ပြည်တွင်းသောင်းကျန်းမှုသမိုင်း (အပိုင်း ၁၈)

 


ဖဆပလ၏ တစ်နှစ်အတွင်း လွတ်လပ်ရေးနှင့် ကွန်မြူနစ်တို့၏ အဆုံးသတ်အာဏာသိမ်းရေး


ကိုသိန်းဖေ၏ခေါင်းဆောင်မှုကို ဖြုတ်ချခြင်း

ကွန်မြူနစ်ပါတီ၏ မြေအောက်ခေါင်းဆောင်မှု ကို စတင်ခဲ့သူမှာ သခင်စိုးဖြစ်သည်။ တရားဝင်မြေပေါ် ပါတီဘဝတွင် ကွန်မြူနစ်ပါတီ၏

ခေါင်းဆောင်မှုမှာ သခင်စိုး၊ ကိုသိန်းဖေနှင့် သခင်သန်းထွန်းတို့လက်ထဲ တွင် ရှိခဲ့သည်။ သခင်စိုး အိမ်ထောင်ရေးပြဿနာ ရှုပ်ထွေးလာ

သောအခါ ပါတီဝင်အဖြစ်မှ ရပ်စဲခံရခြင်း ကြောင့် ခေါင်းဆောင်မှုကျဆင်းသွားသည်။ သခင်စိုး သည် ကွန်မြူနစ်ပါတီ၏ခေါင်းဆောင်မှုကို

ပြန်မရနိုင် တော့သောအခါ အလံနီပါတီကို ခွဲထွက်ထူထောင် လိုက်သည်။

ထို့ကြောင့် ဗမာပြည် ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှုမှာ သခင်သန်းထွန်းနှင့် ကိုသိန်းဖေ၏ လက်ထဲတွင် ရှိနေလေသည်။

ဖဆပလနှင့် ကွန်မြူနစ်ပါတီတို့ ကွဲခဲ့ကြပြီးနောက် တွင် ကွန်မြူနစ်ပါတီသည် ဘရောက်ဒါဝါဒကို လှည့် မကြည့်တော့ဘဲ

အဆုံးသတ်အာဏာသိမ်းရေးလမ်းစဉ် ကိုသာကြွေးကြော်တော့သည်။ လက်နက်ကိုင်ထကြွမှု ကိုသာ အဓိကထားလာသည်။ ပျဉ်းမနားနှင့်

ရခိုင် လက်နက်ကိုင်ထကြွမှုများသည် တစ်ပြည်လုံးကို ပျံ့နှံ့ သွားပြီး အဆုံးသတ်အာဏာသိမ်းနိုင်မည်ဟု ထင်လာ ကြသည်။ အိန္ဒိယ

ကွန်မြူနစ်ပါတီကလည်း တေလင်္ဂန လက်နက်ကိုင်တိုက်ပွဲမှ ပြည်လုံးကျွတ် လက်နက်ကိုင် တော်လှန်ရေးသို့ တိုးချဲ့သွားရန် ချမှတ်

ထားလေရာ ဗမာပြည်ကွန်မြူနစ်ပါတီသည်လည်း အိန္ဒိယပါတီ၏ လမ်းစဉ်ကို ကူးယူတော့သည်။ တရုတ်ပြည်တွင်လည်း ယီနန်

အခြေခံစခန်းမှ ပြည်လုံးကျွတ်တော်လှန်ရေး ကြီးသို့ ကူးပြောင်းနိုင်ခဲ့လေရာ ကွန်မြူနစ်များကလည်း ပျဉ်းမနား အခြေခံစခန်းမှ

အပြီးသတ် အာဏာသိမ်း ရေးကို စိတ်ကူးယဉ်လာကြတော့သည်။

သို့သော် သခင်သန်းထွန်း၏ လက်နက်ကိုင် ဆူပူ အုံကြွရေးလမ်းစဉ်ကို မယုံကြည်ခဲ့သော သိန်းဖေမြင့် ၏ တော်လှန်ရေးကာလ

နိုင်ငံရေးအတွေ့အကြုံများ စာအုပ်၊ စာမျက်နှာ ၂ဝ၂ နှင့် ၂ဝ၃ တွင် အောက်ပါ အတိုင်း တွေ့ရလေသည်။

ယင်းကဲ့သို့ ကာလ၊ ဒေသ၊ အခြေအနေ ခြားနား ခြင်းများကြောင့် တရုတ်ပုံတူကူးချပြီး ဗမာ့တော်လှန် ရေးကို မဆင်နွှဲအပ်ပေ။

ယီနန်ကို အခြေခံစခန်းလုပ် သလို

ပျဉ်းမနားကို အခြေခံစခန်းလုပ်ပြီး ပြည်လုံးကျွတ် လက်နက်ကိုင်တော်လှန်ရေး တိုးချဲ့သွားရန်ဆိုသော လမ်းစဉ်မှာ မမှန်ချေ။

၁၉၄၆ ခုနှစ်၊ အောက်တိုဘာလတွင် ဖဆပလ ကွန်မြူနစ် ကွဲပြီးသည့်နောက်ပိုင်းမှာ ဗမာပြည် ကွန်မြူနစ်ပါတီသည် စက္ကူနီ

စာတမ်းလမ်းစဉ်နှင့် လက်နက်ကိုင်တော်လှန်ရေး အခြေခံစခန်းများကို တိုးချဲ့သွားသော လမ်းစဉ်နှစ်ခုကြားတွင် ဟိုဘက်ယိမ်း သည်ဘက်ယိုင်

ဖြစ်နေခဲ့လေသည်။

သိန်းဖေသည် လက်နက်ကိုင်တော်လှန်ရေး အခြေခံစခန်းများကို တိုးချဲ့သွားခြင်းဖြင့် ပြည်လုံးကျွတ် တော်လှန်ရေးကြီးသို့ ရောက်မည်ဟူသော

လမ်းစဉ်ကို မယုံကြည်ပေ။

ကိုသိန်းဖေသည် ကွန်မြူနစ်ပါတီ မူလက ချမှတ် ထားခဲ့သော တစ်ဖက်က ကြားဖြတ်အစိုးရအာဏာကို အစွမ်းကုန်သုံး၊ တစ်ဖက်က

လူထုတိုက်ပွဲများနှင့် ဆက်စပ်ဖော်ပေးပြီး တကယ့် ယာယီအမျိုးသားအစိုးရ တည်ထောင်ရန်နှင့် အချုပ်အခြာအာဏာပိုင် တိုင်းပြု

ပြည်ပြုလွှတ်တော်ခေါ်ရန်ဟူသော လမ်းစဉ်ကို လက်ခံ ထားသည်။ ဗြိတိသျှတို့က အကြမ်းဖက်နှိမ်နင်းမှသာ လူထုက လက်နက်ဖြင့်ခုခံရင်း

အမျိုးသားလွတ်မြောက်ရေးစစ်ပွဲ အသွင်ပြောင်းရမည်ဟု ဆိုသည်။ ဖဆပလ-ကွန်မြူနစ် ကွဲပြီးနောက် ပထမဆုံးပြုလုပ်သော ဗဟို

ကော်မတီအစည်းအဝေးတွင် ကိုသိန်းဖေနှင့် သခင် သန်းထွန်း သည် ဖဆပလ-ကွန်မြူနစ်ညီညွတ်ရေးကို

ဆွေးနွေးကြသေးသော်လည်း ဂိုဏ်းဂဏစွဲပြင်းထန် သည့် တောင်ငူ သခင်သိန်းဖေတို့လူစုက အပြင်း အထန်ကန့်ကွက်ကြသည်။

သခင်သန်းထွန်းသည် ဖဆပလနှင့် လမ်းခွဲ၍ လက်နက်ကိုင် ဆူပူအုံကြွရေးလမ်းစဉ်ကိုသာ လက်ခံ လိုက်သည်။ ကိုသိန်းဖေက

ဖဆပလ-ကွန်မြူနစ် ညီညွတ်ရေးဆောင်ပုဒ်ကို အဆိုပြုသောအခါ ကိုသိန်းဖေကို မပြတ်သားသူဟု ဝေဖန်ကြတော့သည်။ ကိုသိန်းဖေ

ရေးသားသည့် ဆောင်းပါးများတွင် ဗိုလ်ချုပ် အောင်ဆန်းဟု ရေးသားသည်ကို အပြစ်တင်ပြီး ဖက်ဆစ်အောင်ဆန်းဟု ရေးသားရန်

ဝေဖန်သူများပင် ရှိခဲ့သည်။ နောက်ဆုံးတွင် ဗဟိုကော်မတီသည် ကို သိန်းဖေအား ပြီးခဲ့သောအမှားများတွင် တာဝန် အများဆုံးရှိသူ၊

ပြန်လည်တွေးတောရန်လိုသူ၊ ပြန်လည် လေ့လာရန်လိုသူအဖြစ် ဆုံးဖြတ်ကာ ရက်အကန့် အသတ်မရှိ ခွင့်ရက်ရှည်ယူရန်

စီရင်ချက်ချလိုက်တော့ သည်။ ကိုသိန်းဖေက အယူခံဝင်သောအခါ ခွင့်ခြောက် လယူရန် ပြင်ဆင်သတ်မှတ်သော်လည်း

ခွင့်စေ့လျှင် မည်သည့်တာဝန်ယူရန်ကိုကား နောက်မှ စဉ်းစားမည် ဟု ဆုံးဖြတ်သည်။ ဆိုလိုသည်မှာ ကိုသိန်းဖေသည်

ခွင့်ရက်စေ့သွားလျှင်လည်း ပါတီ၏ခေါင်းဆောင်မှုတွင် ပါဝင်နိုင်တော့မည် မဟုတ်ပေ။ သခင်သန်းထွန်းသည် ကိုသိန်းဖေ၏

ခေါင်းဆောင်မှုအား ဖြုတ်ချလိုက်ပြီးသည့် အချိန်မှစ၍ တစ်ဦးတည်းခေါင်းဆောင်အဖြစ် သေသည်အထိ ရပ်တည်သွားခဲ့သည်။

ကိုသိန်းဖေမှာလည်း ထိုအချိန်မှစ၍ ပါတီခေါင်းဆောင်မှုကို ပြန်လည် ချဉ်းကပ်နိုင်ခြင်း မရှိတော့ပေ။

ဂျိုရှီ၏စာ

၁၉၄၆ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက် နေ့စွဲဖြင့် အိန္ဒိယကွန်မြူနစ်ပါတီမှ စာတမ်းရှည်ကြီးတစ်စောင် ပေးပို့လိုက်ရာ ထိုစာတမ်းအမည်မှာ

ဗမာပြည် ရဲဘော်များသို့ ဗြောင်ပေးစာ ဖြစ်သည်။ ထိုစာတမ်း သည် သခင်စိုးနှင့် အလံနီများအပါအဝင် မြန်မာ ကွန်မြူနစ်များအားလုံးကို

