြီး ဒုတိယဥက္ကဋ္ဌမှာ ကိုအောင်သန်း (စာရေးဆရာ မြဒေါင်းညို) ဖြစ်သည်။ အတွင်းရေးမှူး သခင်ဗတင်

(ကွယ်လွန်သူ လက်သီးပုန်းသခင်ဗတင်)ဖြစ်ပြီး အဖွဲ့ ဝင်များမှာ ဦးကျော်ငြိမ်း(အာရ်အီးတီ၊ တောခို၊ သေဆုံး)၊ ရဲဘော်မူကာဂျီ(ဗကပ၊ သေဆုံး)၊ ဆရာရာဂျန် (ယခင်

သခင်ကျော်စိန်အစုဝင်၊ နောင် ဗကပခေါင်းဆောင်၊ ထောင်ကျ)၊ ကိုထွန်းစိန်၊ ကိုသက်တင်(ပီကင်းပြန်)၊ ကိုအောင်ဝင်း၊ ကိုအောင်ကြီး (ပီကင်းပြန်)နှင့် ကိုမြင့်ဆွေတို့

ဖြစ်သည်။ ဦးကိုကိုကြီး (ဆိုရှယ်လစ်ပါတီ ဥက္ကဋ္ဌဟောင်း)သည် သမဂ္ဂဗဟို စည်းရုံးရေးကော်မတီ တွင် ပါဝင်ခဲ့သော်လည်း သမဂ္ဂဖွဲ့ခါနီးတွင် ပြည်သူ့

အရေးတော်ပုံပါတီသို့ ကူးပြောင်းသွားသည်။ ဗိုလ်ဗတင် သည် တပ်မတော်မှနုတ်ထွက်ပြီးမှ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခြင်းဖြစ်သည်။

စင်စစ် ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းရန် ကြိုးစားခြင်းမှာ ပါတီကွန်ဂရက်အမီ ကြိုတင်ပြင်ဆင်ခြင်းတစ်ရပ်သာ ဖြစ်သည်။ နိုင်ငံရေး

အခြေခံလူတန်းစားအရလည်း ဖြစ်သည်။ မြန်မာနိုင်ငံ တွင် စက်ရုံ၊ အလုပ်ရုံတို့ ရှိသင့်သလောက် ရှိနေပြီဖြစ် သော်လည်း အလုပ်သမားလူတန်းစားမှာမူ ရေနံမြေ

တွင်သာ အင်အားကောင်းခဲ့သည်။ ဂျပန်ခေတ်ကာလ အတွင်း ရေနံချက်စက်ရုံများအပါအဝင် စက်ရုံ၊ အလုပ် ရုံများတွင် အလုပ်လုပ်ကြရသူများမှာ အလုပ်သမား

လူတန်းစားအသွင် ဖြစ်ပေါ်လာခြင်း မရှိကြပေ။ ဂျပန် ခေတ် အလုပ်သမားဆိုသည်မှာ အကျဉ်းသားများ၊ အချုပ်သားများ၊ စစ်သုံ့ပန်းများ၊ အတင်းအဓမ္မ ဖမ်းဆီး

ခေါ်ယူလာသည့် ပျံကျများသာဖြစ်ရာ လူတန်းစား တစ်ရပ်အဖြစ် တည်မြဲနေခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ကွန်မြူနစ်ပါတီသည် လူတန်းစားအခြေခံစည်းရုံးရေး အတွက်

အလုပ်သမားများသမဂ္ဂကို ထူထောင်ခဲ့ရ သည်။ စတာလင်ကသတ်မှတ်ထားသည့် တော်လှန်ရေး ၏ အခြေခံလူတန်းစားမှာ အလုပ်သမားလူတန်းစား ဖြစ်သည်။

ထို့ကြောင့် ကွန်မြူနစ်ပါတီသည် အခြေခံ လူတန်းစားအဖြစ် အလုပ်သမားများကို သတ်မှတ်နိုင် ရန် အရေးကြီးနေခဲ့ရသည်။

