ပြည်တွင်းသောင်းကျန်းမှုသမိုင်း (အပိုင်း ၁၂)
ဖက်ဆစ်တော်လှန်ရေးကာလ
မဟာမိတ်များ၏ ကန့်သတ်ချက်များ
ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်တွင် အဓိကအားဖြင့် အင်အားစုကြီးသုံးရပ် ပါဝင်သည်။ တပ်မတော်မှ ကိုယ်စားလှယ်များမှာ ဗိုလ်ချုပ် အောင်ဆန်း၊
ဗိုလ်မှူးကြီးလကျာ်၊ ဗိုလ်မှူးကြီးနေဝင်း၊ ဗိုလ်မှူးကြီးဇေယျ၊ ဗိုလ်မှူးကြီးစောကြာဒိုး၊ ဗိုလ်မှူး ကျော်ဇော၊ ဗိုလ်မှူးရန်အောင်၊ ဗိုလ်မှူးရဲထွဋ်၊ ဗိုလ်မှူး ဖိုးကွန်း၊ ဗိုလ်အောင်ကြီး၊
ဗိုလ်မောင်မောင်၊ ဗိုလ် စိန်မှန်၊ ဗိုလ်ခင်မောင်ကလေး တို့ဖြစ်ကြသည်။ ပြည်သူ့အရေးတော်ပုံပါတီမှ ကိုယ်စားလှယ်များမှာ ဦးဘဆွေ၊ သခင်ချစ်၊ ဦးကျော်ငြိမ်း၊
ဦးလှမောင်တို့ ဖြစ်ပြီး ကွန်မြူနစ်ပါတီမှ ကိုယ်စားလှယ်များမှာ သခင်စိုး၊ သခင်သန်းထွန်းနှင့် သခင်တင်မြတို့ဖြစ် သည်။ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်
ခေါင်းဆောင်များသည် ၁၉၄၅ ခုနှစ်၊ မတ်လ ၁ ရက် တွင် ကန်တော်ကြီးအနီးရှိ ဗိုလ်ချုပ်အောင်ဆန်း၏ အိမ်၌ အစည်းအဝေးကျင်းပပြီး ဖက်ဆစ်ဂျပန်များ အား
တော်လှန်တိုက်ခိုက်ရန် ဆုံးဖြတ်စီစဉ်ကြသည်။
မဟာမိတ်တပ်များသည် ဖက်ဆစ်ဆန့်ကျင်ရေး အင်အားစုကြီးအား အတိုင်းမသိ ကြီးထွားလာမည်ကို မလိုလားကြပေ။ ထို့ကြောင့် ကိုသိန်းဖေမှတစ်ဆင့် ဖတပလ
အဖွဲ့အား ကန့်သတ်ရန် ကြိုးစားလာကြ သည်။
မဟာမိတ်စစ်ဌာနချုပ်မှ ဖက်ဆစ်တိုက်ဖျက်ရေး အဖွဲ့ချုပ်သို့ အထူးဆက်သားဖြစ်သူ ဗိုလ်စံသာကျော် နှင့် ပေးပို့သောစာမှာ အောက်ပါအတိုင်း ကန့်သတ် ချက်များ
ပါဝင်သည်။
(၁) ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့(AFO)သည် အရှေ့တောင်အာရှ မဟာမိတ် စစ်ဌာနချုပ် လက်အောက်ရှိ တပ်ဖွဲ့တစ်ခုဖြစ်သော အမှတ် ၁၃၆ တပ်ဖွဲ့ (FORCE
136) ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ရှိစေ ရမည်။
(၂) ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့၏ အုပ်ချုပ်မှု အောက်တွင်ရှိသော လက်နက်ကိုင်တပ် များသည် မဟာမိတ်တပ်များ၏ စစ်ဆင်ရေး နှင့် သီးခြားကင်းလွတ်၍
မိမိတို့သဘော အလျောက် ဂျပန်တပ်များကို စစ်ဆင် တိုက်ခိုက်ခြင်းမပြုရ။
(၃) အမှတ် ၁၃၆ တပ်ဖွဲ့က ညွှန်ကြားသတ် မှတ်ပေးသော ဒေသများတွင်သာ ဖက်ဆစ် ဆန့်ကျင်ရေးတပ်ဖွဲ့များက ဂျပန်များကို တိုက်ခိုက်ရမည်။
