အသိခေါက်ခက် အဝင်နက်

    မြန်မာတို့ပြောဆိုအသုံးပြုလေ့ရှိသည့် နှောင်းခေတ်လူငယ်တို့အတွက် မှတ်သားစရာများသာ ဖြစ်သည်။ မြန်မာမှုနယ်ပယ်တွင် မြန်မာစကားပုံများ၊ မြန်မာဆိုရိုးစကားများနှင့် ရှေ့ခေတ်ကစာဆိုတော်ရဟန်း၊ ရှင်၊ လူများရေးသားခဲ့သော ဆုံးမစာများသည် လေ့လာမှတ်သားလို့မကုန်နိုင်အောင်ပင်ဖြစ်သည်။ လူသားတို့ ကောင်းကျိုးအတွက် ဗုဒ္ဓမြတ်စွာဟောကြားခဲ့သော မင်္ဂလသုတ်သည် လူသားတို့ဘဝခရီးလမ်း သို့တည်း မဟုတ် ဘဝတစ်သက်တာလိုက်နာကျင့်ကြံဖွယ်များသာဖြစ်သည်။ မင်္ဂလသုတ်ပရိတ်တော်အတိုင်း လိုက်နာ ပြုကျင့်ပါလျှင် ရန်သူအားလုံးအပေါ် မိမိကအောင်နိုင်ခြင်း၊ အရပ်ဒေသခပ်သိမ်းတို့၌ ချမ်းသာစွာ နေရခြင်း အကျိုးများကို ရရှိပါသည်။

    ထိုသုံးဆယ့်ရှစ်ဖြာမင်္ဂလာထဲမှ အသေဝနာစ ဗာလာနံ ဟူသောအပိုဒ်တွင် လူမိုက်ကို မမှီဝဲမပေါင်းသင်း ခြင်း၊ ပညာရှိကို မှီဝဲဆည်းကပ်ပေါင်းသင်းခြင်း၊ ပူဇော်ထိုက်သူကိုပူဇော်ခြင်းဟူသော မင်္ဂလာသုံးပါး ရှိပါ သည်။ လူတိုင်းသည် ဤသုံးချက်မျှကလေးကိုပင်လိုက်နာကျင့်ကြံမည်ဆိုပါက မိမိတို့ဘဝသည် အေးချမ်း သာယာနေပေလိမ့်မည်။ ယနေ့အချိန်အခါတွင် ကြုံတွေ့နေရသော အဖြစ်အပျက်များကို လေ့လာလျှင် လူမိုက်များနှင့်ပေါင်းသင်းမိသောကြောင့် လူငယ်လူရွယ်တို့ဘဝနစ်မွန်းသွားကြရသည်။ လူငယ်လူရွယ်တို့ ဆိုသည်မှ တစ်ခါတစ်ရံမှားတတ်သော်လည်း ထိုအမှားသည် ပြင်၍မရသော အမှားများဖြစ်သွားသောအခါ ယင်းတို့၏ အသက်တွေဆုံးရှုံးသွားရသည်။ အနာဂတ်တွေပျက်စီးသွားသည်။

    လူငယ်တို့အနာဂတ် အဘယ်ကြောင့်ပျက်စီးသွားရသလဲလေ့လာကြည့်သောအခါ အဖြေမှာ လူမိုက်များနှင့် ပေါင်းသင်းမိ၍ဖြစ်သည်။ လူငယ်ကတော့ လူငယ်မို့ မှားသည့်အခါလည်း မှားပေပေါ့ဟု ဖြေတွေး တွေးပေးနိုင်သော်လည်း လူကြီးများဖြစ်လျက်နှင့် လမ်းကြောင်းမှားကို လျှောက်လှမ်းသူများအတွက်မူ မြန်မာဆိုရိုးစကားတစ်ခုနှင့် ခိုင်းနှိုင်းရမည်ဆိုပါက " အသိခေါက်ခက် အဝင်နက် " သည်ဟူ၍ ဆိုရမည် ဖြစ်သည်။ အတက်ပညာမြင့်မားစွာရှိပြီး အသိဉာဏ်ရှိနေပါလျက် မိမိပြုမူဆောင်ရွက်ချက်၏ ဆိုးကျိုးကို ကြိုတင်မြော်တွေးမှုမရှိခြင်းသည် အသိခေါက်ခက်အဝင်နက်ခြင်းဖြစ်သည်။

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏(၉/၂၀၂၁)ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲတွင် အံ့ဖွယ်သတင်းတစ်ခုကို အများပြည်သူတို့မြင်တွေ့လိုက်ရသည်။ ထိုသတင်းမှာ ရုပ်မြင် သံကြားနှင့်သတင်းစာများတွင် ဖော်ပြပြီးဖြစ်သော်လည်း အကြမ်းဖက်အဖျက်သမားအုပ်စုဝင်များက ထိုသတင်းနှင့်ပတ်သက်၍ ပြက်ရယ်ပြုကြသည်။ သူတို့က သူတို့ထုံးစံအတိုင်းပင် ပါးစပ်ပိတ်ငြင်းနေသူများ သာဖြစ်သည်။ သန့်ရှင်းရေးဝန်ထမ်းခိုင်းတာကို BE ဘွဲ့ရအင်ဂျင်နီယာကလုပ်ရတယ်ဆိုတော့ သဘာဝ ယုတ္တိမရှိဘူး။ သတင်းကသတင်းမှန်မဟုတ်ဘူး စသည်ဖြင့်မျိုးစုံစွာ လူမှုကွန်ရက်တွင် ပြည်ပအားကိုး မီဒီယာများက ရေးသားထုတ်လွှင့်ကြသည်။