ကွန်မြူနစ်ပါတီသည် ဘရောက်ဒါဝါဒကို လက်ခံ နိုင်ရေးအတွက် သခင်တင်မြနှင့် သခင်သန်းမြိုင်တို့ ဦးစီးသော သင်တန်းတစ်ရပ်ကိုလည်း ပါတီဌာနချုပ် တွင်

အပူတပြင်း ဖွင့်လှစ်ကြသည်။ ထိုသင်တန်းသည် သင်တန်းသားများအား ဘရောက်ဒါဝါဒ၏ ငြိမ်းချမ်း စွာ ဖြစ်ပေါ်ရေးဝါဒကို သင်ကြားပို့ချခဲ့သည်။

ကွန်ဂရက်စတင်ရန်ရက် နီးကပ်လာမှသာ သင်တန်း ကို ရပ်ဆိုင်းလိုက်ရသည်။
ဒုတိယအကြိမ် ပါတီကွန်ဂရက်ကျင်းပခြင်း

ပါတီကွန်ဂရက်ကို ၁၉၄၅ ခုနှစ်၊ ဇူလိုင်လ ၂ဝ ရက်တွင် ဗားကရာလမ်းရှိ ကွန်မြူနစ်ပါတီဌာနချုပ် တွင် ကျင်းပရန်သတ်မှတ်ထားလေရာ ဇူလိုင်လ ၁၅ ရက်မှစ၍

နယ်ကိုယ်စားလှယ်များ ရောက်လာကြ သည်။ ကိုယ်စားလှယ်များကို သခင်တင်မြဦးဆောင် သည့် ပါတီကွန်ဂရက် ကိုယ်စားလှယ်စိစစ်ရေးအဖွဲ့က စိစစ်ရွေးချယ်သည်။

မဲပေးနိုင်ခွင့်ရှိသော ကိုယ်စား လှယ်နှင့် အကြံဉာဏ်သာပေးနိုင်သော ဧည့်သည် ကိုယ်စားလှယ်ဟူ၍ ခွဲခြားသတ်မှတ်သည်။ ကွန်ဂရက် သို့

တက်ရောက်ခွင့်ရသော်လည်း မဲပေးခွင့်မရှိသူများ မှာ မကျေမနပ်နှင့် ဖြစ်လာကြသည်။ ကိုယ်စားလှယ် နှင့် ဧည့်သည် ၂ဝဝ ခန့်ရှိရာ စည်းကမ်းပျက်သူများ လည်း

ပါလာသည်။ အရက်မူးပြီး ဆူပူသောင်းကျန်းသူ များရှိသကဲ့သို့ အမျိုးသမီးရဲမေများအား ထိကပါး ရိကပါးလုပ်သူများ၊ ရဲမေများ အဝတ်အစားလဲနေသည် ကို

ချောင်းမြောင်းကြည့်ရှုသူများလည်း ပါလာသည်။ အရက်မူးနေသောကိုယ်စားလှယ်တစ်ဦးမှာ သခင် သန်းထွန်းကိုပင် သတ်မည်ဟု ခြောက်လုံးပြူးကိုင်ပြီး

ကြုံးဝါးခဲ့သည်။

ပါတီကွန်ဂရက်ကျင်းပရန် နှစ်ရက်အလိုတွင် ပဲခူးခရိုင်မှ ကိုကြီးမြင့်၊ ကိုတင်မြင့်နှင့် ရဲဘော်သုံးဦး အား ပါတီကိုယ်စားလှယ်များစာရင်းမှ ပယ်ဖျက်ရန်၊ ကွန်ဂရက်သို့

တက်ရောက်ခွင့်မပြုရန် သခင်စိုးက ဗဟိုကော်မတီသို့ တင်ပြသည်။ ထိုရဲဘော်များသည် ဗဟိုဦးစီးစနစ်ကို မနာခံဟူ၍လည်းဆိုသည်။ စင်စစ် အဆိုပါပုဂ္ဂိုလ်များသည်

အင်္ဂလိပ်ထံမှ လွတ်လပ်ရေး ကို ငြိမ်းချမ်းစွာမရနိုင်၊ လက်နက်ကိုင်တိုက်မှ ရနိုင်မည် ဟု ယူဆထားသူများဖြစ်သည်။ ယင်းတို့၏အယူအဆ ကို ကိုကြီးမြင့်က ပါတီသို့