(၄) ထိုသတ်မှတ်ထားသော ဒေသများသို့ အိန္ဒိယရှိ ဖက်ဆစ်ဆန့်ကျင်ရေးတပ်သား များကို လေထီးဖြင့် ချပေးမည်။ ယင်းတို့ နှင့်အတူ အမှတ် ၁၃၆ တပ်ဖွဲ့မှ
ဆက်သွယ် ရေးအရာရှိများ ပါလာမည်။
(၅) ဖက်ဆစ်ဆန့်ကျင်ရေး တပ်သားများအတွက် လိုအပ်သော လက်နက်ခဲယမ်းမီးကျောက် အရေအတွက်ကို ဗြိတိသျှဆက်သွယ်ရေး အရာရှိများ၏
ထောက်ခံချက်ဖြင့်သာ လေထီးဖြင့် ချပေးမည်။
(၆) ဂျပန်တို့အား တိုက်ခိုက်ပြီးသော ဒေသများ တွင် ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့သည် ကိုင်စွဲထားသော လက်နက်များကို အမှတ် ၁၃၆ တပ်ဖွဲ့သို့ ချက်ချင်း
ပြန်လည် ပေးအပ်ရမည်။
(၇) ဤစာတွင် ပါရှိသော အချက်များကို ဖက်ဆစ်ဆန့်ကျင်ရေးဌာနချုပ်က သဘော တူညီရန် သဘောထားကို အမြန်ပြန်ကြား ပါ။
ဖတပ ခေါင်းဆောင်များသည် မဟာမိတ်တို့၏ အကူအညီနှင့် ပတ်သက်၍ အကြိတ်အနယ် ဆွေးနွေး ကြသည်။ တပ်မတော်သည် ဖက်ဆစ်ဆန့်ကျင်ရေးကို
သီးသန့်ဆင်နွှဲရန် စီစဉ်ပြီးဖြစ်သော်လည်း နိုင်ငံရေး အင်အားစုများ၏ သဘောထားအရ အချိန်ကို တစ်နှစ် ခန့် ရွှေ့ဆိုင်းခဲ့ရပြီး ဖြစ်သည်။ တပ်မတော်
ခေါင်းဆောင်များသည် ဗြိတိသျှတို့၏အကူအညီကို စောင့်မနေတော့ဘဲ တပ်မတော် လက်နက်ခဲယမ်းများ ကို ကိုင်စွဲ၍ အမြန်ဆုံးတိုက်ခိုက်ရန် စိတ်ဆန္ဒပြင်းပြ
နေကြသည်။ ကွန်မြူနစ်များမှာမူ မဟာမိတ်တို့နှင့် ဆက်ဆံရေးကို အလေးထားလျက် ရှိသည်။
မတ်လ ၁ ရက် အစည်းအဝေးသဘောတူညီချက် အရ ဖတပ အဖွဲ့သည် မဟာမိတ်များထံသို့ အောက်ပါ အတိုင်း အကြောင်းပြန်ကြားလိုက်လေသည်။
(၁) ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ် သည် မဟာမိတ်စစ်ဌာနချုပ်၏ စာပါ သဘောထားများကို လက်မခံနိုင်။
(၂) မဟာမိတ်စစ်ဌာနချုပ်၏ကိုယ်စား အမှတ် ၁၃၆ တပ်ဖွဲ့၏ အုပ်ချုပ်ညွှန်ကြားမှုကို လက်မခံနိုင်။ ဖတပ သည် မဟာမိတ်တပ် များနှင့် နိုင်ငံရေးအရ၊ စစ်ရေးအရ
ပူးပေါင်း ဆောင်ရွက်မှုသဘောကိုသာ လက်ခံမည်။
(၃) မိမိတို့ ဖက်ဆစ်တော်လှန်ရေးတပ်ဖွဲ့များ သည် မိမိတို့ ရွေးချယ်သတ်မှတ်ထားသည့် ဒေသများ၌သာ မိမိသဘောအလျောက် စစ်ဆင်ရေးလုပ်မည်။ သို့သော်
မဟာမိတ် တပ်များနှင့် ညှိနှိုင်းဆောင်ရွက်မည်။ ပူးတွဲ တိုက်ခိုက်မည်။