ရည်ညွှန်းထားပြီး ပါတီချင်း ပြန်ပေါင်းရန် ဝေဖန်ထားသည်။ ဖဆပလနှင့် ကွန်မြူ နစ်များ ညီညွှတ်ကြရန်လည်း လမ်းညွှန်ထားသည်။

ထိုစာတမ်းတွင် ကွန်မြူနစ်ပါတီ၏ အတိတ်ကအမှား များကိုလည်း ဖော်ပြထားသည်။ ဆိုရှယ်လစ်(ပြည်သူ့ အရေးတော်ပုံပါတီ)နှင့်

ကွန်မြူနစ်ကွဲခြင်း၊ ဖဆပလ နှင့် ကွန်မြူနစ်ကွဲခြင်းတို့တွင် ကွန်မြူနစ်ပါတီ၏ အမှား မကင်းကြောင်းလည်း ဝေဖန်ထားသည်။

ဗြိတိသျှ နယ်ချဲ့သည် ကြားဖြတ်အစိုးရအား အာဏာအချို့ ခွဲဝေပေးပြီး အခြေခံစခန်းနှင့် ဆူပူအုံကြွမှုများကို ထိန်းသိမ်းကာ လူထုကို

ဖိနှိပ်မည်ဟုလည်း သုံးသပ်ပြ ထားသည်။

ဂျိုရှီ၏ပေးစာတွင် သခင်စိုး၏ လူထုတိုက်ပွဲခေါ် ဆူပူအုံကြွမှုများကို များစွာ အထင်ကြီးနေသည်။ သခင်စိုး၏ ဂိုဏ်းဂဏဝါဒကိုလည်း

လျှော့၍တွက် သည်။

ဗိုလ်ချုပ်အောင်ဆန်းကိုမူကား အလျှော့ပေး သမား၊ ဓနရှင်ခေါင်းဆောင်ဟု သတ်မှတ်ထားသည်။ ဗမာပြည်ကွန်မြူနစ်ပါတီသည်

အိန္ဒိယပြည် ကွန်မြူနစ် ပါတီ၏ လမ်းညွှန်ချက်ကို ချက်ချင်းလက်ခံလိုက်သည်။ ထို့နောက် အဆုံးသတ်အာဏာသိမ်းရေးအတွက်

ဖဆပလ၊ ကွန်မြူနစ်ညီညွတ်ကြဟူသော ကြွေးကြော် သံကို ချမှတ်လိုက်ကြသည်။ ၁၉၄၇ ခုနှစ်၊ နှစ်ဆန်း တွင် ဖဆပလ၏ တစ်နှစ်အတွင်း

လွတ်လပ်ရေး ကြွေးကြော်သံ ထင်ရှားလာသောအခါ ကွန်မြူနစ်ပါတီ ကလည်း အားတက်သရော ထောက်ခံလိုက်သည်။

ဖဆပလ ကြားဖြတ်အစိုးရသည် သပိတ်အများ အပြားကို လှန်နိုင်ခဲ့သော်လည်း အခြေခံပြဿနာများကို ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပေ။

ယင်းအခြေခံပြဿနာများ မှာလည်း လွတ်လပ်ရေးမရမချင်း ဖြေရှင်းရန် မလွယ် ကူပေ။ ထို့ကြောင့် ဖဆပလသည် တစ်နှစ်အတွင်း

လွတ်လပ်ရေး ရရမည်ဟူသော ဆုံးဖြတ်ချက်ကို ချမှတ် လိုက်သည်။

၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်မတိုင် မီ အဖြေမရပါက အစိုးရအဖွဲ့ နုတ်ထွက်မည်ဟူ၍ လည်း ဗြိတိသျှတို့ထံ ရာဇသံပေးလိုက်သည်။

အောင်ဆန်း-အက်တလီစာချုပ်

ဖဆပလ၏ တစ်နှစ်အတွင်း လွတ်လပ်ရေးပေးရန် ရာဇသံကြောင့် ဗြိတိသျှအစိုးရသည် မြန်မာ့လွတ်လပ် ရေးကို ဆွေးနွေးရန် ဖဆပလအား

ဖိတ်ခေါ်ရတော့ သည်။ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဗိုလ်ချုပ် အောင်ဆန်းကခေါင်းဆောင်ပြီး သခင်မြ၊ ဦးကျော်ငြိမ်း၊ ဦးဘဘေ၊ သခင်ဗစိန်နှင့်

ဂဠုန်ဦးစော အစရှိသော ပုဂ္ဂိုလ်များ ပါဝင်ကြသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလတွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့သို့

ထွက်ခွာသွားကြသည်။ မြန်မာကိုယ်စား လှယ်အဖွဲ့ လွတ်လပ်ရေး အရေးဆို၍ကောင်းစေရန် အတွက် ဖဆပလ အဖွဲ့ချုပ်က အလုပ်သမားများ၏

အထွေထွေသပိတ်ကြီးကို ဆင်နွှဲလိုက်သည်။ ကွန်မြူနစ် တို့ကလည်း ဖဆပလ၏ အလုပ်သမားသပိတ်ကို ထောက်ခံပြီး ပါဝင်ဆင်နွှဲသည်။

ဆိုရှယ်လစ်နှင့် ပြည်သူ့ရဲဘော်တို့က ဗိုလ်ချုပ် အောင်ဆန်း၏ 'ရရင်ရ မရရင်ချ'ဟူသော ဆောင်ပုဒ် ကို ထောက်ခံပြီး လိုအပ်လျှင်

လက်နက်ကိုင်တော်လှန် ရေးဆင်နွှဲနိုင်ရန် အသင့်ပြင်ကြသည်။ ကွန်မြူနစ်တို့ ကလည်း လိုက်လံထောက်ခံပြီး ပြင်ဆင်ကြသည်။ သခင်စိုးကမူ

လွတ်လပ်ရေးကို ဘိလပ်သွားတောင်း ခြင်းသည် အချောင်သမားလုပ်ငန်းဖြစ်သည်ဟု ဝေဖန်လိုက်သည်။ ဖေ-ပု-ရှိန်တို့၏ ဒိုင်အာခီ လွတ်လပ်

ရေးမျိုးသာ ရမည်ဟုလည်း ပြက်ရယ်ပြုသည်။

မြန်မာကိုယ်စားလှယ်များသည် ဗြိတိသျှကိုယ်စား လှယ်များနှင့် ဆွေးနွေးပြီးနောက် ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်တွင်

အောင်ဆန်း-အက်တလီ စာချုပ်ကို ချုပ်ဆိုလိုက်ကြသည်။ ယင်းစာချုပ်အရ မြန်မာနိုင်ငံသည် ၁၉၄၇ ခုနှစ်၊ ဧပြီလတွင် နောက်ဆုံး ထား၍

တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲကို ကျင်းပခွင့်ရလာသည်။ လုံးဝလွတ်လပ်ရေးမရရှိသေး သော်လည်း တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲ

ကျင်းပပြီးသည်နှင့် ဥပဒေပြုကောင်စီကို ခန့်အပ်ပေး မည်ဖြစ်သည်။ ကြားဖြတ်အစိုးရသည်လည်း အိန္ဒိယ ပြည်၏ ကြားဖြတ်အစိုးရနှင့်တန်းတူရည်တူ

အခွင့် အရေးရလာသည်။ နိုင်ငံခြားရေးရာတွင် လန်ဒန်၌ ကိုယ်စားလှယ်ခန့်ထား၍ တစ်ဆင့်ခံဆက်သွယ်ရန်သာ အခွင့်အရေးရှိသေးသော်လည်း

ကမ္ဘာ့အသင်းအဖွဲ့ ဝင်ခွင့်ကိုမူ လွှတ်တော်ဆုံးဖြတ်ချက်အတိုင်း အင်္ဂလန် ဘုရင်က သဘောတူမည်ဟု ဆိုသည်။ ကာကွယ်ရေး တွင်လည်း

ဗမာ့တပ်မတော်ကို ကြားဖြတ်အစိုးရ၏ အုပ်ချုပ်မှုအောက်သို့ သွင်းပေးခဲ့သည်။ သို့သော် မြန်မာစစ်သေနာပတိမှာ အခြေအနေအရ မဟာမိတ်

တို့၏ အရှေ့တောင်အာရှစစ်ဌာနချုပ်၏လက်အောက် တွင်သာ ရှိနေသေးသည်။

အောင်ဆန်း-အက်တလီစာချုပ်သည် လုံးဝ လွတ်လပ်ရေးစာချုပ်မဟုတ်သေးသော်လည်း လွတ်လပ် ရေး၏ ရှေ့တော်ပြေးပင်ဖြစ်သည်။ လွတ်လပ်ရေး

အတွက် ကြိုတင်၍ ခိုင်မာစွာ ပြင်ဆင်ခြင်းပင် ဖြစ် သည်။ အောင်ဆန်း-အက်တလီစာချုပ်ကို လန်ဒန်မြို့ အမှတ် ၁ဝ၊ ဒေါင်းနင်းလမ်း၊

နန်းရင်းဝန်(ဝန်ကြီးချုပ်) ၏အိမ်တော်တွင် ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက် တွင် လက်မှတ်ရေးထိုးကြသည်။ သို့သော် သခင်ဗစိန် နှင့်

ဂဠုန်ဦးစောတို့သည် စာချုပ်ကို လက်မှတ်မထိုး ခဲ့ကြပေ။

စောဘဦးကြီးကလည်း စာချုပ်ကို လက်မခံ ခဲ့ပေ။ ဗမာပြည်ကွန်မြူနစ်ပါတီသည်လည်း နိုင်ငံခြား စစ်တပ်များ ထွက်ခွာပေးရေးနှင့် တိုင်းပြုပြည်ပြု

လွှတ်တော်သို့ အချုပ်အခြာအာဏာလွှဲပြောင်းပေးရေး တို့ကို ကြွေးကြော်ကာ အောင်ဆန်း-အက်တလီစာချုပ် ကို ဝေဖန်လာပြန်သည်။

ဗိုလ်ချုပ်အောင်ဆန်းမှာမူ တောင်ပေါ်ဒေသ စည်းရုံးရေးကို အလေးထား၍ ဆောင်ရွက်နေရသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့ လန်ဒန်သို့ သွားရောက်

ဆွေးနွေးစဉ်က ရှမ်းစော်ဘွားအချို့ ဗိုလ်ချုပ်အောင်ဆန်း ကို ရှမ်းကိုယ်စားလှယ်မဟုတ်ဟု ကန့်ကွက်ခဲ့သဖြင့် ဦးတင်အေး၊ ဦးဖေခင်၊

ဦးထွန်းမြင့်တို့ဦးစီး၍ လူထု အစည်းအဝေးခေါ်ကာ ရှမ်းပြည်ကိုယ်စားလှယ် ဖြစ်ကြောင်း ကြေးနန်း ပြန်ရိုက်ခဲ့ရသည်။ ဗိုလ်ချုပ် အောင်ဆန်းသည်

