ပြည်တွင်းသောင်းကျန်းမှုသမိုင်း (အပိုင်း ၈)
မြေအောက်ပါတီဝင်များတိုးပွားလာခြင်း
၁၉၄၂ ခုနှစ်၊ ဩဂုတ်လ ၁ ရက်တွင် ဒေါက်တာ ဘမော်၏ ရုပ်သေးအစိုးရအဖွဲ့ ဖွဲ့စည်းသည်။ ယင်း အစိုးရအဖွဲ့တွင် ဒေါက်တာဘမော်က ဝန်ကြီးချုပ် အဖြစ်
ဆောင်ရွက်ပြီး သခင်မြမှာ ဒုတိယဝန်ကြီးချုပ် ဖြစ်သည်။ သခင်သန်းထွန်းသည် မြေနှင့်လယ်ယာ စိုက်ပျိုးရေးဌာန ဝန်ကြီးဖြစ်သည်။ ထိုအချိန်တွင် သခင်စိုးနှင့်
သခင်တင်မြသည် သခင်တင်ရွှေနှင့် ကိုသိန်းဖေ(သိန်းဖေမြင့်)ကို ရခိုင်ပြည် မင်းပြားသို့ ပို့ဆောင်ခဲ့ပြီး ရန်ကုန်သို့ ပြန်ရောက်နေပြီဖြစ်သည်။ ၁၉၄၂ ခုနှစ်၊ ဩဂုတ်လ
၂ ရက်တွင်ကား ရန်ကုန်မြို့ သို့ လျှို့ဝှက်ရောက်ရှိနေသော သခင်စိုးသည် သခင် တင်မြ၊ ကိုချစ်လှိုင်၊ ကိုမြသွင်နှင့် ကိုလှကြည် (ရဲနီ ကျော်ဝင်း)တို့အား ခေါ်ယူ၍
ဖက်ဆစ်တော်လှန်ရေး အတွက် ဆွေးနွေးသည်။ ယင်းတို့ ဆွေးနွေးရာနေရာ မှာ ရွှေဂုံတိုင်လမ်းဆုံအနီးမှ ဘုန်းကြီးကျောင်း ဖြစ်သည်။
သခင်စိုးသည် လျှို့ဝှက်ဆွေးနွေးပွဲတွင် 'ယခုအခါ ဖက်ဆစ်ဂျပန်များကို အထင်ကြီး အားကိုးနေသူများ နှင့် ဖက်ဆစ်ဂျပန်များ ကြမ်းကြုတ်ရက်စက်မှုများကို
ကြောက်လန့်ချောက်ချားပြီး တုတ်တုတ်မျှ မလှုပ်ရဲသူ၊ သတ္တိကြောင်သွားသူများ အမြောက်အမြားရှိနေ ကြောင်း၊ တို့ဗမာအစည်းအရုံးဝင် သခင်များသည် တစ်ကြိမ်က
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှုတွင် တိုးတက်သောအခန်း က ပါဝင်ခဲ့ကြကြောင်း၊ သို့ရာတွင် တို့ဗမာအစည်း အရုံး၏ မူလဗီဇကပင်
လူမျိုးချင်းမုန်းတီးမှု၊ ကုလား- ဗမာအဓိကရုဏ်းကို အခြေခံပြီး စတင်စည်းရုံးခဲ့သော အဖွဲ့အစည်းဖြစ်သဖြင့် ယခုအခါ ကမ္ဘာ့လူမျိုးရေး
မုန်းတီးမှုဝါဒသမားကြီးဖြစ်သော ဖက်ဆစ်ဂျပန်များ နှင့် ပူးပေါင်းလိုက်ခြင်းဖြင့် မိမိတို့၏ တော်လှန် တိုးတက်သောအခန်းမှာ အဆုံးသတ်သွားပြီဖြစ် ကြောင်း'
ဆွေးနွေးသည်။
ထို့အပြင် တို့ဗမာအစည်းအရုံးသည် ဖက်ဆစ် ဂျပန်များကို ခေါ်ယူလာသူများဖြစ်သဖြင့် ဖက်ဆစ် ဆန့်ကျင်ရေးကို ခေါင်းဆောင်နိုင်စွမ်း ရှိတော့မည် မဟုတ်ဟု
ဝေဖန်သည်။ ခေါင်းဆောင်လိမ့်မည်မဟုတ် ဟူ၍လည်း ပြောသည်။ 'ဖက်ဆစ်ဂျပန်များနှင့်ပူးပေါင်း ဟူသော မှားယွင်းဖောက်ပြန်သည့်လမ်းစဉ်ကြောင့်
ရာဇဝင်လမ်းကြောင်းပေါ်မှ ဘေးသို့ ရောက်သွားပြီး တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားရတော့မည် ဖြစ်ကြောင်း၊ ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေးလုပ်ငန်းကို
