ပြည်တွင်းသောင်းကျန်းမှုသမိုင်း (အပိုင်း ၄)

 သခင်စိုး၏ မြင်းခြံစစ်တမ်း


ထောင်တွင်း နိုင်ငံရေးသင်တန်းများ

ဟစ်တလာ၏ နာဇီတပ်များသည် ဥရောပတိုက် တစ်တိုက်လုံးကို တိုက်ခိုက်သိမ်းပိုက်ပြီးသည့်နောက် ၁၉၄၁ ခုနှစ်၊ ဇွန်လ ၂၂ ရက်တွင်ဆိုဗီယက်ယူနီယံအား စတင်တိုက်ခိုက်တော့သည်။ ဂျာမနီနိုင်ငံ၏ ဝင်ရိုးတန်းမဟာမိတ်နိုင်ငံဖြစ်သော ဂျပန်နိုင်ငံသည်လည်း ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်တွင် ပုလဲ ဆိပ်ကမ်းရှိ အမေရိကန်ရေတပ်ကို ဗုံးကြဲတိုက်ခိုက်ခြင်း ဖြင့် ဒုတိယကမ္ဘာစစ်ကြီးထဲသို့ ပါဝင်လာသည်။ ထိုအချိန်တွင် မြန်မာ့နိုင်ငံရေးခေါင်းဆောင်များသည် ဗြိတိသျှနယ်ချဲ့အစိုးရ၏ ဖိနှိပ်ချုပ်ချယ်မှုကြောင့် လည်းကောင်း၊ လွတ်လပ်ရေးကြိုးပမ်းမှုကို လျှို့ဝှက်လုပ်ဆောင်ရသောကြောင့်လည်းကောင်း စုစုစည်းစည်းမရှိဘဲ တကွဲတပြားစီ ဖြစ်နေကြရသည်။ သခင်အောင်ဆန်းသည် ပုဒ်မ ၁၂၄(က)အရ ဝရမ်းအထုတ်ခံရသောကြောင့် လျှို့ဝှက်စွာ ပုန်းအောင်း နေရာမှ ပြည်သူ့အရေးတော်ပုံပါတီ (The People's Revolutionary Party)ကို ဖွဲ့စည်းခဲ့သည်။ သခင် အောင်ဆန်းသည် ကိုဗဟိန်း၊ ရဲဘော်ဂိုရှယ်၊ သခင်လှဖေ(ဗိုလ်လက်ျာ)တို့၏ အကြံပေးချက်အရ တရုတ် ကွန်မြူနစ်များနှင့် အဆက်အသွယ်ရရန် ကြိုးပမ်းခဲ့ သည်။ သခင်ဗိုလ်သည် ရန်ကုန်ရောက် တရုတ် ကွန်မြူနစ်များနှင့် အဆက်အသွယ်ရှိသဖြင့် သခင်အောင်ဆန်းကို တရုတ်ပြည်ရောက်ရန် ကူညီသည်။ သခင်အောင်ဆန်းသည် ကွန်မြူနစ်သင်တန်းဆင်း တစ်ဦးဖြစ်သူ သခင်လှမြိုင်(ဗိုလ်ရန်အောင်)ကို အဖော် ခေါ်၍ ၁၉၄ဝ ပြည့်နှစ်၊ ဩဂုတ်လ ၈ ရက်မှစတင်၍ ခရီးထွက်ခွာရာ ဟောင်ကောင်မှတစ်ဆင့် အမွိုင်သို့ ရောက်ရှိသွားသည်။ သို့သော် သခင်အောင်ဆန်းနှင့် သခင်လှမြိုင်သည် တရုတ်ကွန်မြူနစ်များနှင့် အဆက်အသွယ်မရဘဲ တရုတ်ပြည်တွင်းရှိ ဂျပန်သိမ်းပိုက်ထားသောဒေသမှတစ်ဆင့် ဂျပန်များနှင့် အဆက်အသွယ် ရသွားတော့သည်။