ယင်းအချက်ကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အရေးကြီးပုံကို သတိပြုမိကာ တောင်ပေါ်ဒေသ စည်းရုံးရေးအဖြစ် လှည့်လည်၍

ဆောင်ရွက်ခဲ့ရသည်။

ပင်လုံစာချုပ်

မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုတွင် တိုင်းရင်း သားစည်းလုံးညီညွတ်ရေးသည် အရေးကြီးကြောင်း ဗိုလ်ချုပ်အောင်ဆန်းသည် ကောင်းစွာသဘောပေါက် ခဲ့သည်။

ထို့ကြောင့်လည်း ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အထူးဦးစားပေး ၍ဆောင်ရွက်ခဲ့သည်။ ဗြိတိသျှနယ်ချဲ့တို့သည် တိုင်းရင်း

သားချင်းသွေးကွဲစေရန်အတွက် (Divide and Rule)ဟု ခေါ်သော သွေးခွဲစနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ မြန်မာ ပြည်မနှင့် တောင်ပေါ်ဒေသများ၏ အုပ်ချုပ်ရေးမှာ

မတူညီပေ။ အထူးသဖြင့် ရှမ်းပြည်နယ်တွင် ပဒေသရာဇ် စနစ်ကို ဆက်လက်ခွင့်ပြုထားလေရာ ရှမ်းစော်ဘွား များသည် အခွင့်ထူးခံအုပ်ချုပ်သူလူတန်းစားများဖြစ်

လာပြီး ရှမ်းတိုင်းရင်းသားများမှာမူ ပြည်မနှင့်မတူဘဲ အသွင်သဏ္ဌာန် ကွာခြားနေရသည်။

တောင်တန်းဒေသများသည် ဘုရင်ခံ၏အုပ်ချုပ်မှု အောက်တွင် တိုက်ရိုက်တည်ရှိခဲ့သည်။ ဒုတိယကမ္ဘာ စစ်ကြီးအပြီးတွင် ဗြိတိသျှအစိုးရကကျင့်သုံးသည့်

ဆင်းမလားစီမံကိန်း (ခေါ်) စက္ကူဖြူစာတမ်းအပိုင်း(၂) တွင် မြန်မာပြည်ကို နောက်ဆုံးအဆင့်အဖြစ် ဒိုမီနီယံ အုပ်ချုပ်ရေးပေးအပ်သောအခါ သီးသန့်ဒေသများဖြစ်

သည့် ရှမ်းပြည်နယ်များနှင့် လူနည်းစုများ နေထိုင်ရာ ဒေသများကို ဘုရင်ခံ၏ အုပ်ချုပ်မှုအောက်တွင် ဆက်လက်ထားရှိရန် ရေးဆွဲထားသည်။ ဗြိတိသျှအစိုးရ သည်

နယ်ခြားဒေသအုပ်ချုပ်ရေးစည်းမျဉ်းဥပဒေဟု ခေါ်သော စီမံကိန်းတစ်ခုကိုလည်း ရေးဆွဲဖြန့်ချိခဲ့ သည်။ ယင်းစီမံကိန်းမှာ တောင်တန်းဒေသအတွက် သီးခြား

စက္ကူဖြူစာတမ်းပင် ဖြစ်သည်။ ၂

ဗြိတိသျှတို့၏ 'နယ်ခြားဒေသ အုပ်ချုပ်ရေး စည်းမျဉ်းဥပဒေ (၁၉၄၆)'သည် မြန်မာနိုင်ငံ ပြည်မ နှင့် တောင်ပေါ်ဒေသများအား ခွဲခြားထားခြင်းပင် ဖြစ်သည်။

ထိုဥပဒေတွင် အကျုံးဝင်သော နယ်ပယ် ချင်းပင်လျှင် အခွင့်အရေးချင်းမတူဘဲ အပိုင်းနှစ်ပိုင်း ခွဲခြား၍ သတ်မှတ်ထားသည်ကို တွေ့ရသည်။

အပိုင်း(၁)တွင် ပါဝင်သောနယ်မြေများ

(၁) ပူးပေါင်းထားသော ရှမ်းပြည်နယ်စု။

(၂) ပူးပေါင်းထားသော ရှမ်းပြည်နယ်စုမှအပ ဖြစ်သော ရှမ်းနယ်ပယ်များ။

(၃) ရခိုင်တောင်တန်းနယ်များ။

(၄) ချင်းတောင်ခရိုင်။

(၅) မြစ်ကြီးနား၊ ဗန်းမော်၊ ကသာခရိုင်များရှိ ကချင်တောင်တန်းနယ်များ။

(၆) ဆွန်ဓရနယ်မြေ။

(၇) တြိဂံနယ်မြေ။

(၈) အထက်ချင်းတွင်းခရိုင် မြောက်ပိုင်းရှိ ဟူးကောင်းတောင်ကြားနယ်။

(၉) သံလွင်ခရိုင်။

အပိုင်း(၂)တွင် ပါဝင်သော နယ်မြေများ

(၁) အပိုင်း(၁)တွင် မပါဝင်သော မြစ်ကြီးနား နှင့် ဗန်းမော်ခရိုင်။

(၂) အထက်ချင်းတွင်းခရိုင်အတွင်း ဟုမ္မလင်း ဆပ်ဒီဝီဇံပါဝင်သော ဒေသများနှင့် မော်လိုက်ဆပ်ဒီဝီဇံတွင် ယခင်က ပါဝင် သော ကျေးရွာအုပ်စုများ။

(၃) တောင်ငူခရိုင် အရှေ့ဘက်ခြမ်းနှင့် သထုံ ခရိုင် အပိုင်း(၂)နယ်ဟုခေါ်သော ကရင် တောင်တန်းနယ်များ၊ ကြာအင်းမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်၊

မြဝတီတိုက်နယ်။

ဗြိတိသျှနယ်ချဲ့တို့သည် ဖော်ပြပါနယ်မြေများ အား စော်ဘွား၊ နယ်စားပယ်စား စသည်ဖြင့် အမျိုးမျိုး ပေး၍ ခန့်ထားကာ ယင်းဒေသခံ အုပ်ချုပ်သူ

လူတန်းစားများမှတစ်ဆင့် မျက်နှာဖြူ နယ်ခြားဒေသ အုပ်ချုပ်ရေးအရာရှိများက အုပ်ချုပ်သောစနစ်ကို ကျင့်သုံးခြင်းပင် ဖြစ်သည်။ ရှမ်းစော်ဘွား၊ မြို့စား၊ ငွေခွန်မှူး၊

ကရင်နီစောဖျာ၊ ကချင်ဒူဝါ၊ ချင်းတောင် အုပ်ချောင်းအုပ်များက နယ်လူထုကို လူရိုင်းများအဖြစ် သဘောထားကာ 'ထုံးဓလေ့စည်းကမ်း' အမည်တပ်၍ လိုသလို

အုပ်ချုပ်ခြင်းကိုလည်း ခွင့်ပြုခဲ့သည်။ မြန်မာ ပြည်မတွင် အုပ်ချုပ်ရေးပုံစံမှာ နယ်ချဲ့လက်အောက် ကျရောက်ခါစနှင့်စာလျှင် နိုင်ငံရေးတိုက်ပွဲများ၏ အခြေအနေအရ

တဖြည်းဖြည်း တိုးတက်ပြောင်းလဲ လာခဲ့သော်လည်း တောင်တန်းဒေသများမှာမူ မည်သို့ မျှ ထူးခြားခြင်း မရှိခဲ့ပေ။

သို့သော် ဒုတိယကမ္ဘာစစ်ကြီး အတွင်းတွင် တောင်တန်းဒေသများသည် နိုင်ငံရေး နိုးကြားလာကြ သည်။ ဘုရင်ခံသည် ၁၉၄၆ ခုနှစ်၊ နယ်ခြားဒေသ

အုပ်ချုပ်ရေးစည်းမျဉ်းဥပဒေကို ရှမ်းပြည်နယ် စော်ဘွားများက လက်ခံစေရန် ပင်လုံ၌ အစည်း အဝေးတစ်ရပ် ကျင်းပစေခဲ့သည်။ သို့သော် ယင်း အစည်းအဝေးသို့

ဘုရင်ခံ မတက်ရောက်နိုင်သကဲ့သို့ နယ်ရှင်စော်ဘွားများကလည်း လက်ခံရန် ရက်ရွှေ့ဆိုင်း ခဲ့သည်။ သို့ရာတွင် 'တောင်တန်းသားများ စည်းလုံး

ညီညွတ်ရေးဦးစီးအဖွဲ့' (SCOUHP) ပေါ်ပေါက်လာ ပြီး ပြည်မအစိုးရနှင့် စင်ပြိုင်အစိုးရများသဖွယ် ဖြစ် လာသည်။ မည်သို့ပင် အခေါ်အဝေါ်ပြောင်းလဲစေ ကာမူ

တောင်တန်းဒေသများနှင့် မြန်မာပြည်မမှာ ဗြိတိသျှနယ်ချဲ့တို့၏ စနစ်တကျ ခွဲခြားအုပ်ချုပ်ခြင်း ကို ခံနေရသည်သာ ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးအတွက် မနားမနေ စည်းရုံးခဲ့ရသည်။ ၁၉၄၆ ခုနှစ်၊ မတ်လတွင် ရခိုင်ခရီးစဉ်ကို စတင်သည်။

ရှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင်လည်း ပြည်သူ့ရဲဘော်အဖွဲ့တွေ အလျှိုအလျှို ပေါ်လာသည်။ ဗိုလ်ဘရီက ဗိုလ်ချုပ်အောင်ဆန်း၏ ညွှန်ကြားချက်အရ

ကြိုးစားစည်းရုံးသဖြင့် ၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ ၂ဝ ရက်တွင် ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ ပေါ်ပေါက် လာတော့သည်။

ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့၏ အမှုဆောင်များ မှာ အောက်ပါအတိုင်း ဖြစ်သည် -

(၁) ဒေါက်တာ ခွန်သာအေး (ကွယ်လွန်) ဥက္ကဋ္ဌ

(၂) ဦးထွန်းမြင့် (ပါလီမန် အတွင်းဝန်ဟောင်း) အထွေထွေအတွင်းရေးမှူး

(၃) ဦးဘအေး ဘဏ္ဍာရေးမှူး

(၄) ဦးစံဖေ (ကွယ်လွန်) ပြန်ကြားရေး

(၅) ဦးထွန်းဖေ စည်းရုံးရေး

(၆) ကိုအုန်းဖေ (လွိုင်လင်) အမှုဆောင်

(၇) ဗိုလ်ဘရီ ။

(၈) ကိုစံတင့် (စာရေးဆရာ စံတင့်၊ ရှမ်းပြည်) ။

(၉) ကိုလှမင်း (မိုးနဲ) ။

(၁ဝ) ကိုအေးမောင် (မိုးမိတ်) (ကွယ်လွန်) ။

(၁၁) ကိုသန်းဖေ (မိုးမိတ်) (ကွယ်လွန်) ။

(၁၂) ကိုထွန်းဦး (သီပေါ) (ကွယ်လွန်) ။

ရှမ်းပြည်နယ်တွင် ဖွဲ့စည်းခဲ့ကြသော ပြည်သူ့ ရဲဘော်များနှင့် ရှမ်းပြည်လွတ်မြောက်ရေး အဖွဲ့ဝင်များ သည် များစွာ ဖိနှိပ်ခံခဲ့ကြရသည်။ ဗြိတိသျှနယ်ချဲ့တို့ သည်