တင်ပြထားသည်။ သခင်စိုး က ကိုကြီးမြင့်တို့လူစုအား ပါတီဆိုင်းဘုတ်များ အမြန် တင်ကြရန် ညွန်ကြားချက်ကို မလိုက်နာခြင်း၊ လက်နက် များဝှက်ထားခြင်းတို့အတွက်

ပါတီကိုယ်စားလှယ်များ အဖြစ်မှ ပယ်ဖျက်လိုက်သည်။

ပဲခူးတောင်ပိုင်း စည်းရုံးရေး အဖွဲ့ဝင်များ ကိုယ်စားလှယ်စာရင်းမှ ပယ်ဖျက်ခံရသော်လည်း ပဲခူး မြောက်ပိုင်းမှ သခင်ဇင်(ဗကပ ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ အသေမိ)နှင့်

ရဲဘော်များမှာမူ ကွန်ဂရက်သို့ တက်ခွင့် ရကြသည်။ သခင်ဇင်တို့လူစုက ကိုကြီးမြင့်တို့ကို ကွန်ဂရက်တက်ခွင့်မပေးလျှင် ယင်းတို့လည်း ကွန်ဂရက် သို့

မတက်ဟုဆိုကာ အရေးဆိုလာသောကြောင့် အတော်ပင် ဆွေးနွေးကြရသေးသည်။ အချို့ကိုယ်စား လှယ်များမှာ မဲပေးခွင့်မရဘဲ အကြံဉာဏ်သာ ပေးခွင့် ရသဖြင့်

ကွန်ဂရက်ကို မတက်တော့ဘဲ နေရပ်သို့ ပြန် သွားကြသည်။ အချို့မှာမူ ပါတီကချမှတ်ထားသည့် ငြိမ်းချမ်းစွာဖြစ်ပေါ်ရေးသဘောတရား(ဘရောက်ဒါ ဝါဒ)ကို

လက်မခံနိုင်သဖြင့် ပြည်သူ့အရေးတော်ပုံပါတီ သို့ ကူးပြောင်းသွားသည်။ ထိုသူများမှာ ရခိုင်ခေါင်း ဆောင် ဗုံပေါက်သာကျော်နှင့် မောင်လှကျော်၊ ရေနံမြေ မှ

သခင်လွင်(ပမညတ ခေါင်းဆောင်)၊ မြန်အောင်မှ သခင်ချစ်မောင်(ဖဆပလ ဝန်ကြီးဟောင်း)၊ ဟင်္သာတမှ ကိုတင်ထွန်း(ဒုတိယဗိုလ်မှူးကြီးဟောင်း)တို့ဖြစ်ကြ သည်။

ပြည်သူ့အရေးတော်ပုံပါတီမှ လေ့လာသူအဖြစ် တက်ရောက်လာကြသူများမှာလည်း ဘရောက်ဒါဝါဒ ကို လက်မခံနိုင်သဖြင့် ပြန်သွားကြသည်။

ထိုအချိန်တွင် စစ်တောင်းမြစ်ဝှမ်းတိုက်ပွဲမှာ ပြင်းထန်နေဆဲဖြစ်ရာ တပ်မတော်မှ ကွန်မြူနစ်ပါတီဝင် တပ်မှူးများနှင့် တောင်ငူခရိုင်မှ ပြောက်ကျားခေါင်း

ဆောင်များမှာ ပါတီကွန်ဂရက်သို့ ရောက်မလာနိုင်ကြ ပေ။ သို့နှင့် ပါတီကွန်ဂရက်ကို ၁၉၄၅ ခုနှစ်၊ ဇူလိုင်လ ၂ဝ ရက် နံနက်၌ ပါတီဌာနချုပ်အပေါ်ထပ်တွင် စတင်

ကျင်းပသည်။ ကွန်ဂရက်၏ သဘာပတိအဖြစ် သခင် သန်းထွန်းကဆောင်ရွက်ပြီး အတွင်းရေးမှူးအဖြစ် သခင်မြသွင် (ဗဟိုကုန်သွယ်ရေးလုပ်ငန်းစိစစ်ရေး အဖွဲ့ဝင်)