ခေါင်းဆောင်ရန် နုပျိုသစ်လွင်သော အင်အားသစ်များ နှင့် အစားထိုး၍ ပါတီသစ်ကို တည်ဆောက်မည်ဖြစ် ကြောင်း၊ ပျက်စီးခဲ့ရသည့် ကွန်မြူနစ်ပါတီကို ပြန်လည်
ထူထောင်ရမည်ဖြစ်ကြောင်း၊ ကွန်မြူနစ်ပါတီသာလျှင် ဖက်ဆစ်ဂျပန်များကို ဝါဒရေး၊ နိုင်ငံရေး၊ စည်းရုံးရေး အရ ဆန့်ကျင်တိုက်ခိုက်နိုင်သော အင်အားစုဖြစ်
ကြောင်း' အသေးစိတ် ဆွေးနွေးသည်။ သခင်စိုး သည် ပထမဆုံးဖွဲ့စည်းခဲ့သည့် ကွန်မြူနစ်မြေအောက် ကလာပ်စည်းကို ပျက်ပြယ်သွားပြီးဖြစ်ကြောင်း ဆိုလို ခဲ့သည်။
သခင်စိုး၏စကားကို သခင်တင်မြနှင့် ကိုလှကြည်တို့သုံးဦးဂ က အကြွင်းမဲ့ထောက်ခံကြသည်။
ထိုစဉ်က အခြေအနေမှာ မြန်မာနိုင်ငံရေးသမား မျိုးချစ်လူငယ်များလည်း ဖက်ဆစ်ဂျပန်များ၏ နှိပ်စက် ညှဉ်းပန်းမှုများကို နဖူးတွေ့ဒူးတွေ့ တွေ့ကြုံကြားနာ
ခဲ့ကြရပြီးဖြစ်သည်။ ဒေါက်တာဘမော်၏ အစိုးရအဖွဲ့ တွင် သခင်အချို့ ရာထူးဝင်ယူကြခြင်း၊ နယ်ချဲ့အလို တော်ရိများသည် ဂျပန်လက်အောက်တွင် ရာထူးရာခံ များ
ရရှိကြခြင်းတို့အတွက်လည်း မကျေမနပ်ဖြစ်နေ ကြသည်။ အချို့က ဂျပန်ကိုခေါ်လာခြင်းမှာ မှားယွင်း သည်ဟု အတိအလင်း ယူဆနေကြသည်။ အချို့က
အင်္ဂလိပ်နှင့်ပြန်ပေါင်း၍ ဂျပန်ကိုတိုက်ရန် စိတ်ဝင်စား လာကြသည်။ ထို့ကြောင့် သခင်စိုး၏ စည်းရုံးမှု အောက်တွင် နိုင်ငံရေးသမား လူငယ်တော်တော် များများသည်
ဖက်ဆစ်ဆန့်ကျင်ရေးရည်ရွယ်ချက်ဖြင့် ရောက်ရှိကုန်ကြသည်။ သခင်စိုးက ကမ္ဘာ့ကွန်မြူနစ် အဖွဲ့ချုပ်ခေါင်းဆောင် ဂျော့ဒီမစ်ထရော့၏အဆိုအမိန့် ကို ကိုးကား၍
ဖက်ဆစ်ဝါဒသည် နယ်ချဲ့စနစ်၏ အဆင့်အမြင့်ဆုံး ဘဏ္ဍအရင်းရှင်စနစ်ကြီးဖြစ် ကြောင်း ရှုတ်ချလိုက်သောအခါ သခင်တင်မြတို့လူစု မှာ သခင်စိုးကို
များစွာကြည်ညိုလာကြရတော့သည်။
သခင်စိုးသည် လျှို့ဝှက်အဖွဲ့ငယ်များသဖွယ် အစုများဖွဲ့၍ ဖက်ဆစ်ဆန့်ကျင်ရေး မြေအောက် လှုပ်ရှားမှုအတွက် ဆောင်ရွက်သည်။ အစုခေါင်းဆောင် များတွင်
သခင်ကျော်စိန်၊ သခင်တင်မြ၊ သခင်သန်းမြိုင် တို့ ပါဝင်သည်။ သခင်ကျော်စိန်သည် နှုတ်ဖွာသူဖြစ် ပြီး ဖက်ဆစ်ဆန့်ကျင်ရေးအတွက် ဗြောင်ကျကျ
စည်းရုံးနေသူဖြစ်သည်။ သခင်စိုးသည် ဗိုလ်လကျာ်၊ သခင်ကျော်စိန်တို့နှင့် တွေ့ဆုံဆွေးနွေးပြီး ဖြစ်သည်။ သခင်သန်းထွန်းနှင့် တွေ့ဆုံဆွေးနွေးရေးမှာမူ
မအောင်မြင်ခဲ့ပေ။ သခင်သန်းထွန်းက သခင်စိုးကို သခင်ကျော်စိန်နှင့် တွဲနေသဖြင့် သတင်းပေါက်ကြား နိုင်သည်ဟု ယူဆခဲ့သည်။ သခင်စိုးကလည်း သခင်
သန်းထွန်းသည် ဖက်ဆစ်ဆန့်ကျင်ရေးတွင် နောက်တွန့် နေပြီဟု ထင်မြင်ခဲ့သည်။ သို့သော် သခင်ကျော်စိန်မှာ မူ ဖက်ဆစ်ဆန့်ကျင်ရေးကို ဗြောင်ကျကျပင် စည်းရုံး