ပဒေသရာဇ်များမှတစ်ဆင့် နိုင်ငံရေးအမြင် တိုးတက်သော မျိုးချစ်ပုဂ္ဂိုလ်များကို နည်းမျိုးစုံဖြင့် ဖိနှိပ်ချုပ်ချယ်ခဲ့ခြင်း ဖြစ်သည်။ ရှမ်းပဒေသရာဇ်များ သည်လည်း

မိမိတို့၏ ကိုယ်ကျိုးစီးပွားကို ထိခိုက်မည် စိုးသဖြင့် ရှမ်းမျိုးချစ်များအပေါ် ရက်စက်စွာ ဖိနှိပ် အုပ်ချုပ်ခဲ့ကြရသည်။ ပဒေသရာဇ်တို့သည် ၁၉၄၆ ခုနှစ်

ပင်လုံကွန်ဖရင့်တွင် 'စဝ်ဖကောင်စီ' ကို ဖွဲ့စည်းပြီး ဗြိတိသျှနယ်ချဲ့စနစ်၏ လက်ဝေခံပဒေသရာဇ်စနစ်ကို ကျားကန်ထားကြသည်။ ဗြိတိသျှအုပ်ချုပ်ရေးအရာရှိ

များနှင့် စော်ဘွားများသည် အစည်းအဝေးများ၊ ကွန်ဖရင့်များကို လျှို့ဝှက်၍တစ်မျိုး၊ ဗြောင်ကျကျ တစ်မျိုး ကျင်းပကာ ရှမ်းပြည်နယ်အား ကြိုးကိုင်ရန်

ကြိုးပမ်းခဲ့ကြသည်။

သို့နှင့် ရှမ်းပြည်စော်ဘွားအများစု သည် ယင်းတို့၏ ကိုယ်ကျိုးစီးပွားဖြစ်သော ပဒေ သရာဇ်စနစ်ကို ကာကွယ်ရင်းမှ လွတ်လပ်ရေးကြိုးပမ်း မှုကိုပါ

နှောင့်ယှက်ဖျက်ဆီးသူများ ဖြစ်လာကြရသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးကိစ္စ ဆွေးနွေးဖို့ လန်ဒန်သို့မသွားမီတွင် အရေးအကြီးဆုံး နှင့် အဓိကကျသော တောင်တန်းဒေသဖြစ်သည့်

ရှမ်းပြည်သို့သွားရန် စီစဉ်ခဲ့သည်။ ယင်းအခြေအနေ တွင် ရှမ်းစော်ဘွားများမှာ ရှမ်းလူထု၏အာဏာရှင် ခေါင်းဆောင်များဖြစ်နေလေရာ ဗိုလ်ချုပ်အောင်ဆန်း သည်

စော်ဘွားများနှင့်ပင် ညှိနှိုင်းရမည်ဖြစ်သည်။ ၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်တွင် ဗိုလ်ချုပ် အောင်ဆန်း တောင်ကြီးသို့ရောက်လာသည်။ ဗိုလ်ချုပ်

အောင်ဆန်းနှင့်အတူ ဇနီး ဒေါ်ခင်ကြည်၊ အပါးတော် မြဲ ဗိုလ်ထွန်းလှ(တက္ကသိုလ်နေဝင်း)၊ သတင်းစာဆရာ ဦးပုကလေးနှင့် ဗိုလ်မင်းလွင်တို့လည်း ပါလာကြသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့အား တောင်ကြီးမြို့တွင် ရှမ်းပြည်သူများက ဝက်ဝက်ကွဲကြိုဆိုကြသည်။ ဗိုလ်ချုပ် သည် ကရင်နီနယ်သို့ ချက်ချင်းခရီးဆက်ပြီး လွိုင်ကော်

သို့သွားသည်။ လွိုင်ကော်ဓမ္မာရုံတွင် တရားပွဲကျင်းပရာ ဗိုလ်ချုပ်က နယ်ခြားဝန်ထောက် စတီဗင်ဆင်ကို မြန်မာ နှင့်တောင်တန်းဒေသလူမျိုးများအား သွေးခွဲပုံကို

ဟောပြောပြီး လွတ်လပ်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန် ဖိတ်ခေါ်လိုက်သည်။

ဗိုလ်ချုပ်အောင်ဆန်း လွိုင်ကော်သို့ ရောက်နေ ချိန်တွင် သတ္တုတွင်းဌာန ဝန်ကြီးဖြစ်သူ စောဘဦးကြီး သည်လည်း တောင်ငူလမ်းအတိုင်း လွိုင်ကော်သို့ ရောက်လာပြီး

တရားပွဲကို တက်လာသည်။ မော်ချီး သတ္တုတွင်းအလုပ်သမားတစ်ဦးက ကရင်နှင့် ဂေါ်ရခါး တို့ သွေးခွဲကြပုံကို တိုင်ကြားရာ ဗိုလ်ချုပ်အောင်ဆန်း က စောဘဦးကြီးကို

ရှင်းလင်းခိုင်းခဲ့သည်။ သို့သော် စောဘဦးကြီးမှာ ကရင်များ အင်္ဂလန်တွင် ပညာသင် ကြပုံကိုသာ ဟောပြောသွားပြီး ဝေ့လည်ကြောင်ပတ် ဖြေကြားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် တောင်ကြီးမြို့သို့ စုဝေး ရောက်ရှိနေကြသော စော်ဘွားများနှင့် ၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက် တွင် ညောင်ရွှေဟော် ၌

စည်းဝေးပွဲကျင်းပသည်။ တစ်စုံတစ်ရာ ဆုံးဖြတ်ချက်မချနိုင်သော ဗိုလ်ချုပ် အောင်ဆန်းသည် ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက် နှင့်အတူ ညောင်ရွှေမြို့သို့သွားရန်

စော်ဘွားများနှင့် ဆွေးနွေးရပြန်သည်။ ညောင်ရွှေမြို့မှာ နယ်ရှင်များ အစည်းအရုံး (ခေါ်) စဝ်ဖကောင်စီ ရုံးစိုက်ရာလည်း ဖြစ်သည်။

၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်တွင် ဗိုလ်ချုပ် အောင်ဆန်းသည် ညောင်ရွှေလူထုကို တရားဟော ပြီးနောက် စဝ်ရွှေသိုက်ထံမှ တစ်စုံတစ်ရာအဖြေမရဘဲ

ပြန်သွားခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းပြန်သွားပြီး နောက် စဝ်ရွှေသိုက်သည် တောင်ကြီးမြို့ရှိ ညောင်ရွှေ ဟော်ကြီးတွင် ပြည်သူ့ရဲဘော်နှင့် ဖဆပလအဖွဲ့ချုပ် ဝင်

ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ကိုပါ ဖိတ်ခေါ်ရှင်းလင်း ပွဲလုပ်သည်။ ရှင်းလင်းပွဲ၏ အဓိကအချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။

(၁) ရှမ်းပြည်သည် အင်္ဂလိပ်လက်အောက်တွင် ဒိုမီနီယံအဖြစ် သီးခြားနေရေး။

(၂) စော်ဘွားနှင့် လူထု အညီအမျှ ကောင်စီ ဖွဲ့စည်း၍ ထိုကောင်စီက ရှမ်းပြည်အစိုးရ ကို ဖွဲ့စည်းရေး။

(၃) တရုတ်နိုင်ငံ၊ ယိုးဒယားနိုင်ငံများနှင့် မဟာ မိတ်ဖွဲ့ရေး။

ထို့နောက် စဝ်ရွှေသိုက်သည် ကြေညာချက် စာတမ်းတစ်စောင်ကို ရိုက်နှိပ်ထုတ်ပြန်ရာ အောက်ပါ အချက်များ ပါဝင်သည်။

(၁) ရှမ်းပြည်ကို မြန်မာပြည်နှင့် တန်းတူ တစ်ချိန်တည်း လွတ်လပ်ရေးပေးရန်။

(၂) ရှမ်းပြည်ကို ဗြိတိသျှအင်ပါယာအတွင်း သီးခြားဒိုမီနီယံအဆင့်အတန်းပေးရန်။

(၃) စော်ဘွားနှင့် လူထု အညီအမျှပူးပေါင်းပြီး ရှမ်းပြည်လွှတ်တော်ဖွဲ့စည်းရန်။

(၄) ကုလသမဂ္ဂဝင်ရန်၊ ရှမ်းတပ်မတော်ဖွဲ့ရန်။

အမှန်စင်စစ် ရှမ်းစော်ဘွားများသည် ရှမ်းပြည် လူထု၏ ကိုယ်စားလှယ်များ မဟုတ်ကြပေ။ ရှမ်း စော်ဘွားများမှာ ဗြိတိသျှနယ်ချဲ့တို့၏ လက်ပါးစေ

ပဒေသရာဇ်များသာ ဖြစ်နေသည်။ ယင်းတို့၏ ဖိနှိပ်မှု ကြောင့် ရှမ်းပြည်တွင် လူထုကိုယ်စားလှယ်များ ပေါ်ပေါက်ရန်လည်း အခွင့်အလမ်းနည်းပါးလျက် ရှိသည်။

ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလအတွင်း လန်ဒန်မြို့၌ နန်းရင်းဝန် အက်တလီနှင့် လွတ်လပ်ရေးဆွေးနွေးသောအခါ

တောင်တန်းဒေသနှင့် ပတ်သက်၍ များစွာ အခွင့် အရေးနည်းပါးခဲ့ရသည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်း သည် မြန်မာပြည်မနှင့် တောင်တန်းဒေသ၊ ကရင်နီ

ဒေသများပါ တစ်ပြည်လုံး လွတ်လပ်ရေးကိုသာ အကြိတ်အနယ်တောင်းဆိုခဲ့သည်။

ထိုအချိန်တွင် ပဒေသရာဇ်ရှမ်းပြည်နယ် စဝ်ဖ များကောင်စီအမှုဆောင်အဖွဲ့၏ ဥက္ကဋ္ဌ ဖြစ်သူ ခွန်ပန်းစိန် လက်မှတ်ရေးထိုးထားသည့် ကြေးနန်းနှစ်စောင်

ရောက်လာခဲ့သည်။ ပထမကြေးနန်းတွင် ရှမ်းပြည်နယ် ၏နောက်ခံသမိုင်းနှင့် စီးပွားရေး၊ လူမှုရေးအခြေအနေ စသည်တို့ကို ဖော်ပြ၍ ရှမ်းပြည်နယ်များသည် မြန်မာ