က ဆောင်ရွက်သည်။ သခင်မြသွင်သည် အခမ်းအနားမှူးအဖြစ် အစည်းအဝေးအစီအစဉ်များ ကို ကြေညာသွားသည်။

သခင်သန်းထွန်းက သဘာပတိမိန့်ခွန်းကို ပြော ကြားရာ ကမ္ဘာပေါ်တွင် ဒီမိုကရေစီ မဟာမိတ်နိုင်ငံ များက ဖက်ဆစ်ဝါဒအပေါ် အောင်ပွဲဆင်နေချိန်၊ မြန်မာနိုင်ငံတွင်

ကွန်မြူနစ်ပါတီပါဝင်သော ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကြီးက စစ်ရေးအရ အောင်ပွဲဆင်နေချိန်တွင် ကွန်ဂရက်ကို ကျင်းပရခြင်းကြောင့်

ဤကွန်ဂရက်အား စစ်နိုင် ကွန်ဂရက်ဟု ကင်ပွန်းတပ်လိုက်သည်။ သဘာပတိ မိန့်ခွန်းအပြီးတွင် သခင်စိုးက အထွေထွေအတွင်းရေး မှူး၏ အစီရင်ခံစာကို

တင်သွင်းသည်။ သခင်စိုး၏ အစီရင်ခံစာတွင် အပိုင်း ၅ ပိုင်း ပါဝင်သည်။ ပထမ ပိုင်းမှာ နိဒါန်းပိုင်းဖြစ်ပြီး ဒုတိယပိုင်းမှာ ကမ္ဘာ့အခြေ အနေ၊ တတိယပိုင်းမှာ

ဗမာ့အခြေအနေ၊ စတုတ္ထပိုင်း မှာ ဒီမိုကရေစီသမ္မတနိုင်ငံထူထောင်ရေး၊ ပဉ္စမပိုင်းမှာ လူနည်းစုပြဿနာတို့ကို ဖော်ပြထားသည်။

သခင်စိုးက ကွန်မြူနစ်ပါတီသည် ၁၉၄၁ ခုနှစ်မှ စ၍ ဖက်ဆစ်ဆန့်ကျင်ရေးကို ချမှတ်လုပ်ဆောင်လာပုံ၊ ဖက်ဆစ်ဂျပန်တို့လက်အောက်တွင် မြေအောက် လုပ်ငန်းကို

သက်စွန့်ဆံဖျားလုပ်ခဲ့ကြပုံ၊ ပါတီဝင်များ တိုးပွားလာပုံတို့ကို နိဒါန်းပိုင်းမှာ တင်ပြထားသည်။

ကမ္ဘာ့အခြေအနေနှင့် ပတ်သက်၍ ကွန်မြူနစ် များ ကြိုတင်နိမိတ်ဖတ်ခဲ့သည့်အတိုင်း ပြည်သူတို့ လက်တွင်းသို့ အာဏာသက်ဆင်းနေပုံကို ဖော်ပြထား သည်။

ဆိုဗီယက်ယူနီယံနှင့် မဟာမိတ်များ၏ ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲကြီးအောင်မြင်ပုံ၊ ဥရောပတွင် ကွန်မြူနစ်နှင့် ဆိုရှယ်လစ်များ လွှမ်းမိုးလာပုံတို့ကို တင်ပြပြီးနောက်

ဖက်ဆစ်ဝါဒကို ဆက်လက်၍ အကြမ်းဖက်ချေမှုန်းရမည်ဖြစ်သော်လည်း မဟာမိတ် များနှင့် ပတ်သက်၍မူ နိုင်ငံရေးအရသာ ဖြေရှင်းရ မည်ဟု ဆို၏။

သခင်စိုး၏အစီရင်ခံစာမှာ ဘရောက်ဒါ ဝါဒကို အမွှမ်းတင်လိုက်ခြင်းပင် ဖြစ်သည်။

ဗမာ့အခြေအနေကို တင်ပြရာတွင် ဖက်ဆစ်လက် အောက်မှ လွတ်မြောက်သွားသည်မှန်သော်လည်း လက်ဝဲသွေဖည်ရေးကြောင့် တိုးတက်သင့်သလောက်