ထိုအချိန်တွင် သခင်စိုး၊ သခင်နု စသောခေါင်းဆောင်များကို ဗြိတိသျှအစိုးရက ဖမ်းဆီးပြီး ထောင်ချထားသည်။ ပထမဆုံး ကွန်မြူနစ်ကလာပ်စည်းဝင်ခေါင်းဆောင်ဆို၍ ထောင်ပြင်တွင် ကိုဗဟိန်းနှင့် သခင်လှဖေသာ ကျန်သည်။ ထို့ကြောင့် မြန်မာပြည်တွင်းတွင် ကွန်မြူနစ်စည်းရုံးရေးလုပ်ငန်းမှာ ကျယ်ပြန့်လာခြင်း မရှိနိုင်ပေ။ သခင်စိုး၊ သခင်နုနှင့် နိုင်ငံရေးခေါင်းဆောင်များကို အစိုးရက သာယာဝတီထောင်တွင် ချုပ်နှောင်ထားရာမှ အင်းစိန်ထောင်သို့ ပို့လိုက်သည်။ ဂိုရှယ်နှင့် ကုလားရဲဘော်များသည်လည်း အင်းစိန်ထောင်ထဲသို့ ရောက်လာသည်။ သခင်စိုးနှင့် သခင်သန်းထွန်းသည် ထောင်ထဲတွင် စုဝေးမိကြသော မျိုးချစ်လူငယ်များကို နိုင်ငံရေး သင်တန်းများပေးသည်။ သခင်သန်းထွန်းက စတာလင် ရေးသော 'ဆိုဗီယက်ယူနီယံကွန်မြူနစ်ပါတီ(ဗော်လ်ရှီ ဗစ်)၏သမိုင်း'စာအုပ်ကို လက်ကိုင်ထား၍ မြန်မာပြည် ၏သမိုင်းနှင့်နှိုင်းယှဉ်သင်ကြားပေးသည်။ သခင်စိုးက လီနင်ရေးသားသည့် 'ဆိုရှယ်လစ်ဒီမိုကရေစီ နည်း ပရိယာယ်နှစ်သွယ်'အမည်ရှိ စာအုပ်ကို ကိုင်စွဲ၍ ပို့ချသည်။

နိုင်ငံရေးသင်တန်းမှာ ထောင်ထဲတွင် လျှို့ဝှက်စွာပို့ချသော သင်တန်းဖြစ်သော်လည်း လူစုမိနေသောကြောင့် အောင်မြင်မှုရှိသည်ဟု ဆိုရမည်။ သခင်လေးမောင်နှင့် သခင်နုက မြန်မာပြည်နိုင်ငံရေး သမိုင်း၊ အလုပ်သမားလှုပ်ရှားမှုသမိုင်းသက်သက်တို့ကို ဟောပြောပို့ချသည်။ တစ်ခါတစ်ရံ သခင်နုသည် လိင်ပညာနှင့် ကျန်းမာရေး၊ လူမှုရေးပညာများကို ပို့ချသည်။ သခင်သန်းထွန်းသည် ဆိုဗီယက်ယူနီယံကွန်မြူနစ ပါတီ(ဗော်လ်ရှီဗစ်)၏သမိုင်ကို ထောင်ထဲမှာပင် တစ်လအတွင်း မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။ ယင်းစာအုပ်မှာ မော်စကို နိုင်ငံခြားစာပေဖြန့်ချိရေး ဌာနက ရိုက်နှိပ်ဖြန့်ချိခြင်းဖြစ်ပြီး မြန်မာပြည်သို့ နှစ်အုပ်တည်းသာ ရောက်လာခဲ့သည်ဟုဆိုသည်။ ထို့နောက် သခင်သန်းထွန်းသည် အင်္ဂလန်နိုင်ငံမှ ဆစ်ဒနီတက်လင်မယား ရေးသားသည့် ဆိုဗီယက်ယူနီယံကွန်မြူနစ်ဝါဒစာအုပ်ကို အချိန်သုံးလယူ၍ မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။ သခင်စိုးက လီနင်၏ဇနီး ကရပ်စ်ကာယာ ရေးသားသော "လီနင်အား အမှတ်တရ"ဟူသည့်စာအုပ်တစ်အုပ်ကို ဘာသာပြန်ဆိုသည်။ ယင်းစာအုပ်ကို နဂါးနီစာအုပ်အသင်းက "ကျွန်မ ချစ်လင်"အမည်ဖြင့် စာအုပ်ထုတ်ဝေခဲ့သည်။ သို့သော် ပထမပိုင်းသာ ထုတ်ဝေနိုင်ခဲ့သည်။