မြဲစည်းရုံးနေခဲ့သည်။ သခင်စိုးက သတိပေးသည့်တိုင် လိုက်နာခြင်းမပြုတော့ပေ။ သခင်စိုးက သခင်ကျော်စိန် အား မြေအောက်လျှို့ဝှက်ဝင်ရောက်ပြီး နယ်ဆင်းရန်
ညွှန့်ကြားခဲ့သည်။ သခင်ကျော်စိန်သည် လိုက်နာမည် ဟု ဝန်ခံသော်လည်း နယ်ဆင်းလိုစိတ်မရှိတော့ပေ။ ထို့အပြင် သခင်ကျော်စိန်နောက်သို့ ဂျပန်စစ်ပုလိပ်များ
နောက်ယောင်ခံလိုက်နေသည်ဟု သင်္ကာမကင်းဖြစ် လာသဖြင့် သခင်စိုးသည် သခင်ကျော်စိန်နှင့် အဆက် အသွယ် ဖြတ်လိုက်ရတော့သည်။ ထို့နောက် သခင်စိုး သည်
ကွမ်းခြံကုန်းမြို့နယ် ကျိုက်ထော်ရွာကြီးသို့ ရှောင်တိမ်းသွားတော့သည်။
သခင်စိုးသည် ဂျပန်ခေတ်ဦးမှာပင် ကျိုက်ထော် ရွာသို့ ရှောင်တိမ်းပြီး မြေအောက်လုပ်ငန်းကို လုပ် သည်။ ထို့နောက် နိုင်ငံရေးသင်တန်း ဖွင့်လှစ်ပြီး ကိုချစ်လှိုင်
(ထိန်လင်း)၊ ကိုမြသွင်(ကိုဖိုးတုတ်)နှင့် သခင် သန်းမြိုင်စေလွှတ်သည့် ကိုသာငြိမ်း(မိတ္ထီလာ)၊ သခင် ချမ်းသိမ်း (ကျောက်ဆည်၊ ကွယ်လွန်)၊ ကိုဝင်းဖေ ဆိုသူတို့အား
တက်ရောက်စေခဲ့သည်။ သခင်စိုးသည် ကျိုက်ထော်ရွာမှာရှိစဉ် သင်တန်းသားများလေ့လာရန် အတွက် တတိယ ကမ္ဘာ့ကွန်မြူနစ်အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး
ဘူဂေးရီးယားပြည်သား ဂျော့ဒီမစ်ထရော့က သတ္တမအကြိမ်မြောက် ကမ္ဘာ့ ကွန်မြူနစ်ပါတီများကွန်ဂရက်သို့ အစီရင်ခံစာအဖြစ် တင်သွင်းသော
အလုပ်သမားလူတန်းစား၏ ဖက်ဆစ် ဝါဒဆန့်ကျင်ရေးတိုက်ပွဲစာအုပ်ကို ဘာသာပြန်ခဲ့သည်။
သခင်စိုးသည် ကျိုက်ထော်တွင် ခေတ္တမျှ ရှောင် တိမ်းပြီးနောက် မှော်ဘီသို့ ရွှေ့ပြောင်းပြန်သည်။
မှော်ဘီတွင် ချောက်ရေနံမြေမှ သခင်အေးမောင် (အလံနီခေါင်းဆောင် ကိုထွန်းစိန်) တစ်ဦးတည်းကို ခေါ်ယူ၍ နိုင်ငံရေးသင်တန်းပေးခဲ့သည်။ ထိုအတော အတွင်း
ရခိုင်မှ ဘီအိုင်အေတပ်နှင့်အတူ ပြန်ရောက် လာသော ဗိုလ်ရန်အောင်နှင့် ဆက်သွယ်ရန် ကြိုးစား သည်။ သို့သော် ဗိုလ်ရန်အောင် ရခိုင်မှ ငှက်ဖျား စွဲကပ်ပြီး
ဦးနှောက်ဖောက်ပြန်ကာ ဆေးရုံရောက်နေ သောကြောင့် ဆက်သွယ်စည်းရုံးရန် လက်လျှော့ထား ရသည်။ သခင်စိုးသည် မြေအောက်တွင် လျှို့ဝှက် လှုပ်ရှားနေရာမှ
၁၉၄၂ ခုနှစ်၊ နိုဝင်ဘာလတွင် ဗမာ့ လွတ်လပ်ရေးကြေညာစာတမ်း အမှတ်(၁)ကို ရေးသား ပြုစု၍ ရန်ကုန်သို့ ပို့လိုက်သည်။ သခင်တင်မြတို့လူစု က လက်နှိပ်စက်နှင့်
ပြန်ကူးသောအခါ ၄၅ မျက်နှာ ခန့်ရှိသည်။ စာတမ်း၏အဖုံးတွင် 'ဤစာတမ်းကို ဖက်ဆစ်ရန်သူများလက်သို့ လုံးဝမကျရောက်စေရ' ဟူ သော သတိပေးချက်ကို
ရေးသားထားသည်။
စာတမ်း၏အစတွင် သခင်စိုးသည် တရုတ် ကွန်မြူနစ်ပါတီခေါင်းဆောင် မော်စီတုံး၏ အဆိုအမိန့် တစ်ရပ်ကို အောက်ပါအတိုင်း ကောက်နုတ်ဖော်ပြ ထားသည် -