မတိုးတက်ဟု ဝေဖန်ထားသည်။ မျက်မမြင်လူမျိုးရေး ဝါဒ(ရံဖန်ရံခါ မျက်ကန်းမျိုးချစ်များ၏ဝါဒ)နှင့် လက်ဝဲ သွေဖည်ရေးအမှားကို အမြန်ပြင်ဖို့ လိုသည်ဟုလည်း

ဆိုသည်။ ဖတပလ အဖွဲ့ချုပ်နှင့် ပတ်သက်၍ လွတ်လပ် ရေးရရှိရန် ဓနရှင်များနှင့် ပူးပေါင်းတိုက်ပွဲဝင်သော် လည်း လွတ်လပ်ပြီးပါက ဓနရှင်လွှမ်းမိုးမှုကို တိုက်ဖျက်

ရမည်ဟု ဆိုသည်။

ကိုလိုနီလွတ်မြောက်ရေးလုပ်ငန်းစဉ်သည် ဓနရှင် လွတ်မြောက်ရေးလုပ်ငန်းပင်ဖြစ်သည့်အလျောက် အလုပ်သမားလူတန်းစားသည် လယ်သမားများနှင့်

မဟာမိတ်ဖွဲ့၍ မြန်မာ့ဒီမိုကရေစီသမ္မတနိုင်ငံ ထူထောင် ရမည်ဟုလည်း ဆိုသည်။

လူနည်းစုပြဿနာအရ ရှမ်း၊ ကရင်၊ ရခိုင်၊ မွန်၊ တောင်သူ၊ ပလောင် စသော တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လုံးဝခွင့်ပြုရမည်ဟု ဆို၏။ သခင်စိုးသည်

အစီရင်ခံစာအပေါ် အခြေပြု၍ အသေးစိတ်သဘောထားများကို ပထမနေ့ တစ်နေ့လုံး ရှင်းလင်းတင်ပြခဲ့သည်။ သခင်စိုး၏အစီရင်ခံစာကို ကန့်ကွက်မည့်သူမရှိဘဲ

ထောက်ခံဆွေးနွေးပြီးနောက် အတည်ပြုလိုက်ကြသည်။ သို့နှင့် သခင်စိုး တင်ပြသော ဘရောက်ဒါဝါဒလမ်းစဉ်သည် ကွန်မြူနစ်ပါတီ၏ တရားဝင်

နိုင်ငံရေးလမ်းစဉ်အဖြစ် သတ်မှတ်ပြီးသား ဖြစ်သွားသည်။ မစောမြ၏ အမျိုးသမီးဌာန အစီရင်ခံ စာကိုလည်း ကွန်ဂရက်က အတည်ပြုလိုက်သည်။ သခင် မြသွင်က

ပါတီဖွဲ့စည်းပုံ စည်းမျဉ်းဥပဒေအသစ်ကို တင်သွင်းသည်။ ယင်းစည်းမျဉ်းဥပဒေသစ်မှာ အိန္ဒိယ ကွန်မြူနစ်၏ ဖွဲ့စည်းပုံကို အခြေခံ၍ သခင်သန်းထွန်း က

ရေးဆွဲတင်ပြခြင်းဖြစ်သည်။ အစည်းအဝေးက ဝေဖန်ဆွေးနွေးပြီး စည်းမျဉ်းဥပဒေအသစ်ကို အတည် ပြုလိုက်သည်။

ထို့နောက် ပါတီကွန်ဂရက်သည် အောက်ပါအဆို များကို ဗဟိုကော်မတီက ဦးစီးတင်သွင်းပြီးနောက် ဆုံးဖြတ်ချက်ချသည်။

(၁) ဗမာနိုင်ငံ အုပ်ချုပ်ရေးနှင့် ပတ်သက်သော ဆုံးဖြတ်ချက်။

(၂) လက်ဝဲသွေဖည်ရေးနှင့် ပတ်သက်သော ဆုံးဖြတ်ချက်။(ပြည်သူ့အရေးတော်ပုံပါတီ နှင့် သဘောတူခဲ့ဖူးသော တော်လှန်ရေး တပ်ဦးသဘောတူညီချက်ကို