ထောင်တွင်းသင်တန်းများမှာ စနစ်တကျမဟုတ်သည့်တိုင် ထောင်ကျနေသော သခင်အတော်များများအား မာ့ခ်စ်ဝါဒီများအဖြစ်သို့ ရောက်စေခဲ့သည်။ သင်တန်းတွင် ပို့ချသောဘာသာရပ်များမှာ မာ့ခ်စ် လီနင်ဝါဒ၊ ကွန်မြူနစ်စာပေဝါဒ သဘောတရားများ နှင့် ရှေ့လုပ်ငန်းစဉ်များဖြစ်သည်။ ထောင်အမှုထမ်း များ၏ ဖိနှိပ်ချုပ်ချယ်မှုကြောင့် နိုင်ငံရေးသင်တန်းများကို အင်္ဂလိပ်စာသင်တန်းအမည်ခံ၍ ဖွင့်လှစ်ခဲ့ရသည်။ အင်္ဂလိပ်စာနှင့် အင်္ဂလိပ်စကားပြောကိုလည်း အမှန်တကယ်ပင် သင်ကြားလေ့ကျင့်ပေးကြသည်။ သခင် ခေါင်းဆောင်များသည် ထောင်တွင်း၌ အာဏာဖီဆန်ရေးလုပ်ငန်းများ ဆောင်ရွက်သဖြင့် မကြာခဏ တိုက်ပိတ်ခံခဲ့ကြရသည်။ သခင်များသည် နိုင်ငံရေးဆွေးနွေး ပွဲများကိုလည်း လျှို့ဝှက်စွာကျင်းပကြသည်။ သခင်ဗစိန် ဦးဆောင်သော တို့ဗမာအစည်းအရုံးဝင် တစ်စုနှင့် သခင်စိုးတို့လူစုသည် ထောင်တွင်းမှာပင် မကြာခဏငြင်းခုံရန်ဖြစ်နေခဲ့ကြသည်။ သခင်စိုးသည် ထောင်တွင်းမှာပင် မြေအောက် ကွန်မြူနစ်ပါတီဝင်များကို စုဆောင်းလက်ခံခဲ့ရာ သခင်တင်မြကဲ့သို့သော လူငယ်နိုင်ငံရေးသမားအချို့ ကွန်မြူနစ်များ ဖြစ်လာကြသည်။

ဘီအိုင်အေနှင့် ဂျပန်တပ်များ ဝင်ရောက်လာခြင်း

ဂျပန်တို့သည် ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်၂ တွင် ဟာဝေယံကျွန်း ပုလဲဆိပ်ကမ်းရှိ အမေရိကန် ရေတပ်စခန်းကို အလစ်အငိုက် ဗုံးကြဲတိုက်ခိုက်ပြီးနောက် အမေရိကန်နှင့် အင်္ဂလိပ်မဟာမိတ်တို့အား စစ်ကြေညာလိုက်သည်။ ဂျပန်တပ်များသည် အာရှ စစ်မျက်နှာနှင့် ပစိဖိတ်စစ်မျက်နှာကို တစ်ပြိုင်နက်တည်း ဖွင့်လှစ်ပြီး အလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်တော့သည်။ ထိုအချိန်က ပြင်သစ်ပြည်ပိုင် အင်ဒိုချိုင်းနား (ဗီယက်နမ်၊ ကမ်ပူးချား၊ လော)တွင် အုပ်စိုးလျက်ရှိသော ပြင်သစ်အစိုးရမှာ နာဇီဂျာမနီ တို့၏ လက်အောက်ခံ ရုပ်သေးအစိုးရသာ ဖြစ်သည်။ ဂျပန်နှင့် ဂျာမနီနိုင်ငံတို့သည် ၁၉၄ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၂၇ ရက်တွင် ချုပ်ဆိုသော ဘာလင် စာချုပ်အရ ဝင်ရိုးတန်းမဟာမိတ်နိုင်ငံများဖြစ်ရာ ဂျာမနီလက်အောက်ခံ ပြင်သစ်ရုပ်သေးအစိုးရအုပ်ချုပ်နေသော အင်ဒိုချိုင်းနားကျွန်းဆွယ်အတွင်းသို့ ဂျပန် တပ်များ လွယ်ကူစွာ ဝင်လာနိုင်ကြသည်။ ထိုင်းနိုင်ငံသည်လည်း ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်တွင် ဂျပန်တပ်များကို ထိုင်းနယ်မြေအတွင်း ဖြတ်သန်းခွင့် ပေးရပြီး ဒီဇင်ဘာလ ၂၁ ရက်တွင်လွယ်ကူစွာပင် ဝင်ရောက်လာနိုင်ခဲ့သည်။