(၄) မိမိတို့ လက်နက်ကိုင် တပ်ဖွဲ့ဝင်များ၊ ပြောက်ကျားတပ်ဖွဲ့ဝင်များ အရေအတွက်ရှိ သလောက်သာ လက်နက်ခဲယမ်းအကူအညီ ပေးမည်ဟုဆိုသည်ကို
သဘောတူသည်။
(၅) ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ် သည် ဖက်ဆစ်ဂျပန်တို့အား မြန်မာပြည် တစ်ဝန်းလုံးတွင် များမကြာမီအတွင်း တစ်ပြိုင်တည်း
တော်လှန်တိုက်ခိုက်ကြ မည်။
(၆) မဟာမိတ်စစ်ဌာနချုပ်က အကူအညီ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်သည် ဖက်ဆစ်ဂျပန်တို့ကို လက်နက်ကိုင်၍
တစ်ပြည်လုံးတွင် စတင်တော်လှန်တိုက်ခိုက် ကြရန် ဆုံးဖြတ်လိုက်ကြပြီ ဖြစ်သည်။
ထို့နောက် ဖတပ အဖွဲ့သည် ၁၉၄၄ ခုနှစ်၊ ဩဂုတ်လက ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ် ဗိုလ်ချုပ် အောင်ဆန်း၊ သခင်သန်းထွန်းနှင့် သခင်စိုးတို့သာပါဝင် သော်လည်း
တော်လှန်ရေးမစတင်မီ ဗဟိုဦးစီး အဖွဲ့ဝင် ကိုးဦးအဖြစ် တိုးချဲ့ဖွဲ့စည်းလိုက်သည်။ ယင်းအဖွဲ့ဝင် များမှာ တပ်မတော်မှ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မှူး ကြီးနေဝင်း၊
ဗိုလ်မှူးကြီးလကျာ်တို့သုံးဦး၊ ပြည်သူ့ အရေးတော်ပုံပါတီမှ ကိုဘဆွေ၊ ကိုကျော်ငြိမ်း၊ သခင်ချစ် တို့သုံးဦး၊ ကွန်မြူနစ်ပါတီမှ သခင်စိုး၊ သခင်သန်းထွန်း နှင့်
သခင်တင်မြတို့သုံးဦး စုစုပေါင်းကိုးဦးဖြစ်သည်။ တာဝန်ပေးအပ်ရာတွင်လည်း စစ်ရေးခေါင်းဆောင် အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၊ နိုင်ငံရေးခေါင်းဆောင် အဖြစ်
သခင်စိုး၊ နိုင်ငံခြားဆက်သွယ်ရေးခေါင်းဆောင် အဖြစ် သခင်သန်းထွန်းဟူ၍ ပေးအပ်ထားသည်။
ဖက်ဆစ်တော်လှန်ရေးစတင်ခြင်း
ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်သည် ၁၉၄၅ ခုနှစ်၊ မတ်လ ၁ ရက် အစည်းအဝေးမှ စတင် ၍ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ ချုပ်ဟု
အမည်ပြောင်းလဲလိုက်သည်။ ထိုအစည်းအဝေး မှာပင် တော်လှန်သည့်နေ့တွင် ဖြန့်ဝေမည့် လွတ်လပ် ရေးကြေညာစာတမ်းကို အတည်ပြုလိုက်ကြသည်။
ယင်းစာတမ်းမှာ ဗိုလ်ချုပ်အောင်ဆန်းရေးသားသည့် စာတမ်းဖြစ်သည်။ တော်လှန်ရေးစစ်တိုင်းများကိုလည်း သတ်မှတ်သည်။ စစ်တိုင်းအလိုက် နိုင်ငံရေး၊ စစ်ရေး
တာဝန်ထမ်းဆောင်ရမည့်သူများကိုလည်း တာဝန် ခွဲဝေပေးသည်။