ပယ်ဖျက် ခြင်း။)

(၃) အလုပ်သမားသမဂ္ဂနှင့် ပတ်သက်သော ဆုံးဖြတ်ချက်။

(၄) လူမျိုးစုများနှင့်ပတ်သက်သောဆုံးဖြတ်ချက်။

(၅) ပါတီစည်းရုံးရေးနှင့် ပတ်သက်သော ဆုံးဖြတ်ချက်။
သခင်စိုးအား ပါတီဝင်အဖြစ်မှ ရပ်စဲခြင်း

ထို့နောက်တွင် ကွန်မြူနစ်ပါတီ ကွန်ဂရက် ကိုယ်စားလှယ်များသည် သခင်စိုး၏ အိမ်ထောင်ရေး စည်းမျဉ်းဖောက်ဖျက်မှုအား အကြိတ်အနယ် ဆွေးနွေး

ကြရတော့သည်။ သခင်စိုး၏ကိစ္စကို အစည်းအဝေး ဆဌမမြောက်နေ့တွင် ဆွေးနွေးကြခြင်းဖြစ်ရာ သခင် စိုးသည် ကွန်ဂရက်သို့မတက်ရောက်ဘဲ နေသည်။

သခင်စိုးသည် အိမ်ထောင်ရေးစည်းမျဉ်းဖောက်ဖျက် သည်။ အိမ်ထောင်ဟောင်းနှင့် မပြတ်စဲမီ အိမ်ထောင် သစ်ထူသည်။ ပါတီခေါင်းဆောင်မှု ထိခိုက်စေသည်

ဟူသော စွပ်စွဲချက်များဖြင့် သခင်စိုးအား အပြစ်ပေး ထိုက်ကြောင်း တင်ပြလာသူများမှာ အိန္ဒိယပြည် အထူး ကလာပ်စည်းအဖွဲ့ဝင်များဖြစ်သော ကိုကျော်ရင်

(ကွယ်လွန်သူ ပါမောက္ခဟောင်း)နှင့် ကိုစိုးမောင် (တောခို၊ သေဆုံး ဗိုလ်မှူးချစ်ကောင်း)တို့ ဖြစ်သည်။ သခင်သန်းထွန်းနှင့် သခင်တင်မြက သခင်စိုးအား

အပြစ်ပေးပြီးဖြစ်သဖြင့် မပေးထိုက်ကြောင်း ချေပသည်။

အကြိတ်အနယ်ဆွေးနွေးကြရာမှ သခင်စိုးအား အပြစ်ပေးရေး၊ မပေးရေးကို မဲခွဲဆုံးဖြတ်ရတော့သည်။ အပြစ်ပေးရေးအဆိုဘက်မှ အနိုင်ရရှိရာ သခင်စိုး သည်

ပါတီဝင်အဖြစ်မှ (၂)နှစ်ကြာ ရပ်စဲခံရတော့ သည်။ ယခုကဲ့သို့ သခင်စိုး အရေးယူခံရခြင်းမှာ သခင် သန်းထွန်း၏ခေါင်းဆောင်မှုကို တက်လာစေသကဲ့သို့

ကွန်မြူနစ်ပါတီ နှစ်ခြမ်းကွဲရန် အခြေခံအချက်များပင် ဖြစ်သည်။

ဗဟိုကော်မတီအသစ်

၁၉၄၅ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်တွင် ပါတီ ကွန်ဂရက်ကို နောက်ဆုံးနေ့အဖြစ် ဆက်လက်ကျင်းပ သည်။ ယင်းအစည်းအဝေးတွင် အင်္ဂလန်ရွေးကောက် ပွဲတွင်

အနိုင်ရရှိသွားသော မစ္စတာအက်တလီ၏ လေဘာပါတီကို ချီးကျူးဂုဏ်ပြုကြောင်း ကြေးနန်းပို့ရန် သဘောတူလိုက်ကြပြီးမှ ဗဟိုကော်မတီရွေးကောက်ပွဲ ကို