ထိုအချိန်က အင်္ဂလိပ်၏ ပထမခံစစ်စည်းမှာ စင်ကာပူဖြစ်ပြီး ဒုတိယခံစစ်စည်းမှာ မြန်မာပြည်ဖြစ် သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်သည်လည်း ဂျပန်တပ်များနှင့်အတူ ဗန်ကောက်မြို့သို့ ရောက်ရှိလာပြီး တပ်သားသစ်များစုဆောင်းကာ အပြင်းအထန် သင်တန်းပေးလေ့ကျင့်နေကြရသည်။ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာပင် ဗိုလ်ချုပ် အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်သည် ဗမာ့လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေ)ကို ဗန်ကောက် မြို့၌ ဖွဲ့စည်းလိုက်ကြသည်။ ဂျပန်တပ်များသည် ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်တွင် ရန်ကုန်မြို့ ကြီးကို ဗုံးကြဲတိုက်ခိုက်တော့သည်။ ၁၉၄၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်တွင် အင်္ဂလိပ်တို့၏ ပထမ ခံစစ်စည်းဖြစ်သော စင်ကာပူခံတပ်ကြီး ဂျပန်လက်သို့ ကျရောက်သွားပြီး ၁၉၄၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်တွင် ဂျပန်လေယာဉ်ပျံများက မန္တလေးမြို့ကို စတင်ဗုံးကြဲတော့သည်။ ဂျပန်များက မြန်မာနိုင်ငံကို သိမ်းပိုက်ရန် တာစူ နေပြီး မော်လမြိုင်ကို သိမ်းပိုက်ရရှိပါက မြန်မာနိုင်ငံ ၏လွတ်လပ်ရေးကို ကြေညာရန် ရဲဘော်သုံးကျိပ် နှင့် သဘောတူထားကြသည်။ ဗမာ့လွတ်လပ်ရေး တပ်မတော်သည် ဗန်ကောက်မှ ရဟိုင်းသို့ တပ်ပြောင်း ရွှေ့လိုက်သည်။ ဂျပန်တပ်များနှင့်အတူ မြန်မာပြည် တွင်းသို့ ဘီအိုင်အေတပ်မတော်ကြီးတွင် ဗိုလ်မှူးကြီး နေဝင်း(သခင်ရှုမောင်)နှင့် အဖွဲ့တစ်ဖွဲ့သည် လျှို့ဝှက်စွာ ကြိုတင်ဝင်ရောက်ပြီး အင်္ဂလိပ်အစိုးရကို ဆန့်ကျင် တိုက်ခိုက်ရန် ကြံရွယ်ထားသည်။ ဗိုလ်မှူးကြီးနေဝင်း ၏တပ်ဖွဲ့ကို အတွင်းသူပုန်တပ်ဖွဲ့ဟုခေါ်သည်။ ဂျပန် တပ်များနှင့် ဗမာ့လွတ်လပ်ရေးတပ်မတော်တို့သည် ဝိတိုရိယအငူနှင့် ထားဝယ်ဘက်မှ စစ်ကြောင်း တစ်ကြောင်း၊ ရဟိုင်းမှတစ်ဆင့် မြဝတီ၊ မော်လမြိုင် ဘက်သို့ စစ်ကြောင်းတစ်ကြောင်း ခွဲ၍ မြန်မာပြည် တွင်းသို့ ဝင်လာသည်။ မော်လမြိုင်စစ်ကြောင်းနှင့်အတူ ဘီအိုင်အေဌာနချုပ် ပါဝင်လာပြီး ရေကြောင်းချီ စစ်ကြောင်းသည်လည်း ရေကြောင်းခရီးဖြင့် ချီတက် လာသည်။ ဗိုလ်မှူးကြီးနေဝင်းခေါင်းဆောင်ပြီး ဗိုလ်တာရာ၊ ဗိုလ်မိုးညို၊ ဗိုလ်လင်းယုန် စသော ဗမာ့လွတ်လပ်ရေး တပ်မတော်သားများပါဝင်သည့် အတွင်းသူပုန်တပ်ဖွဲ့ သည် သောင်ရင်းမြစ်ကို ဖြတ်ကူး၍ မြန်မာပြည်တွင်း သို့ လျှို့ဝှက်စွာ ဝင်ရောက်လာသည်။ အတွင်းသူပုန် တပ်ဖွဲ့သည် ရွှေဂွန်းနယ်မှတစ်ဆင့် အင်္ဂလိပ်တို့ သိမ်းပိုက်ထားဆဲဖြစ်သော စစ်တောင်း-မုတ္တမရထား လမ်းပေါ်ရှိ ကျိုက္ကော်-သိမ်ဆိပ်သို့ ရောက်သွားသည်။ ထို့နောက် ဗိုလ်မှူးကြီးနေဝင်းက ရန်ကုန်မှ ကွပ်ကဲ ဆက်သွယ်ရန်၊ ဗိုလ်တာရာက တောင်ငူ၊ ပျဉ်းမနားနှင့် မန္တလေးအထိ ခရိုင်ခေါင်းဆောင်များနှင့် ဆက်သွယ်စည်းရုံးရန်၊ ဗိုလ်မိုးညိုနှင့် ဗိုလ်လင်းယုန်တို့က ပဲခူး နှင့် ပြည်ဘက်တွင် တာဝန်ယူရန် ဆုံးဖြတ်ပြီး လူစုခွဲ လိုက်ကြသည်။ အတွင်းသူပုန်တပ်ဖွဲ့ဝင်များသည် တို့ဗမာအစည်းအရုံးဝင်သခင်များ၊ မျိုးချစ်ပုဂ္ဂိုလ်များ အား စည်းရုံး၍ အင်္ဂလိပ်ဆုတ်ခွာသွားသည့် မြို့ရွာများတွင် အုပ်ချုပ်ရေးအာဏာ သိမ်းပိုက်ထားခြင်း၊ ဘီအိုင်အေတပ်မတော်အတွက် ကြိုတင်၍ တပ်သား သစ်များစုဆောင်းထားခြင်း၊ ဆုတ်ခွာနေသော အင်္ဂလိပ်တပ်များအား ပြောက်ကျားနည်းဖြင့် အနှောင့်အယှက် ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ ရောက်လေရာ အရပ်တွင်လည်း သူပုန်တပ်ဖွဲ့များကို အမြန်ဆုံးဖွဲ့စည်း နိုင်ခဲ့ကြလေသည်။