'လွတ်လပ်ရေးကို တိုက်ယူခြင်းခံထားရသော လူမျိုးသည် ဆိုရှယ်လစ်ကို ထူထောင်ရန်မပြော နှင့်၊ ဆိုရှယ်လစ်ဝါဒအကြောင်း ပြောပင်ပြောနိုင်
မည်မဟုတ်။ မော်စီတုံး'
သခင်စိုး၏စာတမ်းမှာ သခင်စိုး ယခင်က ရေးသားခဲ့သည့် ဖက်ဆစ်ဆန့်ကျင်ရေးစာတမ်းများ ဖြစ်သည့် အင်းစိန်စစ်တမ်းနှင့် မြင်းခြံစစ်တမ်းကို အခြေပြု၍
ပြောင်းလဲလာသော အခြေအနေများကို ဖြည့်စွက်ရေးသားထားခြင်း ဖြစ်သည်။ စာတမ်းအဆုံး တွင် ထုတ်ဝေဖြန့်ချိသူ အမည်နေရာ၌ ကွန်မြူနစ်ပါတီ မြန်မာပြည်၊
ခေတ္တ အိန္ဒိယဟု ရေးသား၍ လှည့်စား ထားသည်။ ဂျပန်များက ကွန်မြူနစ်များ ပြည်ပမှပေး ပို့သည့်စာတမ်းဟု ထင်စေရန်ဖြစ်သည်။ ရက်စွဲကို ၁၉၄၂ ခုနှစ်၊
အောက်တိုဘာလဟု ဖော်ပြထားသည်။ ယင်းစာတမ်းကို သခင်တင်မြက ဦးဆောင်၍ သင်တန်း ပေးရသည်။
သခင်တင်မြ၏သင်တန်းကို စမ်းချောင်း ရှမ်းလမ်း နှင့် ဟုမ်းလမ်းအနီးရှိ အိမ်ကြီးတစ်အိမ်တွင် ဖွင့်လှစ် ခဲ့ကြသည်။ သင်တန်းတက်ရောက်သူများမှာ ကိုကျော် ဝင်း
(ရဲနီကျော်ဝင်း)၊ ကိုဖိုးတုတ် (ခေါ်) ကိုမြသွင်၊ ကိုဘလှကြည် (ခေါ်) ကိုအောင်လင်း (အလံနီ ခေါင်းဆောင်၊ သေဆုံး)၊ ကိုဘဆန်း (ခေါ်) ကိုမင်းရှိန်၊
ဘီအိုင်အေဖျက်လိုက်သဖြင့် ပခုက္ကူမှ ရန်ကုန်သို့ ရောက်ရှိကာ သောင်တင်နေသော ကိုနေဝင်း(ကိုစံညွန့် အမည်ဖြင့် ကွယ်လွန်သော အလံနီခေါင်းဆောင်)နှင့်
ယောနယ်မှ ကိုလှမောင်တို့ ဖြစ်သည်။ သို့သော် သင်တန်းဖွင့်ပြီး ၆ ရက်ခန့်အကြာတွင် ဘေးပတ်ဝန်း ကျင်မှ မသင်္ကာဖြစ်လာသဖြင့် ဗဟန်းကြားတောရ လမ်းရှိ
ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ ရွှေ့ပြောင်း ခဲ့ရသည်။ ထို့နောက် သင်တန်းဖွင့်ရန် မလွတ်လပ် သဖြင့် သန်လျင် ကျိုက်ခေါက်စေတီအလွန် နှစ်မိုင် အကွာရှိ
ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ ရွှေ့ရပြန် သည်။ နိုင်ငံရေးသင်တန်းသည် သုံးကြိမ်ရွှေ့ပြောင်းပြီး သန်လျင်တွင် အပြီးသတ်နိုင်ခဲ့သည်။
သခင်စိုးသည် သင်တန်းပေးလေ့ကျင့်ပြီးသူများကို နယ်သို့လှည့်၍ စည်းရုံးရေးမှူးများအဖြစ် ဆောင်ရွက် ရန် စေခိုင်းခဲ့သည်။ သခင်စိုး၏ညွန့်ကြားချက်အရ
ကိုထွန်းစိန်နှင့် ကိုနေဝင်း (ကိုစံညွန့်)သည် ရေနံမြေ သို့၊ ကိုလှမောင်သည် ယောနယ်သို့၊ သခင်ထွန်းရင် က ညောင်တုန်းသို့၊ ကိုမြသွင်က သန်လျင်သို့ အသီးသီး
ခရီးထွက်ခွာသွားကြရသည်။ သခင်စိုး၏ စည်းရုံးရေးမှူးများသည် ဗမာ့လွတ်လပ်ရေးကြေညာ စာတမ်း အမှတ်(၁)ကို ပို့ချကြရသည်။ ယင်းစာတမ်း မှာ