  ထို့ကြောင့် စက်တင်ဘာ ၃၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် " ထူးဆန်းမှုတစ်ခုမှာ Air KBZ လေယာဉ်ဖြစ်စဉ်ဖြစ်ကြောင်း ၊ မိမိ၏မကျေနပ်ချက်ကို အရင်းတည်ပြီး လူအများသေကျေပျက်စီးအောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သန့်ရှင်းရေးဝန်ထမ်းခိုင်းစေသည်ကို BE ဘွဲ့ရအင်ဂျင်နီယာတစ်ယောက် လိုက်လုပ်ခြင်းမှာ မယုံနိုင်စရာဖြစ်ကြောင်း၊ ယင်းသတင်းတွေ့ရှိချက်အမှန်အတိုင်းထုတ်ပြန်စဉ်က ဝေဖန်မှုများ၊ လုပ်ကြံသတင်းဟုဆိုပြီး ပြောဆိုသူအများအပြားရှိကြောင်း၊ (ယင်းနောက် ထိုအင်ဂျင်နီယာ ဦးသိန်းလင်းထိုက်၏ ကိုယ်တိုင်ပြောဆိုချက်ဗီဒီယိုဖိုင်ကိုပြသခဲ့သည်။) ၎င်းတို့၏ ရည်ရွယ်ချက်မှာ လေယာဉ်ပျက်ကျစေရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်က​ြောင်း၊ ထိုဗီဒီယိုဖိုင်နှင့်ပတ်သက်ပြီး မီဒီယာများကို ပေးလိုက်မည်ဖြစ်ကြောင်း"သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ကရှင်းလင်းပြောကြားခဲ့သည်။ လူမိုက် တွေနှင့်ပေါင်းလိုက်မိသောအင်ဂျင်နီယာတစ်ဦး၏ ဘဝသည် ဝမ်းနည်းဖွယ်ရာများနှင့် နိဂုံးချုပ်ရပေတော့မည်။ သူ၏လစဉ်ရရှိသောလစာနှင့်ထမ်းဆောင်ရသောတာဝန်တို့သည် သဲထဲရေသွန်လိုက်သည့် ပမာရှိပေတော့သည်။

        မြန်မာ့နိုင်ငံရေးအပြောင်းအလဲကို စေ့စေ့စပ်စပ်သေသေချာချာလေ့လာမည်ဆိုလျှင် ငါတို့နိုင်ငံသည် ပြည်ပအကြံပေး ၉၀ ကျော်အုပ်ချုပ်ခဲ့ခြင်းကြောင့် ကျွန်မဖြစ်ပေမဲ့ ကျွန်စစ်ခဲ့ပါသည်ဟူသော ဆရာမကြီး ဒေါက်တာမတင်ဝင်းစကားကဲ့သို့ပင်ဖြစ်ခဲ့သည်။ နောက်ထပ်ငါးနှစ်သက်တမ်းတွင် စိတ်တိုင်းကျထင်တိုင်း ကြဲရန်အတွက် မဲမသမာမှုကို စံချိန်တင်လုပ်ဆောင်ခဲ့သည်။ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးသူ၊ မျိုးချစ်စိတ်ဓာတ်ရှိသူတိုင်းက ယခုနိုင်ငံရေးအပြောင်းအလဲကို နှစ်သက်လက်ခံသည်။ နား၊ မျက်စိများ ပိတ်ထားသူတွေက ဖြစ်ရပ်မှန်ကိုလက်မခံနိုင်ဘဲ အဖျက်လုပ်ရပ်လုပ်ဆောင်နေခြင်းဖြစ်သည်။ ထိုသူများ သည် ကောသလမင်းကြီးအိမ်မက် ၁၆ ချက်ထဲက " နှောင်းသောကာလမှာ အနှစ်မရှိ သူယုတ်တို့၏ စကားကိုသာ လူအများနှစ်သက်၍ လက်ခံအတည်ပြုကြလိမ့်မည် " ဆိုစကားအတိုင်း အသိခေါက်ခက် အဝင်နက်နေခြင်းဖြစ်သည်။

    ဤသည်ကိုသင်ခန်းစာယူ၍ အသိပညာရှိပါလျက် လမ်းလွှဲသို့ဇွတ်တိုး၍ လိုက်ပါခြင်းမှ ရှောင်တိမ်းနိုင်ကြစေရန် ရည်ရွယ်ရေးသားလိုက်ရပါကြောင်း......

#MWD





Popular posts from this blog

ပြည်တွင်းသောင်းကျန်းမှုသမိုင်း (အပိုင်း ၁၈)

ပြည်တွင်းသောင်းကျန်းမှုသမိုင်း (အပိုင်း ၈)

ပြည်တွင်းသောင်းကျန်းမှု သမိုင်း(အပိုင်း ၁၅)