မြင်းခြံစစ်တမ်း

ဂျပန်တပ်များနှင့် ဘီအိုင်အေတပ်များ မြန်မာ ပြည်အတွင်းသို့ တစ်စတစ်စ ချင်းနင်းဝင်ရောက်လာ သောအခါ ဗြိတိသျှအစိုးရသည် ယင်းတို့၏ အုပ်ချုပ်ရေးယန္တရားများကို မြောက်ဘက်သို့ တဖြည်းဖြည်း ရွှေ့ပြောင်းရတော့သည်။ ထောင်ထဲရောက်နေကြသည့် မျိုးချစ်ခေါင်းဆောင်များကိုလည်း လွှတ်မပေးရဲသဖြင့် ထောင်တစ်ခုပြီးတစ်ခု ပြောင်းရွှေ့၍ ချုပ်နှောင် နေကြရသည်။ သို့နှင့် သခင်စိုး၊ သခင်နု စသော ခေါင်းဆောင်များသည် မြင်းခြံထောင်သို့ ရောက်သွား သည်။ အချို့မှာ မန္တလေးထောင်သို့ ရောက်သွားသည်။ သခင်စိုးသည် ဖက်ဆစ်ဂျပန်ကို နံပါတ်တစ် ဦးစားပေးရန်သူအဖြစ် သတ်မှတ်ပြီး အဂင်္လိပ်၊ အမေရိကန်များနှင့် ပူးပေါင်း၍ တိုက်ခိုက်ရမည်ဟု စွဲမြဲစွာ ယူဆထားသူ ဖြစ်သည်။ ဒုတိယကမ္ဘာစစ် အခြေအနေတွင်လည်း ကမ္ဘာ့အဓိက ကွန်မြူနစ် အင်အားစုကြီးဖြစ်သော ဆိုဗီယက်ယူနီယံသည် အင်္ဂလိပ်-အမေရိကန်ဟူသော အရင်းရှင်နယ်ချဲ့များ နှင့် မဟာမိတ်ဖွဲ့၍ နာဇီဂျာမနီနိုင်ငံကို တိုက်ခိုက်နေ ရသည်။ တရုတ်ကွန်မြူနစ်များသည်ပင် ချန်ကေရှိတ်၏ ကူမင်တန်အစိုးရနှင့် ယာယီပူးပေါင်း၍ ဖက်ဆစ် ဂျပန်တို့၏ နယ်ချဲ့ကျူးကျော်မှုကို ခုခံတိုက်ခိုက်နေရ သည်။ အိန္ဒိယကွန်မြူနစ်ပါတီသည်လည်း ဤအယူ အဆကို ထောက်ခံလျက်ရှိသည်။ ထို့ကြောင့် သခင်စိုး သည် ဖက်ဆစ်ဂျပန်နှင့် ပူးပေါင်း၍ အင်္ဂလိပ်အစိုးရ ကို တိုက်ခိုက်သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဘီအိုင်အေ တပ်မတော်ကို ဖက်ဆစ်ဝါဒီများ၊ ဖက်ဆစ်ကို ပင့်ဖိတ် လာသူများဟု မြင်လာတော့သည်။