ပြည်မနှင့် ပူးပေါင်းရန် အချိန်မကျသေးကြောင်း၊ ဆက်စပ်လျက်ရှိသော လွတ်လပ်သော မြန်မာပြည်မ နှင့် ဆက်ဆံရန် နေသားတကျ မရှိသေးကြောင်း စသည် တို့ကို

ရေးသားထားသည်။ ထို့နောက် ပဒေသရာဇ် ကောင်စီကို အာဏာတိုးမြှင့်ပေးရန်၊ ဘဏ္ဍာရေးကို ပဒေသရာဇ်ကောင်စီ (စဝ်ဖကောင်စီ) သို့ လွှဲပေးရန်၊

ကိုယ်ပိုင်အုပ်ချုပ်ရေးပေးရန်၊ ဓနသဟာယနိုင်ငံ အခွင့် အရေးမျိုးပေးရန် အချက်များကို တောင်းဆိုထားသည်။ မြန်မာပြည်မှ အချိန်မရွေး ခွဲထွက်ခွင့်ကိုလည်းပေးရန်

ဖော်ပြထားသည်။

ဒုတိယစာတွင် မြန်မာပြည်မနှင့် ပေါင်းစည်းရေး ကို ကန့်ကွက်ပြီး 'ရှမ်းနယ်ပယ်များပြည်ထောင်စု' ထူထောင်ရန် ထပ်မံ၍ အရေးဆိုထားသည်။ လက်ရှိ

ပဒေသရာဇ်စနစ် အုပ်ချုပ်ရေးကိုလည်း အောက်ပါ အတိုင်း ဖော်ပြ၍ အကောင်းဆုံးဖြစ်ကြောင်း အရေး ဆိုထားသည် -

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အစဉ်အလာရှိခဲ့သော ကျွနု်ပ်တို့ နယ်ပယ်အများ ဖွဲ့စည်းပုံစနစ်သည် အချိန်ကာလ၏ အစမ်းအသပ်ကို ခံနိုင်ရည်ရှိပြီး

ဖြစ်သည်နှင့်အညီ ကျွနု်ပ်တို့ တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်သည်ဟု ယူဆဆဲပင်ဖြစ် သည်။

စာနှစ်စောင်စလုံးကို ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက် ရက်စွဲတပ်ပြီး သီပေါမြို့ဟု လက်မှတ်ရေးထိုး ထားသည်။ သို့သော် အမှန်တကယ်ပေးပို့သည်မှာ သိန္နီမှဖြစ်ပြီး

ဇန်နဝါရီလ ၂၁ ရက် ရက်စွဲဖြင့် ဘုရင့် အစိုးရထံပေးပို့ခြင်း ဖြစ်သည်။ ယင်းစာနှစ်စောင်သည် အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုရေးကို ပိတ်ပင်

တားဆီးခြင်းဖြစ်ကြောင်း များစွာထင်ရှားသည်။ ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်တွင် မျက်နှာဖြူ အရေးပိုင် မစ္စတာဘရစ်ကီ (Brickey, ICS) ဦးဆောင်သော

စစ်ပုလိပ်များသည် တောင်ကြီးမြို့ လမ်းမတော်ရှိ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ဌာနချုပ်ကို ဝိုင်းဝန်း၍ ကိုအုန်းဖေ(လွယ်လင်)နှင့် ဗိုလ်ဘရီတို့ကို ဖမ်းတော့ သည်။

ခရိုင်ရဲဝန်ကိုယ်တိုင်ဦးစီးသည့် ပုလိပ်များက လည်း ပြည်သူ့ရဲဘော်တပ်ဖွဲ့ရုံးကို ဝိုင်း၍ ကိုဘဌေး၊ ကိုအုန်းဖေ(တောင်ကြီး)၊ ကိုညွန့်မောင်နှင့် ကိုဘအောင် တို့ကို

ဖမ်းဆီးလိုက်သည်။ ကိုစံဝင်းနှင့် ကိုသောင်းဖေ ကိုလည်း ဖမ်း၍ တောင်ကြီးအချုပ်တွင် ထည့်သည်။ ကလောတွင်လည်း ပြည်သူ့ရဲဘော်မှ ကိုတောက်ထွန်း နှင့်

ကိုအောင်မြဒင်တို့ကို ဖမ်း၍ အချုပ်တွင် ထည့် သည်။ ကိုစံတင့်မှာမူ ထွက်ပြေးလွတ်မြောက်သွားသည်။

ထိုသို့ တိုးတက်သောခေါင်းဆောင်များ အဖမ်းခံ ရသည်နှင့် လူဦးရေခြောက်ထောင်ရှိသော တောင်ကြီး မြို့တွင် လူနှစ်ထောင်ခန့်မှာ နာရီပိုင်းအတွင်း စုဝေး၍

ဆန္ဒပြပွဲကြီး ကျင်းပတော့သည်။ အရေးပိုင်ဘရစ်ကီ၏ ရုံးကို ဝိုင်း၍ ဖမ်းထားသောရဲဘော်များ လွှတ်ပေးရန် တောင်းဆိုကြသည်။ ဦးဖေခင်(အငြိမ်းစား သံအမတ်

ကြီး)က ရန်ကုန်ရှိ ဖဆပလ ရုံးချုပ်နှင့် နန်းရင်းဝန် အက်တလီထံသို့ ဗိုလ်ချုပ်အောင်ဆန်းကိုသာ ထောက်ခံ တယ်ဟု ကြေးနန်းပို့လိုက်သည်။ စော်ဘွားများ၏

နှောင့်ယှက်စာနှစ်စောင်ကြောင့် အကြံအိုက်နေသော ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းလူထုတစ်ရပ်လုံး မိမိ ဘက်တွင်ရှိကြောင်း သိသဖြင့် အတန်ငယ် စိတ်အေး

သွားရသည်။ အဖမ်းခံရသော ခေါင်းဆောင်များမှာ ဖဆပလ အဖွဲ့ချုပ်ဝင် ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ နှင့် ပြည်သူ့ရဲဘော် ခေါင်းဆောင်များဖြစ်သည်။ ထို

ခေါင်းဆောင်များသည် ပင်လုံစာချုပ်ချုပ်ဆိုပြီး နှစ်ရက် အကြာတွင်မှ ပြန်လည်လွှတ်ပေးသဖြင့် လွတ်မြောက် ကြရလေသည်။

မည်သို့ပင်ဖြစ်စေ အောင်ဆန်း-အက်တလီစာချုပ် သည် ရှမ်းစော်ဘွားများ၏ နှောင့်ယှက်ဖျက်ဆီးမှုများ ကြားမှ အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့သည်။ စာချုပ်တွင်

နယ်ခြားဒေသများနှင့် ပတ်သက်၍ ပင်လုံကွန်ဖရင့် ကျင်းပပြီး နယ်ခြားဒေသ လူထု၏ ဆန္ဒအတိုင်း ဆောင်ရွက်ရန် နှစ်ဖက်သဘောတူထားသည်။ စင်စစ်

ဗြိတိသျှဘုရင်ခံများနှင့် စော်ဘွားများသည် ပင်လုံ ကွန်ဖရင့်ကို ကျင်းပ၍ နယ်ခြားဒေသအုပ်ချုပ်ရေး ဥပဒေ အတည်ပြုရေး ဆောင်ရွက်ရန် စီစဉ်ပြီးသား

ဖြစ်နေသည်။

ပင်လုံကွန်ဖရင့်တွင် ဗြိတိသျှနှင့် ရှမ်း ပဒေသရာဇ်များသည် မြန်မာတစ်ပြည်လုံး လွတ်လပ် ရေးကို ပျက်စီးရာ ပျက်စီးကြောင်း ဆောင်ရွက်ရန်

ညှိနှိုင်းပြီးဖြစ်နေသည်။ ထို့ကြောင့်လည်း အောင်ဆန်း- အက်တလီစာချုပ်တွင် ပင်လုံကွန်ဖရင့်၏ သဘော အတိုင်း ဖြစ်စေရမည်ဟု အတိအလင်း ထည့်သွင်း

ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့အနီးနှင့် နမ့်ဖတ်ကာ အလယ် တန်းကျောင်းတွင် ကချင်ခေါင်းဆောင်များ ဆွေးနွေး ကြသည်။

ကချင်ခေါင်းဆောင်များသည် သိန္နီစော်ဘွား နှင့်လည်း ဆွေးနွေးကြသည်။ အင်္ဂလိပ် အရာရှိများနှင့် လည်း ဆွေးနွေးကြသည်။ ထို့နောက် လွတ်လပ်သော သီးခြား

ကချင်ပြည်နယ်ရရှိရေး၊ ခွဲထွက်လိုက ခွဲထွက် ပိုင်ခွင့်ရှိရေး စသည့်အချက်များပါသော ဆုံးဖြတ်ချက် များကိုချကာ ပင်လုံသို့ ထွက်ခွာသွားကြသည်။ ဗိုလ်ချုပ်

အောင်ဆန်းသည် ဖေဖော်ဝါရီလ ၂ ရက်တွင် လန်ဒန် မှ ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာသည်။ ဖေဖော် ဝါရီလ ၃ ရက်တွင် ရှမ်းကိုယ်စားလှယ်အချို့၏ ပဏာမ

အစည်းအဝေးကို စတင်ကျင်းပရာ သဘာပတိအဖြစ် တောင်ပိုင်းစော်ဘွားကြီး ခွန်ပန်းစိန်က ဆောင်ရွက် သည်။ ဖေဖော်ဝါရီလ ၆ ရက်တွင် ကချင်ကိုယ်စား လှယ်နှင့်

ရှမ်းကိုယ်စားလှယ်များ ပူးပေါင်း၍ အစည်း အဝေးတစ်ရပ်ကျင်းပကာ သီးခြားပြည်နယ်ရရှိရေး၊ ခွဲထွက်ခွင့်ရရှိရေးတို့ကို ဆုံးဖြတ်သည်။ အောင်ဆန်း- အက်တလီ

စာချုပ်ကိုလည်း အောက်ပါအတိုင်း သဘောထားသည် -

မြန်မာကိုယ်စားလှယ်များနှင့်ဗြိတိသျှ အစိုးရ တို့၏ သဘောတူညီသော အကြောင်းအရာကိစ္စ အချက်အလက်များသည် ရှမ်းနှင့် ကချင်များသို့

ပတ်သက်ခြင်းမရှိစေရ။ လွတ်လပ်ရေးရပြီးသော အခါ ခွဲထွက်လိုက ခွဲထွက်ခွင့်ရှိရမည်။

ဗြိတိသျှနယ်ချဲ့သမားများနှင့် စော်ဘွားများသည် ပင်လုံကွန်ဖရင့်တွင် ယင်းတို့ ရည်မှန်းသည့်အတိုင်း ဖြစ်လာစေရန် ကချင်များကို စည်းရုံးထားသည့်အပြင်