ပြုလုပ်ကြသည်။ ဗဟိုကော်မတီကို ဦးဆောင်ရန် အတွက် ပါတီ၏ အထွေထွေအတွင်းရေးမှူးအဖြစ် အိန္ဒိယတွင်ရှိသော ကိုသိန်းဖေကို သခင်သန်းထွန်းက

အဆိုတင်သွင်းရာ အားလုံးက ထောက်ခံကြသည်။ ထို့နောက် ဗဟိုကော်မတီဝင်လောင်းများ၏ အမည် စာရင်း(လူ ၄ဝ ခန့်)ကို တင်သွင်းကြသည်။ ထို့နောက်

ကိုယ်စားလှယ်များက မဲပေးဆုံးဖြတ်ပြီးနောက် အရွေး ချယ်ခံရသော ဗဟိုကော်မတီဝင်များကို ကြေညာသည်။

ဒုတိယအကြိမ် ပါတီကွန်ဂရက်မှ ရွေးချယ်တင်မြှောက်သည့်ဗဟိုကော်မတီဝင်များ

(၁) ကိုသိန်းဖေ (သိန်းဖေမြင့်၊ ကွယ်လွန်) အထွေထွေအတွင်းရေးမှူး

(၂) ကိုကျော်ရင် (ကွယ်လွန်သူ ပါမောက္ခ ဦးကျော်ရင်)

(၃) ဗိုလ်မှူးကျော်ဇော (ဗိုလ်မှူးချုပ်ဟောင်း၊ တောခို)

(၄) ဗိုလ်မှူးသိန်းတန်(လမ်းစဉ်ပါတီဌာနချုပ် မှ ဦးသိန်းတန်)

(၅) ကိုဗဟိန်း(ကွယ်လွန်)

(၆) သခင်မြသွင် (ဗဟိုကုန်သွယ်ရေးလုပ်ငန်း စိစစ်ရေး)

(၇) သခင်သန်းဖေ(တောင်ငူ သခင်သန်းဖေ၊ တောခို၊ သေဆုံး)

(၈) သခင်သန်းထွန်း (တောခို ဗကပ ဥက္ကဋ္ဌ၊ အသေမိ)

(၉) သခင်သန်းမြိုင် (တောခို၊ ဗကပ)

(၁ဝ) ကိုအုန်းမောင် (ဗကပ ခေါင်းဆောင်ဟောင်း)

(၁၁) ကိုလှသောင်း (လမ်းစဉ်ပါတီဌာနချုပ်)

(၁၂) သခင်ဇင်(တောခို၊ သေဆုံး)

(၁၃) ကိုလှိုင် (တောခို၊ သေဆုံး)

(၁၄) ရဲဘော်ဌေး (တောခို၊ အချင်းချင်း လုပ်ကြံ သတ်ဖြတ်ခံရ)

(၁၅) သခင်တင်ထွန်း (ဗကပ ဗဟိုကော်မတီ၊ အသေမိ)

(၁၆) ကိုအောင်သူ

(၁၇) ကိုထွန်းရင် (အလံနီ ဗဟိုကော်မတီဟောင်း)

(၁၈) ကိုထွန်းသန်း(တောခို၊ ဗကပ သတ်၍သေ)

(၁၉) ကိုတင်ရွှေ (တောခို၊ သေဆုံး)

(၂ဝ) ခင်ကြည်ကြည်(သိန်းဖေမြင့်၏ဇနီး)

(၂၁) မစောချစ် (ဒေးဒရဲ)

ဗဟိုကော်မတီ စည်းရုံးရေးမှူးများ

(၁) ကိုထွန်းစိန် (ရေနံမြေ)

(၂) ကိုသက်တင် (ပီကင်းပြန်)

(၃) ကိုမြ(ရဲဘော်မြ၊ တောခို၊ လက်နက်ချ၊ ကွယ်လွန်)

(၄) ကိုထွန်း (တောခို၊ သေဆုံး)

(၅) ကိုထွန်းလှ(ဗန်းမော်၊ တောခို၊ သေဆုံး)

(၆) ကိုမြင့်ဆွေ(ကုန်သွယ်ရေး)

(၇) ကိုမောင်မောင်စိန်(ဗကပ)