ကွန်မြူနစ်တစ်ဦးဖြစ်သူ သိန်းဖေ(သိန်းဖေမြင့်)က တော်လှန်ရေးကာလ နိုင်ငံရေးအတွေ့အကြုံများ စာအုပ်တွင် သခင်စိုး၏အယူအဆကို အောက်ပါ အတိုင်း ဖော်ပြထားသည် -

'ဖက်ဆစ်ဆန့်ကျင်ရေးလုပ်ငန်းကို စည်းရုံးရာ၌ တည်ထောင်သူတစ်ဦးဖြစ်သော သခင်စိုးသည် မဟာမိတ်နှင့်ပူးပေါင်းပြီး ဖက်ဆစ်ကို အဓိကထားတိုက်ရန် စိတ်အားထက်သန်လွန်းသဖြင့် ဂျပန်နှင့် မှားယွင်းစွာ ပူးပေါင်းမိသော ဘီအိုင်အေနှင့် အခြား မျိုးချစ်များ၏ အင်္ဂလိပ်နယ်ချဲ့ဆန့်ကျင်ရေးဆန္ဒကို မေ့သွားကာ ဖက်ဆစ် ပဉ္စမံတပ်သားများဟုပင် ခေါ် လိုက်သေး၏။ ဤသို့ တရားသေအမြင်ဖြင့် သတ်မှတ်လိုက်ခြင်းသည် မျိုးချစ်အင်အားစုကို သိမ်းသွင်းရာ၌ အခက်အခဲဖြစ်စေခဲ့သေးသည်။ ဂိုဏ်းဂဏဝါဒသို့ ရောက်စေခဲ့သေးသည်။ ဤအမှား၏ ရေသောက်မြစ် မှာ အင်္ဂလိပ်နယ်ချဲ့ရန်သူကို လျော့တွက်ခြင်းကြောင့် ဖြစ်ပေသည်။'