ပဒေသရာဇ်ဆန့်ကျင်ရေးသမားများ၊ နိုင်ငံရေးသမား များနှင့် ပြည်သူ့ရဲဘော်ခေါင်းဆောင်များကိုလည်း ကွန်ဖရင့်သို့ မတက်ရောက်နိုင်ရန် ဖမ်းဆီး၍ အကျဉ်း

ချထားပေပြီ။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော ဆာမောင်ကြီး၊ ဦးတင်ထွဋ်၊

ဦးအောင်ဇံဝေ၊ ဗိုလ်ခင်မောင်ကလေး၊ သခင်ဝတင်၊ ဗိုလ်မှူးအောင်၊ ဗိုလ်မင်းလွင်၊ ဦးကိုကိုလေး၊ မြို့မ-ဦးသန်းကြွယ်၊ ဒေါက်တာ စိန်မြမောင်၊ ဗိုလ်သိမ်းဆွေ၊

ဦးတင်ညွန့်၊ ဦးမောင်မောင် စသော မြန်မာကိုယ်စားလှယ်များသည် လည်းကောင်း တက်ရောက်ခဲ့ကြသလို၊ ဗြိတိသျှတို့ဘက်မှ ဒိုမီနီယန်အတွင်း ဝန်ကလေး ဘော့တွမ်လေ၊

မစ္စတာ လက်ဝဒ်ခ်ျ (Mr. W.B.T.Leduidge)၊ ဇွန်လေဒင် အမှူးသော အရာရှိကြီးများနှင့် တောင်တန်းဒေသ မင်းကြီး မစ္စတာ

စတီဗင်ဆင်တို့လည်းတက်ရောက်ခဲ့ကြသည်။[၃၉][၄၀][၄၁] [၄၂]

ဖေဖော်ဝါရီလ ၆ ရက်တွင် ချင်းကိုယ်စားလှယ် များ ပင်လုံသို့ ဆိုက်ရောက်လာပြန်သည်။ ကရင်နီ ကိုယ်စားလှယ်များမှာမူ လေ့လာသူအဖြစ်သာ တက်

ရောက်လာကြသည်။ ကေအင်န်ယူကိုယ်စားလှယ် များဖြစ်သော ဖဒိုဗရီကျော်၊ ဦးလှဖေ၊ (နောင် ပအို့ဝ် ခေါင်းဆောင်)၊ စောခံကောနှင့် ဦးချစ်တီးတို့လည်း

လေ့လာသူများအဖြစ် တက်ရောက်လာသည်။ ရှမ်း စော်ဘွားများ၊ ကရင်နီစောဖျာများ၊ ကချင်ဒူဝါများ၊ ချင်းတောင်အုပ်များသာမကဘဲ ကွန်မြူနစ်ပါတီ၊

အလံနီပါတီနှင့် မျိုးချစ်ပါတီမှပုဂ္ဂိုလ်များလည်း စုံညီ စွာ တက်ရောက်လာကြသည်။ ဗြိတိသျှကိုယ်စားလှယ် များမှာ ဒိုမီနီယံဆိုင်ရာအတွင်းဝန် အာသာဘော်တွမ် လေ

(A.G. Bottom Ley) ဖြစ်သည်။ ဖေဖော်ဝါရီလ ၇ ရက်တွင် ချင်းကိုယ်စားလှယ်များသည် ရှမ်းနှင့် ကချင်တို့၏သဘောတူညီချက်တွင် ချင်းနှင့်သက်ဆိုင် သော

အချက်သုံးချက်ဖြည့်စွက်၍ သဘောတူလက်မှတ် ရေးထိုးလိုက်ကြပြန်သည်။

ထို့နောက် တောင်တန်းသားများ စည်းလုံးညီညွတ် ရေးဦးစီးအဖွဲ့ (Supreme Council Of United Hill Peoples, SCOUHP)ကို ဖွဲ့စည်းလိုက်ရာ

ဥက္ကဋ္ဌ မှာ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်ဖြစ်သည်။ ဒုတိယဥက္ကဋ္ဌ ဆမားဒူဝါဆင်ဝါးနောင်ဖြစ်ပြီး ရှမ်း၊ ကချင်၊ ချင်းကိုယ်စားလှယ် စုစုပေါင်း ၁၈ ဦး ပါဝင်

သည်။ ထိုအတောအတွင်း အင်္ဂလိပ် ဘုရင်ခံနှင့် စော်ဘွားများသည် ညှိနှိုင်း၍မရသည့်အချက်များလည်း တွေ့နေရသည်။

၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်တွင် ဗိုလ်ချုပ် အောင်ဆန်းသည် ရန်ကုန်မှ ထွက်လာသည်။ ဗိုလ်ချုပ် နှင့်အတူ ဝန်ကြီး ဦးအောင်ဇံဝေ၊ ဗိုလ်ခင်မောင်ကလေး၊

ဦးဖေခင်နှင့် ဗိုလ်ထွန်းလှတို့ ပါလာသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့သည် မဂင်္လာဒုံ လေယာဉ်ကွင်းမှ လေကြောင်းခရီးဖြင့် မိတ္ထီလာသို့ သွားရသည်။ မိတ္ထီလာမှတစ်ဆင့် ပင်လုံသို့ ခရီးဆက် သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ပင်လုံသို့ ခရီး ရောက်မဆိုက်ပင် တိုင်းရင်းသားခေါင်းဆောင်များနှင့် အကြိတ်အနယ် စတင်ဆွေးနွေးတော့သည်။ ၁၉၄၇ ခုနှစ်၊

ဖေဖော်ဝါရီလ ၈ ရက်တွင် ပင်လုံကွန်ဖရင့် (ညီလာခံ)သို့ သပိတ်မှောက်ကျောင်းသားများ ရောက် လာသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၉ ရက်တွင်

ကျောင်းသားများနှင့် ရင်းနှီးစွာ ဆွေးနွေးသည်။ ထို့နောက် အစည်းအဝေး စတင်ကျင်းပတော့သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် တောင်ပေါ်သားများ ညီညွတ်ရေးဦးစီးအဖွဲ့၏ ကိုယ်စားလှယ်များဖြစ်သော မိုင်းပွန်စော်ဘွား စဝ်စံထွန်း၊ ဦးကြာပု၊ ဆမားဒူဝါ

ဆင်ဝါးနောင်၊ ဒူဝါဇော်လွန်း၊ ဦးလွှာမှုံနှင့် ဦးသောင် ဇာခုတ်တို့ ပါဝင်သောအဖွဲ့နှင့် ဆွေးနွေးရသည်။ ကိုယ်စားလှယ်အဖွဲ့မှာ နယ်ရှင်စော်ဘွားများ၏

ဆုံးဖြတ်ချက်များကို မပြင်နိုင်သဖြင့် အခက်အခဲဖြစ် နေသည်။ ဖေဖော်ဝါရီလ ၁ဝ ရက်တွင် ဘော်တွမ်လေ၊ ဝန်ကြီးဦးတင်ထွဋ်၊ ဝန်ကြီး ဆာဂျေအေမောင်ကြီးတို့

တက်ရောက်လာကြသည်။ အမေရိကန် ကောင်စစ် ဝန်ချုပ် မစ္စတာပတ်ကက်(Peckard)လည်း ရောက် လာသည်။ ပင်လုံဆွေးနွေးပွဲတွင် အဓိကအဟန့်အတား

ဖြစ်နေသည်မှာ ရှမ်းစော်ဘွားများက ကမကထပြုလုပ် ၍ ကချင်နှင့် ချင်းကိုယ်စားလှယ်များကပါ ကြိုတင် ဆုံးဖြတ်ထားသောအချက်များပင် ဖြစ်သည်။ ရှမ်း၊ ကချင်၊

ချင်း ကိုယ်စားလှယ်အဖွဲ့၏ အချို့တောင်းဆို ချက်များကို ဗိုလ်ချုပ်အနေနှင့် မလိုက်လျောနိုင်ပေ။ ဗိုလ်ချုပ်အောင်ဆန်းသည် ဆွေးနွေးပွဲကို ရပ်ဆိုင်း၍ ရန်ကုန်ပြန်ရန်

ဆုံးဖြတ်လိုက်ရာ ချင်းခေါင်းဆောင် ဦးဝမ်ကိုဟောက ချက်ချင်းပင် ပူးပေါင်းဆောင်ရွက် လာသည်။ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းသည်လည်း ဗိုလ်ချုပ်ဘက်

ပါလာသည်။

ပင်လုံကွန်ဖရင့်သည် မပြေမလည်ဖြစ်နေဆဲတွင် ဗိုလ်ချုပ်အောင်ဆန်း၏ အသက်အန္တရာယ်လုံခြုံရေး အတွက် စောင့်ရှောက်နေသည့် ပြည်သူ့ရဲဘော် တာဝန်

ကျတစ်ဦးအား ညောင်ရွှေစော်ဘွားကြီး၏ အမှုထမ်း ဖြစ်သူ အယ်နီငရဲမင်းက ရိုက်လိုက်သဖြင့် အခြေအနေ ပိုမိုတင်းမာလာသည်။ စော်ဘွားကြီးက အယ်နီငရဲမင်း ကို

ချက်ချင်းအရေးယူသကဲ့သို့ ပြည်သူ့ရဲဘော်များက လည်း ပဋိပက္ခမပြန့်ပွားအောင် ထိန်းခဲ့ကြသည်။ နှစ်ဖက် ညှိနှိုင်းပြီး ပြေလည်မှု အတန်အသင့်ရလာရာ မှ

ဖေဖော်ဝါရီလ ၁ဝ ရက်တွင် ပင်လုံစာချုပ်မူကြမ်းကို ပြုစု၍ ပြီးသွားသည်။ ထို့နောက် တောင်ကြီးနှင့် လွယ်လင်မှ ပြည်သူ့ရဲဘော်များ၊ ကျောင်းသားကျောင်း သူများ၊

ပြည်သူများ ပင်လုံသို့ စုဝေးရောက်ရှိလာပြီး လွတ်လပ်ရေးချက်ချင်းပေး၊ တောင်တန်းမြေပြန့် ညီညွတ်ရေး တို့အရေး ကြွေးကြော်သံများဖြင့် ဆန္ဒပြ ကြရာ

ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်ကိုယ်တိုင် ရှေ့ဆုံးမှ လက်သီးလက်မောင်းတန်း၍ ပါဝင်ခဲ့သည်။

ဖေဖော်ဝါရီလ ၁၁ ရက်တွင် ဘော်တွမ်လေသည် ပယ်ထားသော စာချုပ်မူကြမ်းတစ်စောင်ကို ဗိုလ်ချုပ် အောင်ဆန်းထံ ပေးခဲ့သည်။ သို့သော် တိုင်းရင်းသား