စောင်ရေအကန့်အသတ်နှင့် ဖြန့်ဝေထားသော စာတမ်းဖြစ်သည်။ သခင်သန်းမြိုင်ထံမှ စာတမ်း တစ်စောင်သည် သခင်သာငြိမ်းမှတစ်ဆင့် သခင် ကျော်စိန်လက်ထဲသို့
ရောက်သွားခဲ့သည်။ ထို့ကြောင့် သခင်စိုးက သခင်သန်းမြိုင်ကို နောက်ဆုံးအကြိမ်အဖြစ် သတိပေးအပြစ်တင်ခဲ့သည်။ သခင်သန်းမြိုင်သည် သခင်စိုးထံမှ
သတိပေးချက်ရပြီး ၁ဝ ရက်ခန့်အကြာ တွင် ကျောက်ဆည်နယ်သို့ သွားရောက်၍ တာဝန်ယူ ခဲ့ရသည်။
သခင်စိုးက ဖက်ဆစ်ဆန့်ကျင်ရေးအတွက် မြေ အောက်လျှို့ဝှက်စည်းရုံးရေးလုပ်ငန်း လုပ်နေစဉ်မှာ ပင် ၁၉၄၂ ခုနှစ်၊ ဇူလိုင်လ ၂ ရက်တွင် ရန်ကုန်နှင့် မန္တလေးမှ
ဘီအိုင်အေ တပ်ဗိုလ်၊ တပ်သားများကို ပျဉ်းမနား၌ စုစည်းပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ)ကို ဖွဲ့စည်းခဲ့ကြသည်။ ဘီဒီအေတွင် တပ်ရင်း သုံးရင်း
ပါဝင်သည်။ သခင်စိုးသည် ဗိုလ်လကျာ်ထံသို့ စာရေး၍ သခင်တင်မြကို စေလွှတ်သည်။ သခင်တင်မြ သည် ပျဉ်းမနားတွင် ဗိုလ်လကျာ်နှင့် တွေ့ရသည်။ သခင်စိုးက
ဖက်ဆစ်ဆန့်ကျင်ရေးအတွက် ဘီဒီအေ အတွင်းမှ တပ်ဗိုလ်၊ တပ်သားများအား ထိုးဖောက် စည်းရုံးခြင်းဖြစ်သည်။ သခင်တင်မြသည် ဗိုလ်ရန် အောင်ကိုပါ
စည်းရုံးခဲ့သည်။ ဘီဒီအေခေါင်းဆောင် များမှာလည်း ဖက်ဆစ်ဆန့်ကျင်ရေးစိတ်ဓာတ်များ ကိန်းအောင်းနေကြပြီး ဖြစ်သည်။ သခင်တင်မြသည် ကျောက်ဆည်၊
စစ်ကိုင်းတို့တွင် သင်တန်းပေးပြီး နောက် မုံရွာမှ ကိုဌေး(ရဲဘော်ဌေး)နှင့် ဆက်သွယ်ကာ မုံရွာမြို့တွင် သင်တန်းပေးခဲ့သည်။ မြေအောက် ကလာပ်စည်းများ
ဖွဲ့ကြသည်။
သခင်စိုးသည် ဖက်ဆစ်ဆန့်ကျင်ရေးဆောင်ရွက် ရာတွင် အမေရိကန်၊ အင်္ဂလိပ် စသော အရင်းရှင်များ နှင့် ရုရှားကွန်မြူနစ်တို့ ပူးပေါင်း၍ ဖက်ဆစ်နာဇီ ဂျာမနီကို
တိုက်ခိုက်ကြသကဲ့သို့ အင်္ဂလိပ်နှင့်ပူးပေါင်း ၍ ဂျပန်ဖက်ဆစ်ကို တိုက်ရမည်ဟူသော အယူအဆ ကို တောက်လျှောက်စွဲကိုင်လာခဲ့သူဖြစ်သည်။ ဂျပန် ဝင်လာပြီး
ဂျပန်တို့၏ ယုတ်မာရိုင်းပျမှုများကို မြင်လာ သောအခါ သခင်စိုး၏အယူအဆသည် လူငယ်နိုင်ငံ ရေးသမားများအဖို့ သဘောကျစရာ ဖြစ်လာခဲ့ရသည်။
ရဲဘော်သုံးကျိပ်နှင့် တို့ဗမာအစည်းအရုံးဝင် သခင် များအား ဂျပန်ကို ပင့်ဖိတ်လာကြသူများအဖြစ် အဆိုးမြင်သူများလည်း ရှိလာကြသည်။ ဤသို့ဖြင့်
ဖက်ဆစ်ဆန့်ကျင်ရေးအရေးတော်ပုံ၌ပင် အတွေး အခေါ်များ ခြားနားလာကြပြန်သည်။
သခင်စိုးသည် မှော်ဘီနယ်မှ ခရမ်းနယ်ရှိ အလယ် ရွာ၊ ရွာသစ် စသော ကျေးရွာများကို ပြောင်းရွှေ့ကာ မြေအောက်စည်းရုံးရေးကို ဆောင်ရွက်ပြန်သည်။ ထို
အတောအတွင်း သခင်ကျော်စိန်သည် သေနတ်ပစ်ခံ ရပြီး ဆေးရုံသို့ တက်ရောက်ကုသခဲ့ရသည်။ သခင်စိုး သည် သခင်ကျော်စိန်ကို အဆက်အသွယ်ဖြတ်ပြီးနောက်