သခင်စိုးသည် ယင်း၏အယူအဆကို အခြေခံ၍ မြင်းခြံထောင်ထဲမှာပင် မြင်းခြံစစ်တမ်းကို ရေးသား ပြုစုသည်။ မြင်းခြံစစ်တမ်း၏ ဆိုလိုရင်းအချက်မှာ ဒီမိုကရေစီအင်အားစုများ နှင့် ပူးပေါင်း၍ နယ်ချဲ့ စနစ်၏အမြင့်ဆုံးဖြစ်သော ဖက်ဆစ်ရန်သူများကို ခုခံတိုက်ခိုက်ရေးပင် ဖြစ်သည်။ ထို့ကြောင့် မြန်မာ့နိုင်ငံရေးအင်အားစုများသည် အင်္ဂလိပ်အစိုးရနှင့် ပူးပေါင်း၍ ဂျပန်ကို တိုက်ရမည်ဖြစ်သည်။ သခင်စိုး၏ မြင်းခြံစစ်တမ်းကို ထောင်ကျနေသော သခင်အတော် များများနှင့် ကွန်မြူနစ်များက လက်ခံကြသည်။ သခင် စိုးနှင့် တောတွင်းအင်အားစုများသည် ဘုရင်ခံ ဆာ ဒေါ်မန်စမစ်ထံသို့ မြင်းခြံစစ်တမ်းကိုပေးပို့ပြီး ထောင်မှ လွှတ်ပေးလျှင် ဂျပန်များအား ခုခံတိုက်ခိုက်ပါမည် ဖြစ်ကြောင်း စာတစ်စောင် ရေးသားခဲ့ကြသည်။ သို့သော် နယ်ချဲ့အစိုးရသည် သခင်စိုးနှင့် ထောင် တွင်းမှ နိုင်ငံရေးသမားများကို အယုံအကြည်မရှိခဲ့ပေ။ ထို့ကြောင့် သခင်စိုးတို့လူစုအား ထောင်မှလွှတ်မပေး ဘဲ ချုပ်နှောင်မြဲ ချုပ်နှောင်ထားခဲ့ကြသည်။ သခင်စိုး တို့လူစုသည် အင်္ဂလိပ်အစိုးရ၏ ထောက်ခံမှုမရရှိသော အခါ ချန်ကေရှိတ်၏ ကူမင်တန်အစိုးရနှင့် ဆက်သွယ် ရန် ကြိုးစားကြပြန်သည်။ ဗြိတိသျှအစိုးရသည် နိုင်ငံရေးအကျဉ်းသား ၃ဝဝ ခန့်ကို မန္တလေးထောင် ထဲတွင် ရွှေ့ပြောင်းချုပ်နှောင်ထားသည်။ ၁၉၄၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ရက် မန္တလေးမြို့ကို ဂျပန်က ဗုံးကြဲ သောအခါ မြို့သူမြို့သားများနှင့် အမှုထမ်း၊ အရာထမ်း များ ထွက်ပြေးကုန်ပြီး အုပ်ချုပ်ရေးမှာ ပျက်ပြားသွား သည်။ အောက်မြန်မာပြည်မှာ ဂျပန်တပ်များ၏ လက်အောက်ကို ကျရောက်နေပြီဖြစ်သည်။ ၁၉၄၂ ခုနှစ်၊ ဧပြီလ ၈ ရက်တွင် ဂျပန်လေတပ် မန္တလေးမြို့ အား လေကြောင်းမှ ထပ်မံတိုက်ခိုက်ပြန်သည်။ ဧပြီလ တတိယပတ်တွင် နိုင်ငံရေး အကျဉ်းသား ၃ဝဝ ကို ချန်လှပ်၍ သာမန်အကျဉ်းသားများကို ထောင်မှလွှတ် ပေးလိုက်သည်။

နိုင်ငံရေးအကျဉ်းသားများမှာမူ မန္တလေးထောင်မှူးကြီးကို ငွေတစ်သောင်းကျပ်ပေးရန် သဘောတူပြီး ဧပြီလ ၂၈ ရက်တွင် ထောင်မှလွတ်လာ ကြသည်။ သခင်စိုး၊ သခင်နုနှင့် ကိုဗဟိန်းတို့သည် ထောင်မှ မလွတ်ခင်တွင် ချန်ကေရှိတ်၏ ကူမင်တန်တပ်မှ ဂျင်နရယ်ပီအက်(စ်)ဝမ် ဆိုသူနှင့် အဆက်အသွယ်ရခဲ့ကြသည်။ ပီအက်(စ်)ဝမ်မှာ သခင်နု တရုတ်ပြည် သွားခဲ့စဉ်က သိကျွမ်းခဲ့သူဖြစ်ပြီး ချန်ကေရှိတ်၏ ကိုယ်ရေးအရာရှိ ဖြစ်သည်။ ပီအက်(စ်)ဝမ်သည် ဒီးဒုတ်ဦးဘချို၏ညွှန်ပြမှုဖြင့် မန္တလေးထောင်ထဲ ရောက်လာပြီး သခင်စိုး၊ သခင်နုနှင့် သခင်ကျော်စိန် တို့ကို တွေ့ဆုံသည်။ သခင်စိုးတို့က တရုတ်ပြည်သို့ လိုက်ပါလိုကြောင်း ပြောကြားသဖြင့် သခင်စိုး၊ သခင်နု၊ သခင်ကျော်စိန်တို့ကို ထောင်မှ ထုတ်ယူသွားခဲ့သည်။ သို့သော် လားရှိုးကို ဂျပန်တပ်များက သိမ်းပိုက်လိုက် သဖြင့် ပီအက်(စ်)ဝမ်သည် ရှေ့သို့ ဆက်လက်မသွား နိုင်ဘဲ မေမြို့တောင်ခြေမှ လှည့်ပြန်လာခဲ့ရသည်။ ပီအက်(စ်) ဝမ်သည် သခင်စိုးတို့လူစုကိုမူ ထောင်ထဲ တွင် ပြန်လည်ချုပ်နှောင်ထားပစ်ခဲ့သည်။