ခေါင်းဆောင်များသည် မြန်မာများနှင့်ပူးပေါင်း၍ လွတ်လပ်ရေးအရယူရန် စာချုပ်မူကြမ်းကို အထပ်ထပ် ညှိနှိုင်း၍ သဘောတူကြပြီး ဖြစ်ပေသည်။ ဖေဖော်ဝါရီ လ

၁၂ ရက်တွင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုး ကြသည်။ ပင်လုံစာချုပ်တွင် ကန့်သတ်ချက်အချို့ပါရှိ သော်လည်း အောင်ဆန်း-အက်တလီစာချုပ်ပြီးလျှင်

လွတ်လပ်ရေးအတွက် ဒုတိယလှေကားထစ်ပင်ဖြစ် သည်။ လွတ်လပ်ရေးပန်းတိုင်အတွက် စာချုပ်နှစ်ရပ် စလုံးပင် အရေးကြီးခဲ့ပြီး အနှောင့်အယှက် အဖျက် အဆီးနှင့်

ကြုံတွေ့ခဲ့ရလေသည်။

ရွေးကောက်ပွဲနှင့် တိုင်းပြုပြည်ပြုလွှတ်တော်

အောင်ဆန်း-အက်တလီစာချုပ်အရ ၁၉၄၇ ခုနှစ်၊ ဧပြီလတွင် ရွေးကောက်ပွဲကျင်းပပြီး တိုင်းပြုပြည်ပြု လွှတ်တော်အမတ်များကို ရွေးချယ်တင်မြှောက်ရမည်

ဖြစ်သည်။ ဤတွင် ကွန်မြူနစ်များအကြား၌ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြဿနာဖြစ်လာပြန် သည်။ ဖဆပလအနေနှင့်မူ အောင်ဆန်း-အက်တလီ စာချုပ်ကို

ကြိုးစားပမ်းစားချုပ်ဆို၍ ရရှိလာသည့် အသီးအပွင့်ကို ဆွတ်ခူးရမည်သာဖြစ်သည်။ လွတ်လပ် ရေးကြိုးပမ်းမှုကို နိုင်ငံရေးနည်းအရ တစ်ဆင့်ပြီး တစ်ဆင့်

တိုက်ပွဲဝင်သွားရမည်ဖြစ်သည်။ အောင်ဆန်း- အက်တလီစာချုပ်သည် ပထမအဆင့်အောင်ပွဲဖြစ်ပြီး ပင်လုံစာချုပ်သည် ဒုတိယအဆင့်အောင်ပွဲဖြစ်သည်။

ရွေးကောက်ပွဲနှင့် တိုင်းပြုပြည်ပြုလွှတ်တော်မှာ သေချာနေသော လွတ်လပ်ရေးအောင်ပွဲကြီးအတွက် ကြိုတင်ပြင်ဆင်ခြင်းပင် ဖြစ်သည်။

ဖဆပလအနေနှင့် ရွေးကောက်ပွဲကို ဝင်ရမည်သာ ဖြစ်သည်။ ထိုအချိန်တွင် ကွန်မြူနစ်များက ဖဆပလ ကွန်မြူနစ် ညီညွတ်ကြဟူသော ကြွေးကြော်သံကို

ကိုင်စွဲထားဆဲပင်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက် ဖဆပလဦးစီး အဖွဲ့တွင် ရွေးကောက်ပွဲဝင်ရန် ပြောကြားခဲ့သည့် အပြင်

ကွန်မြူနစ်များနှင့် ပတ်သက်၍ အောက်ပါ အတိုင်း ပြောကြားခဲ့သည်။

နောက် ဖဆပလ အဖွဲ့ထဲမှာ ကွန်မြူနစ်တွေ ရှိတုန်းက အရေးမယူဘူးလား ရေးတယ်၊ မဖြစ်နိုင်လို့ ထုတ်ပစ်တော့ မြွေမသေ တုတ်မကျိုး ပြန်ပေါင်းဖို့ ရေး

ကြတယ်၊ အဲဒါ မရိုးဘူးလို့ ယူဆတယ်၊ ပြန်ပေါင်းဖို့က ပြန်ပေါင်းအောင်လုပ်ရင် ကောင်းတယ်၊ ကျုပ် ပြော လိုက်မယ်၊ ပေါင်းချင်ရင် တခြားအဖွဲ့တွေကိုတော့

ကျုပ်မပေါင်းချင်ဘူး၊ အဲဒီသိန်းသန်းကွန်မြူနစ် တော့ ပေါင်းနိုင်တယ်၊ သို့သော် သူတို့က ပေါင်းချင်အောင် လုပ်ပြမှဖြစ်မယ်၊ ပါးစပ်ကပြော နောက်ကျောဓားနဲ့

လှည့်ထိုးတာ မခံနိုင်ဘူး၊ မပေါင်းချင်ရင် မလိမ္မာရာ ကျတယ်လေးနဲ့၊ ဘာမလိမ္မာတာလဲ၊(စားပွဲကိုထုသည်။) ကြိုက်ရင် ထောက်ခံ၊ မကြိုက်ရင် မထောက်ခံနဲ့

သခင်စိုး၏ အလံနီပါတီသည် ရွေးကောက်ပွဲကို လုံးလုံးလျားလျား သပိတ်မှောက်လိုက်သည်။ စောဘဦး ကြီး၏ ကေအင်န်ယူအဖွဲ့၊ ဂဠုန်ဦးစော၏ မျိုးချစ်

ပါတီတို့လည်း ရွေးကောက်ပွဲကို သပိတ်မှောက်လိုက် သည်။ သခင်ဗစိန်လည်း သပိတ်မှောက်၊ သခင်စိုး၏ အလံနီပါတီသည် အောင်ဆန်း-အက်တလီစာချုပ်ကို

အဆိုးများသာမြင်လျက်ရှိရာ ရွေးကောက်ပွဲကို သပိတ် မှောက်ရန်သာမကဘဲ အကြမ်းဖက်တားဆီးရန်၊ မဲရုံ များကို မီးရှို့ရန် ဆုံးဖြတ်လိုက်သည်။ စောဘဦးကြီး၊

ဂဠုန်ဦးစောနှင့် သခင်ဗစိန်တို့လူစုက ဖဆပလနှင့် ကွန်မြူနစ်လက်နက်ကိုင်တပ်များရှိနေသဖြင့် လွတ်လပ် သောရွေးကောက်ပွဲ မဖြစ်နိုင်ဟု ဆိုကြသည်။

ဗမာပြည်ကွန်မြူနစ်ပါတီသည် အောင်ဆန်း- အက်တလီစာချုပ်ကို ရှုတ်ချလိုက်သည်။ ထို့နောက် အဆုံးသတ် အာဏာသိမ်းပွဲအတွက် ဖဆပလ ကွန်မြူနစ်

ညီညွတ်ကြဟူသော ကြွေးကြော်သံကို ချမှတ်လိုက်သည်။ ဖဆပလ က တစ်နှစ်အတွင်း လွတ်လပ်ရေးရရမည်ဟူသော ကြွေးကြော်သံဖြင့်

ရွေးကောက်ပွဲဝင်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်သော တောင်သူလယ်သမားသမဂ္ဂသည် ၁၉၄၇ ခုနှစ်၊ ဧပြီလ ရွေးကောက်ပွဲမတိုင်ခင်လေးတွင်

ဖြူးမြို့၌ ညီလာခံတစ်ရပ်ကို ကျင်းပခဲ့သည်။

သခင်သန်းထွန်းသည် ဖြူးညီလာခံမှ လူထု ပရိသတ်ကိုကြည့်၍ မိမိအင်အားကို အထင်ကြီးလာ သည်။ ၁၉၄၇ ခုနှစ်၊ မတ်လ ၁၁ ရက်ထုတ် ကွန်မြူနစ်

ပါတီအာဘော်သတင်းစာတွင် လူတစ်သိန်းတက်သည် ဟု ဖော်ပြလိုက်သည်။ ခေါင်းကြီးတွင်မူ တစ်သိန်းခွဲဟု ရေးသည်။ မတ်လ ၁၉ ရက် ခေါင်းကြီးတွင် နှစ်သိန်း

နီးပါးဟု ရေးသည်။ သခင်သန်းဖေ၏ ပြည်သူ့အာဏာ ဆောင်းပါးတွင် နှစ်သိန်းခန့်ဟု ရေးသည်။ ဧပြီလ ခုနစ် ရက်ထုတ် ပြည်သူ့အာဏာတွင် ကိုသိန်းဖေက

နှစ်သိန်းကျော်ဟု ဆိုသည်။ ကုန်ကျစရိတ်ကိုလည်း အမျိုးမျိုးဖော်ပြသည်။ မတ်လ ၁၃ ရက်ထုတ် ပါတီ သတင်းစာက ကုန်ကျငွေ နှစ်သောင်းငါးထောင်ဟု ဖော်ပြပြီး

သခင်သန်းထွန်းက သဘာပတိမိန့်ခွန်းတွင် နှစ်သိန်းဟု ဆို၏။ မတ်လ ၁၈ ရက်ထုတ် ပါတီ သတင်းစာတွင်မူ ကုန်ကျစရိတ် သုံးသိန်းဟု ဖော်ပြ ပြန်သည်။

ထို့နောက် ဖြူးညီလာခံသည် ဆန်လုရေး လမ်းစဉ်ကို ချမှတ်လိုက်သည်။

သခင်စိုးသည် ဆန်လုပွဲကို လက်ဦးမှုရယူ၍ ဆင်နွှဲလိုက်သည်။ ပဲခူးမြို့ပေါ်တွင် ကွန်မြူနစ်ပါတီက ဆန်လုပွဲကို ဦးဆောင်ပြီးနောက် လူထုငတ်မွတ်သဖြင့်

ဆန်လုပွဲဖြစ်ပေါ်လာကြောင်း၊ ဗမာပြည်ကွန်မြူနစ် ပါတီက ကြားဝင် ဖျန်ဖြေခြင်းသာဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲလုပ်သည်။ ပါတီအာဘော်

သတင်းစာကလည်း ဆန်လုပွဲမှာ လူထုကြီးငတ်မွတ်နေ သဖြင့် အလိုအလျောက် ပေါ်ပေါက်လာပုံမျိုး ရေးသား သည်။ ဗမာပြည်ကွန်မြူနစ်ပါတီသည် အလံနီပါတီ

ကဲ့သို့ ရွေးကောက်ပွဲတစ်ခုလုံးကို အတိအလင်း သပိတ် မှောက်ခြင်းမရှိသော်လည်း ရွေးကောက်ပွဲကျင်းပလု ဆဲဆဲတွင် ဆူပူအုံကြွမှုများကို ဖန်တီးလျက်ရှိရာ

ရွေးကောက်ပွဲအတွက် အနှောင့်အယှက်ဖြစ်လာသည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ဖဆပလ အစိုးရသည် ပြတ်ပြတ်သားသားနှိမ်နင်းရန်