သခင်သန်းမြိုင်ကို အဆက်အသွယ် ဖြတ်ပြန်သည်။ သခင်သန်းထွန်းနှင့်မူ လျှို့ဝှက်ဆက်သွယ်၍ နေသည်။
ထိုအချိန်တွင် ဂျပန်စစ်တပ်က ခွဲဝေပေးသော အုပ်ချုပ်ရေးအာဏာအချို့ရရှိသူ တို့ဗမာအစည်းအရုံး ဝင် သခင်များနှင့် အစိုးရအဖွဲ့ဝင် အစိုးရအဖွဲ့ ခေါင်းဆောင်
ဒေါက်တာဘမော်၏ ဆင်းရဲသားဝံသာနု အဖွဲ့(ဓားမပါတီ)တို့ ပူးပေါင်းကာ တို့ဗမာဆင်းရဲသား အစည်းအရုံးကို ထူထောင်ပြီးဖြစ်သည်။ ယင်းနိုင်ငံရေး ပါတီတွင်
သခင်မြ၊ သခင်သန်းထွန်း၊ သခင်ထွန်းအုပ်၊ သခင်ဗစိန်၊ သခင်တင်၊ ဦးဘဝင်း၊ ဗန္ဓုလဦးစိန်၊ ဦးလှဖေ၊ ဦးထွန်းအောင်၊ ဦးသာဇံလှ၊ ဦးမြ(ဟင်္သာတ)၊
ဒေါက်တာစံစီဖိုး၊ ဒေါ်ခင်မမမော်တို့ ပါဝင်ပြီး ဒေါက်တာဘမော်က ခေါင်းဆောင်သည်။ ယင်းအဖွဲ့ ဝင်များမှာ အတိုင်ပင်ခံများဖြစ်ပြီး သခင်ချစ်၊ သခင် ညီ၊
သခင်တင်ထွန်း(တောခို၊ သေဆုံး) စသောသူများ က ဌာနချုပ်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ကြသည်။
သခင်စိုးတို့လူစုသည် တောင်ငူမှ သခင်သန်းဖေ၊ ကိုသိမ်းမောင်(ရဲဘော်မြ)၊ ပဲခူးမှ သခင်ဇင် စသော ခေါင်းဆောင်များနှင့်လည်း အဆက်အသွယ်ရလာ သည်။
သခင်သန်းထွန်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီး ဖြစ်သဖြင့် စစ်သတင်းများစုဆောင်းပေးရမည့်တာဝန် ကို ယူရသည်။ တပ်မတော်အတွင်းမှ ဖက်ဆစ်
ဆန့်ကျင်ရေးအင်အားစုများနှင့် ဆက်သွယ်ရန် ဗိုလ်လကျာ်မှတစ်ဆင့် ချဉ်းကပ်ခဲ့သော်လည်း ထင် သလောက် မအောင်မြင်ခဲ့ပေ။ အဖွဲ့အစည်းအလိုက် မဟုတ်ဘဲ
ဗိုလ်ရန်အောင်၊ ဗိုလ်ဇေယျတို့ကဲ့သို့ ပုဂ္ဂလိက တစ်ဦးချင်းသာ အဆက်အသွယ် ရရှိခဲ့သည်။ သို့သော် သခင်စိုးနှင့် သခင်သန်းထွန်းတို့၏ ကွန်မြူနစ်ဝါဒကို အခြေခံသော
ဖက်ဆစ်ဆန့်ကျင်ရေး မြေအောက် လှုပ်ရှားမှုမှာ တဖြည်းဖြည်း အဆက်အသွယ်များ၍ လာလေသည်။
ရွှေရည်စိမ်လွတ်လပ်ရေး
၁၉၄၃ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်က ဂျပန်ပြည် ဒိုင်ယက်လွှတ်တော်အစည်းအဝေးတွင် ဂျပန်အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးတိုဂျိုက မြန်မာနိုင်ငံ အား ၁၉၄၃
ခုနှစ်အတွင်း လွတ်လပ်ရေးပေးရမည်ဟု မိန့်ခွန်းပြောခဲ့သည်။ ၁၉၄၃ ခုနှစ်၊ မေလ ၈ ရက်တွင် ဒေါက်တာဘမော်ခေါင်းဆောင်ပြီး အဖွဲ့ဝင် ၁၆ ယောက်ပါဝင်သည့်
ဗမာ့လွတ်လပ်ရေးစီစဉ်မှုအဖွဲ့ကို ဂျပန်စစ်အာဏာပိုင်များက ဖွဲ့စည်းပေးခဲ့သည်။ ၁၉၄၃ခုနှစ်၊ ဩဂုတ်လ ၁ ရက်တွင်ကား ဗိုလ်ချုပ်ကြီး ကာဝါဘီက မြန်မာနိုင်ငံတွင်
စစ်အုပ်ချုပ်ရေးရုပ်သိမ်း ကြောင်း စစ်ရုံးတွင် ကြေညာသည်။ ထို့နောက် အလုံ လမ်းအစိုးရအိမ်တွင် နံနက် ၉ နာရီ၌ လွတ်လပ်ရေး ကြေညာစာတမ်းကို ဖတ်ကြားပြီး