သခင်စိုး၊ သခင်ကျော်စိန်၊ တက်ဘုန်းကြီးသိန်းဖေ နှင့် သခင်မြသွင်တို့လူစုသည် မန္တလေးထောင်မှ လွတ် လာသောအခါ တရုတ်ပြည်သွားရေးကို ဆက်လက် ကြိုးပမ်းကြပြန်သည်။ သခင်စိုးတို့လေးဦးသည် ကပိုင် ရွာမှတစ်ဆင့် ရွှေဘိုသို့ လျှို့ဝှက်စွာ ခရီးထွက်ခဲ့သည်။ ရွှေဘိုသို့ရောက်သောအခါ တရုတ်စစ်သားများ၏ ဖမ်းဆီးခြင်းကိုခံရရာ ဒီးဒုတ်ဦးဘချိုကူညီမှ ပြန်လည် လွတ်မြောက်လာကြသည်။ သခင်စိုးက ရွှေဘိုမှာပင် နေခဲ့ပြီး သခင်ကျော်စိန်၊ ကိုသိန်းဖေနှင့် သခင်မြသွင် တို့ သုံးယောက်မှာမူ ရေဦးအထိ လိုက်သွားကြသည်။ သို့သော် တရုတ်စစ်သားများ၏ စည်းကမ်းပျက်မှု၊ထိရောက်သောအကူအညီမရရှိမှုများကြောင့် တရုတ် ပြည်သို့ သွားရောက် အကူအညီတောင်းခံရေးကို လက်လျှော့လိုက်တော့သည်။ သခင်စိုးသည် တရုတ်များထံ အကူအညီတောင်း ရေးမအောင်မြင်သောအခါ ဖက်ဆစ်ဆန့်ကျင်ရေး အတွက် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်းတို့ လူစုနှင့် အဆက်အသွယ်လုပ်ခဲ့သည်။ ထို့နောက် အိန္ဒိယသွားရေးကို စီစဉ်ပြန်သည်။ သို့သော် မြန်မာ့ နိုင်ငံရေးခေါင်းဆောင်များက သခင်စိုးကိုယ်တိုင် အိန္ဒိယသို့ သွားရောက်ရေးကို ဝိုင်းဝန်းကန့်ကွက်ကြ သောကြောင့် သခင်တင်ရွှေနှင့် တက်ဘုန်းကြီးသိန်းဖေ တို့နှစ်ဦးကိုသာ အိန္ဒိယသို့ စေလွှတ်ရန် ဆုံးဖြတ်လိုက် ကြသည်။

သခင်စိုး၏ မြင်းခြံစစ်တမ်းသည် လွတ်လပ်ရေး ကြိုးပမ်းရန်အတွက် နည်းလမ်းတစ်ခုဖြစ်ခဲ့သော်လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ပြည်သူ့အရေးတော်ပုံပါတီ၊ ဘီအိုင်အေတပ်မတော်တို့ လက်တွေ့ဆောင်ရွက်ခဲ့ သော လုပ်ငန်းစဉ်နှင့် ဆန့်ကျင်လျက်ရှိသည်။ လူငယ် လူရွယ်အများအပြားသည် ဖက်ဆစ်ဂျပန်တို့ဝင်ရောက် လာသည်နှင့် ဖက်ဆစ်ဂျပန်များ၏ ယုတ်မာရိုင်းပျမှု၊ မောက်မာမှု၊ ဖိနှိပ်ချုပ်ချယ်မှု၊ ရက်စက်ကြမ်းကြုတ်မှု များကို ချက်ချင်းလက်ငင်း ကြုံတွေ့ကြရသောအခါ သခင်စိုး၏ မြင်းခြံစစ်တမ်းကို ထောက်ခံလာကြသည်။ သခင်စိုး၏ ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှုသည် သခင်စိုး၏ ခေါင်းဆောင်မှုကို မြင့်မားလာစေပြီး ကွန်မြူနစ်ပါတီဝင်အင်အားကို များစွာတိုးပွားလာစေ ခဲ့သည်။

Popular posts from this blog

ပြည်တွင်းသောင်းကျန်းမှုသမိုင်း (အပိုင်း ၈)

ပြည်တွင်းသောင်းကျန်းမှုသမိုင်း (အပိုင်း ၁၈)

ပြည်တွင်းသောင်းကျန်းမှု သမိုင်း(အပိုင်း ၁၄)