ကြိုးစားရတော့သည်။ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်း သည် ကွန်မြူနစ်အကြမ်းဖက်သမားများအား သေနတ် ဖြင့်ပစ်ခတ်ရန် အမိန့်ပေးခဲ့သည်။ ထိုအခါ ကွန်မြူနစ်

များက ဖဆပလ အစိုးရကို ဖက်ဆစ်အစိုးရအဖြစ် ပြင်းထန်စွာ ဝေဖန်ပုတ်ခတ်တော့သည်။

၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်တွင် ကွန်မြူနစ်ပါတီသတင်းစာက ဗိုလ်ချုပ်အောင်ဆန်း အား အောက်ပါအတိုင်း ရှုတ်ချသည်။

တရားပွဲတိုင်းလိုလိုပင် သခင်အောင်ဆန်း ဟောလေ့ရှိသော အေးအေးဆေးဆေးနှင့် လွတ်လပ်ရေး ရနိုင်တယ် ဟူသောအချက်ကို ရန်ကုန်လူထုက

လက်ခံလိုစိတ်မရှိဘဲ တစ်စတစ်စ အယုံအကြည် ကင်းမဲ့လာကြောင်းကို ရန်ကုန်ရွေးကောက်ပွဲက ပြလိုက် သည်ကို တွေ့ရကြောင်း၊ သခင်အောင်ဆန်း၏ ဂုဏ်

သိက္ခာသည် ယခုအခါ နယ်ချဲ့သမားအား ဒူးထောက် စေ့စပ်သောလမ်းကို လိုက်မိသောကြောင့် ညိုးနွမ်းစ ပြုလာပြီဖြစ်ကြောင်း တွေ့ရပေသည်။

ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဖဆပလ ကွန်မြူနစ် ညီညွတ်ရေး ကြွေးကြော်သံမှာ လွတ်လပ်ရေးကြိုးပမ်းရန် မဟုတ်တော့ဘဲ လူတန်းစားပဋိပက္ခကို

ရှေ့တန်းတင် ရန်၊ ဆူပူအုံကြွရန်သာ ဖြစ်လာသည်။ ဖဆပလနှင့် ညီညွတ်ကြဟု ကြွေးကြော်နေသော်လည်း တစ်ဖက်တွင် ဖဆပလကို ပြင်းထန်စွာ

ပုတ်ခတ်နေသည်။ ကွန်မြူနစ် များသည် စာအုပ်ကြီးများကို ကိုးကား၍ ကွန်မြူနစ် ခေါင်းဆောင်ကြီးများ၏ အဆိုအမိန့်အတိုင်း တစ်သဝေ မတိမ်း

ဆောင်ရွက်နေကြသည်။ သေချာပေါက်နိုင်မည် ထင်သည့် မဲဆန္ဒနယ်များတွင်သာ ရွေးကောက်ပွဲဝင်ပြီး ကျန်နယ်များတွင် ဆူပူကြသည်။ ဖဆပလသည်

၉၅ ဒသမ ၃ ရာခိုင်နှုန်း ၁ ရွေးချယ်တင်မြှောက်ခြင်းခံရပြီး အပြတ်အသတ် အနိုင်ရရှိခဲ့သည်။

ကွန်မြူနစ်များသည် ရွေးကောက်ပွဲကို ထောက်ခံ သည်ဆိုသော်လည်း လက်တွေ့တွင်ကား ကဖျက်ယဖျက် သာ လုပ်ခဲ့ကြသည်။ သေချာပေါက် အနိုင်ရမည့်

မြို့နယ်များတွင်သာ အရွေးခံပြီး ဖဆပလခေါင်းဆောင် များကို မယှဉ်ပြိုင်နိုင်သည့် မြို့နယ်များတွင်မူ ရွေးကောက်ပွဲကို သပိတ်မှောက်ကြသည်။ သို့သော်

ရွေးကောက်ပွဲကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ အဖွဲ့ချုပ်သည် မဲအပြတ်အသတ်ဖြင့် အနိုင် ရရှိသွားခဲ့သည်။ ထိုအခါ ကွန်မြူနစ်များသည် ပို၍ပို၍

ဆူပူအုံကြွလာကြသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေး၏အနှောင့်အယှက် အဖျက်အဆီးပမာ ဖြစ်လာသည့် ကွန်မြူနစ်များကို သည်းမခံနိုင်တော့ပေ။

ထို့ကြောင့် ကွန်မြူနစ် ဖဆပလ ပြန်ပေါင်းရေးမှာ အလှမ်းဝေးသည်ထက် ဝေးလာရတော့သည်။

ဖဆပလ အစိုးရ နာမည်ပျက်အောင် ကွန်မြူနစ် တွေက သူပုန်ထ၊ ဓားပြတိုက် လုပ်နေကြတယ်။ အဲဒီ ထကြွမှုတွေကို ငြိမ်သွားအောင် စစ်တပ်နဲ့ နှိမ်ရမယ်။

ဆန်အလုခိုင်းတာ၊ အခွန်မဆောင်ခိုင်းတာဟာ ဖဆပလကို တော်လှန်တာလား၊ နယ်ချဲ့သမားကို တော်လှန်တာလား၊ ဖဆပလ အစိုးရဟာ တိုင်းပြည် လူထု

ထောက်ခံထားတယ်ဆိုတာ ပြီးခဲ့တဲ့ ရွေးကောက် ပွဲမှာ အထင်အရှားတွေ့နိုင်တယ်၊ အဲဒီတော့ တိုင်းပြည် နဲ့ လူထုကို တော်လှန်တာပဲ

ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ ခုနှစ်၊ ဧပြီလ ၉ ရက် ပျဉ်းမနားတရားပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။ ဗမာပြည် ကွန်မြူနစ်ပါတီ၏ ဆန် လုပွဲများ၊

အခွန်မပေးရေးတိုက်ပွဲများသည် လွတ်လပ် ရေးကြိုးပမ်းနေသော ဖဆပလ အစိုးရကိုသာ ထိခိုက် စေခဲ့သည်။ လွတ်လပ်ရေးကြိုးပမ်းမှုကို အနှောင့်အယှက်ပေးရာပင်

ရောက်ခဲ့သည်။ ထို့ကြောင့် ဗိုလ်ချုပ် အောင်ဆန်းသည် သောင်းကျန်းမှုနှိမ်နင်းရေးတပ်ဖွဲ့ များကို ဖွဲ့ရန် စီစဉ်သည်အထိ ဆောင်ရွက်ခဲ့ရ လေသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းအချို့ကို ကြည့် လျှင် ဗမာပြည် ကွန်မြူနစ်ပါတီ၏ အဖျက်လုပ်ငန်း များ ပေါ်လွင်နေသည်ကို တွေ့ရမည်ဖြစ်သည်။

ဖဆပလ အစိုးရဟာ ဘယ်သူ့ကိုမှ နိုင်ငံရေး အတိုက်အခံသမားတွေကို နှိပ်စက်ညှဉ်းပန်းမှု မလုပ် ဘူး၊ စည်းကမ်းမဲ့ တရားလွန် တိုင်းပြည်အကျိုးမဲ့

ဆူပူအောင်လုပ်ရင် ကြည့်မနေနိုင်ဘူး၊ နှိပ်ကွပ်ရမယ်၊ အတိုက်အခံသမားတွေကို လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်၊ ဆူပူခွင့် ပေးမယ်၊ တရားသဖြင့်ပေးတာ ကို

အသားယူပြီး မတရားတာ လုပ်မယ်ကြံရင် ချမယ်၊ အရေးယူမယ်၊ x x x။ ဆိတ်ဝှေးစေ့ သတင်းစာလည်း လုပ်ချင်လုပ်ကြ၊ သို့သော် အစိုးရကို အကြည်ညိုပျက်

စေချင်တဲ့ စကားမျိုး၊ တိုင်းပြည်လှုပ်ရှားစေမယ့် စကားမျိုး၊ မဟုတ်မမှန် လိမ်လည်လှည့်ဖြားရေးတဲ့ ဟာမျိုးတွေကို သည်းခံမယ် မဟုတ်ဘူး။

(၁၉၄၇ ခုနှစ်၊ ဧပြီလ ၁ဝ ရက် နှစ်သစ်ကူးမိန့်ခွန်း)

ပြည်ထဲရေးဌာနနဲ့ ပတ်သက်လို့ အခု ဦးကျော်ငြိမ်းလုပ်တာဟာ ကျွန်တော့်သဘောဖြင့် ပျော့ သေးတယ်၊ ဒီထက်မာဖို့ ကောင်းတယ်။

(၁၉၄၇ ခုနှစ်၊ မေလ ၃ဝ ရက်)

ဗိုလ်ချုပ်အောင်ဆန်းသည် ဆိုရှယ်လစ်ပါတီနှင့် ပြည်သူ့ရဲဘော်များထဲမှ အချို့ကို ရွေးထုတ်၍ သောင်းကျန်းမှု နှိမ်နင်းရေးတပ်ဖွဲ့များကို ဖွဲ့စည်း ခဲ့သည်။

ရွေးကောက်ပွဲပြီးဆုံးသောအခါ ဖဆပလ အဖွဲ့ ကြီးသည် ၁၉၄၇ ခုနှစ်၊ မေလ ၁၉ ရက်တွင် ရန်ကုန် မြို့ ဂျူဗလီဟော၌ ပဏာမညီလာခံကို ကျင်းပသည်။ ထို့နောက်

မြန်မာပြည်ကို လုံးဝလွတ်လပ်သောသမ္မတ နိုင်ငံတော် တည်ဆောက်ရန်နှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို သဘောတူ ဆုံးဖြတ်လိုက်ကြသည်။

တိုင်းပြုပြည်ပြုလွှတ်တော်ကို ဇွန်လ ၁ဝ ရက်တွင် ဖွင့်လှစ်သည်။ မြန်မာနိုင်ငံတော် အခြေခံအုပ်ချုပ်ရေး ဥပဒေ(Constitution)ကို ရေးဆွဲရာ ၁၉၄၇

ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်တွင် ပြီးစီးအတည်ပြုနိုင် ခဲ့သည်။

ဖဆပလများနှင့် ကွန်မြူနစ်တို့မှာမူ မည်သို့မျှ အစေးမကပ်နိုင်တော့ပေ။ ရဲဘော်ဘတင် (ခေါ်) ဂိုရှယ်က ဗိုလ်ချုပ်အောင်ဆန်းသည် နယ်ချဲ့နောက်

လိုက်ဖြစ်နေကြောင်း၊ တိုင်းပြည်အား ဖက်ဆစ်နီးပါး ညှဉ်းပန်းနှိပ်စက်နေကြောင်း ပြင်းထန်စွာ ဝေဖန် ရေးသားခဲ့လေသည်။

Popular posts from this blog

ပြည်တွင်းသောင်းကျန်းမှုသမိုင်း (အပိုင်း ၈)

ပြည်တွင်းသောင်းကျန်းမှု သမိုင်း(အပိုင်း ၁၅)