ဗမာနိုင်ငံလွတ်လပ် ပြီဟု ကြေညာသည်။ အစိုးရအဖွဲ့ကိုလည်း အောက်ပါ အတိုင်း ဖွဲ့စည်းလိုက်သည် -
(၁) အဓိပတိနှင့် ဝန်ကြီးချုပ် ဒေါက်တာဘမော်
(၂) ဒုတိယဝန်ကြီးချုပ် သခင်မြ
(၃) ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း
(၄) ဘဏ္ဍရေးဝန်ကြီး ဒေါက်တာသိန်းမောင်
(၅) နိုင်ငံခြားရေးဝန်ကြီး သခင်နု
(၆) ပြည်ထဲရေးဝန်ကြီး ဦးဘဝင်း
(၇) ကြီးပွားရေးနှင့် ဝါဒဖြန့်ချိရေးဝန်ကြီး ဗန္ဓုလဦးစိန်
(၈) ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးထွန်းအောင်
(၉) တရားရေးဝန်ကြီး ဦးသိန်းမောင်
(၁ဝ) ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလက်မှုဝန်ကြီး ပျော်ဘွယ်ဦးမြ
(၁၁) မြေနှင့်လယ်ယာစိုက်ပျိုးရေးဝန်ကြီး သခင်သန်းထွန်း
(၁၂) လမ်းပန်းနှင့်ပြန်လည်ထူထောင်ရေးဝန်ကြီး သခင်လွန်းဘော်
(၁၃) လမ်းပန်းဆက်သွယ်ရေးနှင့် ဆည်မြောင်းဌာနဝန်ကြီး သခင်လေးမောင်
(၁၄) အခွန်တော်ဌာနဝန်ကြီး ဦးအေး
(၁၅) သစ်တောနှင့် သတ္တုတွင်းဌာနဝန်ကြီး ဦးလှဖေ
(၁၆) ပညာရေး၊ကျန်းမာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးလှမင်း
သို့သော် နိုင်ငံရေးခေါင်းဆောင်များနှင့် ပြည်သူ တစ်ရပ်လုံးသည် ဂျပန်ကပေးသည့် လွတ်လပ်ရေးမှာ ရွှေရည်စိမ်အတုအယောင် လွတ်လပ်ရေးဖြစ်ကြောင်း
သိရှိကြပြီးဖြစ်သည်။ အစိုးရအဖွဲ့သည်လည်း ဂျပန် အလိုကျလုပ်ကိုင်ရမည့် ရုပ်သေးအစိုးရအဖွဲ့ဖြစ် ကြောင်း အစိုးရအဖွဲ့ဝင်များကိုယ်တိုင် သိသည်။ သခင်
ကျော်စိန်တို့လူစုသည် ဂျပန် လွတ်လပ်ရေးကြေညာ သည့်နေ့မှာပင် ဂျပန်ဆန့်ကျင်ရေးစာရွက်စာတမ်း များကို ရန်ကုန်မြို့အနှံ့အပြား၌ လိုက်လံကပ်ထား ကြသည်။
ထိုအချိန်တွင် အိန္ဒိယသို့ ထွက်ခွာသွားသော ကိုသိန်းဖေနှင့် သခင်တင်ရွှေထံမှ မည်သည့်အဆက် အသွယ်မျှမရသဖြင့် သခင်စိုးတို့လူစုသည် နိုင်ငံခြား
အဆက်အသွယ်ယူရန် ထပ်မံ ကြိုးစားကြပြန်သည်။ မန္တလေးထောင်တွင်ရှိစဉ်က ဆက်သွယ်ခဲ့ဖူးသော ချန်ကေရှိတ်၏အကြံပေးအရာရှိ ဂျင်နရယ်ပီအက်စ်ဝမ် နှင့်
ဆက်သွယ်ရန် ကြံစည်ကြပြန်သည်။ ၁၉၃၉-၄ဝ ခန့်က သခင်ဗိုလ်နှင့် အဆက်အသွယ်ရှိခဲ့ဖူးသော ရန်ကုန်ရောက် တရုတ်ကွန်မြူနစ် အချို့ရှိခဲ့သည်။ သို့သော်
ယင်းကွန်မြူနစ်များမှာ စစ်မဖြစ်မီပင် တရုတ် ပြည်ပြန်သွားကြသည်။ သခင်စိုးက သခင်တင်မြနှင့် ကိုကျော်ရင်(မန္တလေးတက္ကသိုလ် ပါမောက္ခဟောင်း ဦးကျော်ရင်၊
ယခုကွယ်လွန်)တို့ကို တရုတ်ပြည်သွားရန် ရွေးချယ်လိုက်သည်။ သို့သော် ဂျပန်တပ်များပိတ်ဆို့ နေသဖြင့် တရုတ်ပြည်သို့ သွားရောက်ရေးမှာ မအောင်မြင်ခဲ့ပေ။