(၈) သခင်တင်မြ

(၉) မစောမြ

သခင်သန်းထွန်းက တနင်္သာရီတိုင်း နိုင်ငံရေးမှူး တာဝန်ထမ်းဆောင်နေသူတစ်ဦးအား ဗဟိုကော်မတီ ဝင်အဖြစ် အမည်မဖော်ဘဲ တင်သွင်းရာ ကွန်ဂရက် က

အတည်ပြုသည်။ ထိုသူမှာ သခင်ဗသိန်းတင် ဖြစ်သည်။

သခင်တင်မြနှင့် မစောမြမှာ မဲအရနည်းသဖြင့် ဗဟိုကော်မတီမဖြစ်ခဲ့ပေ။ သို့သော် သခင်သန်းထွန်းက ဗဟိုကော်မတီ စည်းရုံးရေးမှူးအဆင့်မှ ဗဟိုကော်မတီ

ဝင်အဖြစ်ကို တိုးမြှင့်ပေးရန်တောင်းဆိုရာ ကွန်ဂရက်က သဘောတူသဖြင့် သခင်တင်မြနှင့် မစောမြမှာ ဗဟို ကော်မတီဝင်များ ဖြစ်သွားကြသည်။

ထို့အပြင် အထွေထွေအတွင်းရေးမှူးလုပ်သူ ကိုသိန်းဖေမှာ အိန္ဒိယတွင်ရှိနေသေးသဖြင့် ခေတ္တ အထွေထွေအတွင်းရေးမှူးအဖြစ် သခင်မြသွင်အား ဆောင်ရွက်ရန်

သခင်သန်းထွန်းက အဆိုတင်သွင်း ပြန်သည်။ ကွန်ဂရက်က သဘောတူလိုက်သည်။ ထို့နောက် သခင်သန်းထွန်းက သဘာပတိမိန့်ခွန်း ပြောကြားပြီး

ကွန်ဂရက်ကို ရုပ်သိမ်းလိုက်သည်။ နောက်တစ်နေ့တွင် ဗဟိုကော်မတီအစည်းအဝေးထိုင် ပြီး နိုင်ငံရေးဦးဆောင်အဖွဲ့၊ စည်းရုံးရေးဌာန၊ ဝါဒ ဖြန့်ချိရေးနှင့်

လှုံ့ဆော်ရေးဌာန၊ လူထုစည်းရုံးရေးနှင့် အမျိုးသမီးဌာနတို့တွင် တာဝန်ထမ်းဆောင်မည့်သူ များကို ရွေးချယ်သည်။ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်များ မှာ ကိုသိန်းဖေ၊

သခင်သန်းထွန်း၊ ကိုသန်းဖေ၊ သခင် မြသွင်၊ ကိုဗဟိန်းတို့ဖြစ်သည်။ စည်းရုံးရေးဌာနမှူးမှာ သခင်တင်မြ၊ ဝါဒဖြန့်ချိရေးနှင့် လှုံ့ဆော်ရေးဌာနမှူး အဖြစ် သခင်သန်းမြိုင်၊

လူထုစည်းရုံးရေးမှူး သခင် တင်ထွန်းနှင့် အမျိုးသမီးဌာနမှူးမှာ မစောမြဖြစ်သည်။

ဒုတိယအကြိမ် ကွန်မြူနစ်ပါတီကွန်ဂရက်သည် ဘရောက်ဒါဝါဒကို အတိအလင်း လက်ခံလိုက်ခြင်း၊ ဆိုရှယ်လစ်များနှင့် လုံးဝလမ်းခွဲခြင်း၊ သခင်စိုးအား

အရေးယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး မြေပေါ်ပါတီကို လည်း တတ်နိုင်သမျှ စနစ်တကျဖြစ်အောင် ကြိုးစား ဖွဲ့စည်းခဲ့သော ကွန်ဂရက်ဖြစ်သည်။

Popular posts from this blog

ပြည်တွင်းသောင်းကျန်းမှုသမိုင်း (အပိုင်း ၁၈)

ပြည်တွင်းသောင်းကျန်းမှုသမိုင်း (အပိုင်း ၈)

ပြည်တွင်းသောင်းကျန်းမှု သမိုင်း(အပိုင်း ၁၅)