ထိုအတောအတွင်း သခင်ကျော်စိန် နှင့် လူ ၁ဝဝ ကျော်ခန့်မှာ ဂျပန်ကင်ပေတိုင်တို့၏ ဖမ်းဆီးခြင်းကို ခံရတော့၏။
တရုတ်ပြည်သို့ အဆက်အသွယ်ရှာဖွေရေး အစီ အစဉ်ကို ဖျက်သိမ်းလိုက်ရခြင်းမှာ ခရီးဆက်ရန် ခက်ခဲသောကြောင့်သာမက အိန္ဒိယနိုင်ငံမှ သခင်တင်ရွှေ (ကိုဖိုးယုံ)
ပြန်ရောက်လာသောကြောင့်လည်း ဖြစ်သည်။
သခင်တင်ရွှေပြန်ရောက်လာခြင်းနှင့်သခင်သန်းထွန်း ပါတီဝင်ဖြစ်လာခြင်း
အိန္ဒိယနိုင်ငံရှိ ဗြိတိသျှတို့၏ သဘောထားမှာ မြန်မာနိုင်ငံအတွင်းရှိ ဖက်ဆစ်တော်လှန်ရေး မြေ အောက်အဖွဲ့အစည်းများအား အကူအညီပေးလိုစိတ် မရှိပေ။
အကူအညီပေးရမည့်အစား ယင်းတို့၏ စစ်ဆင်ရေးများအတွက် သူလျှို ပဉ္စမံတပ်သားများ အဖြစ် အသုံးပြုခြင်း၊ ဒေသခံတိုင်းရင်းသားတပ်ဖွဲ့များ တွင်
ထည့်သွင်းခြင်းတို့ကိုသာ ဆောင်ရွက်လိုခဲ့သည်။ အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံအတွင်းမှ ဂေါ်ရခါး၊ ကချင်၊ ချင်း စသည့်တိုင်းရင်းသားများကို ခြင်္သေ့
(Chindits) တပ်ဖွဲ့များဖွဲ့စည်း၍ ခရီးရှည်ချီတက် ထိုးဖောက်မှုကို ဆောင်ရွက်ခဲ့သည်။ ယင်းစစ်ဆင်ရေး ကို ဗိုလ်မှူးချုပ်ဝင်းဂိတ်က ဦးဆောင်ခဲ့သော်လည်း
ပထမအကြိမ်တွင် အောင်မြင်မှုမရခဲ့ပေ။
ကိုသိန်းဖေနှင့် သခင်တင်ရွှေတို့သည် ဗြိတိသျှတို့ ထံမှသော်လည်းကောင်း၊ ချန်ကေရှိတ်အစိုးရထံမှ သော်လည်းကောင်း အကူအညီမရခဲ့သော်လည်း
အိန္ဒိယကွန်မြူနစ်ပါတီနှင့် ပိုမိုရင်းနှီးလာခြင်း၊ တရုတ် ကွန်မြူနစ်ခေါင်းဆောင် ချူအင်လိုင်းနှင့် တွေ့ဆုံ ဆွေးနွေးရခြင်းတို့ကို အမြတ်ရခဲ့သည်။ ဗြိတိသျှအစိုးရ
သည်လည်း ကိုသိန်းဖေတို့ကို ကွန်မြူနစ်များအဖြစ် နှစ်ခြိုက်ခြင်းမရှိသော်လည်း အကူအညီပေးခြင်းဖြင့် အကျိုးမယုတ်နိုင်ကြောင်း စဉ်းစားလာကြသည်။ ထို့ကြောင့်
သခင်တင်ရွှေအား မြန်မာပြည်တွင်းမှ ဖက်ဆစ်ဆန့်ကျင်ရေးအင်အားစုများနှင့် ဆက်သွယ်ရန် ခွင့်ပြုလိုက်သည်။ သခင်တင်ရွှေသည် ၁၉၄၃ ခုနှစ် ကုန်ပိုင်းတွင်
မြန်မာပြည်သို့ ပြန်ရောက်လာပြီး သခင်စိုးတို့လူစုနှင့် ဆက်သွယ်မိကြောင်း အခန်း(၅) တွင် တင်ပြခဲ့ပြီးလေပြီ။
သခင်စိုးတို့၏ မြေအောက်ကွန်မြူနစ်ပါတီသည် ဖက်ဆစ်ဆန့်ကျင်ရေး ရည်ရွယ်ချက်ဖြင့် လှုပ်ရှား စည်းရုံးရာမှ တဖြည်းဖြည်း ကျယ်ပြန့်လာချိန်တွင်
ဒေါက်တာဘမော်၏ ဂျပန်အလိုတော်ရိ အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးဖြစ်သော သခင်သန်းထွန်းက ပါတီဝင် ခွင့်ကို အဆိုပြုလာသည်။ သခင်စိုးကလည်း သခင်
သန်းထွန်းကို ကွန်မြူနစ်ပါတီဝင်အဖြစ် အသိအမှတ် ပြုလိုက်လေသည်။