တိုင်း(၁)။ တိုင်း(၁)တွင် ပြည်၊ သာယာဝတီနှင့် ဟင်္သာတ အရှေ့နယ်များပါဝင်ပြီး စစ်ရေးခေါင်းဆောင်မှာ ဗိုလ်ချုပ် အောင်ဆန်းဖြစ်သည်။ နိုင်ငံရေး
ခေါင်းဆောင်မှာ ကိုဗဟိန်း ဖြစ် သည်။
တိုင်း(၂)။ ဟံသာဝတီ၊ ဖျာပုံနှင့် မအူပင်နယ် များ ပါဝင်ပြီး စစ်ရေးခေါင်းဆောင် မှာ ဗိုလ်မှူးကြီးနေဝင်း ဖြစ်သည်။ နိုင်ငံရေးခေါင်းဆောင်မှာ သခင်စိုး ဖြစ်သည်။
တိုင်း(၃)။ ပုသိမ်၊ မြောင်းမြနှင့် ဟင်္သာတ အနောက်နယ်များ ပါဝင်သည်။ စစ်ရေးခေါင်းဆောင် ဗိုလ်မှူးကြီး စောကြာဒိုးဖြစ်ပြီး နိုင်ငံရေးခေါင်း ဆောင်မရှိ။
ဗိုလ်မှူးကြီးလကျာ်က တိုင်း(၂)နှင့် တိုင်း(၃)ကို ဆက်သွယ် ညှိနှိုင်းပေးရန်။
တိုင်း(၄)။ ပဲခူး၊ ရွှေကျင်နှင့် သထုံ၊ စစ်ရေး ခေါင်းဆောင် ဗိုလ်မှူးကျော်ဇော၊ နိုင်ငံရေးခေါင်းဆောင် သခင်ချစ်။
တိုင်း(၅)။ မော်လမြိုင်၊ ထားဝယ်နှင့် မြိတ်၊ စစ်ရေးခေါင်းဆောင် ဗိုလ်ကြီး တင်ထွန်း၊ နိုင်ငံရေးခေါင်းဆောင် သခင်ဗသိန်းတင်။
တိုင်း(၆)။ မိတ္ထီလာ၊ ပျဉ်းမနား၊ တောင်ငူနှင့် တောင်ပိုင်းရှမ်းပြည်၊ စစ်ရေး ခေါင်းဆောင် ဗိုလ်မှူးရဲထွဋ်၊ နိုင်ငံ ရေးခေါင်းဆောင် ဦးကျော်ငြိမ်း။
တိုင်း(၇)။ သရက်၊ မကွေး၊ မင်းဘူး၊ စစ်ရေး ခေါင်းဆောင် ဗိုလ်မှူးအောင်၊ နိုင်ငံ ရေးခေါင်းဆောင် သခင်တင်မြ။
ဖက်ဆစ်တော်လှန်ရေးအတွက် တိုင်းများအလိုက် တာဝန်ယူကြရာတွင် ကွန်မြူနစ်ခေါင်းဆောင်များ သည် နိုင်ငံရေးမှူးများ၊ နိုင်ငံရေးခေါင်းဆောင်များ အဖြစ်
တာဝန်ယူကြရသည်။ ထို့ကြောင့် ကွန်မြူနစ် ခေါင်းဆောင်များသည် ကွန်မြူနစ်ပါတီအတွက် စည်းရုံးရန် အခွင့်အလမ်းများစွာရခဲ့သည်။ တပ်မတော်
ခေါင်းဆောင်အချို့သည်ပင်လျှင် ကွန်မြူနစ်ပါတီကို ထောက်ခံခဲ့ကြရသည်အထိ ဖြစ်ခဲ့သည်။ ပြည်သူ့ အရေးတော်ပုံပါတီဝင်များ တာဝန်ယူထားရသည့်
နေရာများသို့လည်း ကွန်မြူနစ်တို့သည် နိုင်ငံရေးမှူး များ တွဲဖက်စေလွှတ်ခဲ့ကြသည်။ ယင်းအစီအစဉ်အရ သခင်တင်ထွန်းသည် တိုင်း(၆)၊ နိုင်ငံရေးခေါင်းဆောင်
ကိုကျော်ငြိမ်းနှင့် တွဲဖက်တာဝန်ယူခဲ့ရသည်။
ဗိုလ်ချုပ်အောင်ဆန်းက စစ်ကြောင်းဖြန့်ရန်အမိန့် ထုတ်ပြီးနောက်တွင် ဗမာ့တပ်မတော်သည် ၁၉၄၅ ခုနှစ်၊ မတ်လ ၁၇ ရက်၌ စစ်ထွက်အခမ်းအနား တစ်ရပ်ကို
ကြီးကျယ်ခမ်းနားစွာ ကျင်းပသည်။ တပ် များမှာမူ စစ်ထွက်အခမ်းအနားမကျင်းပမီကပင် အချို့အဝက်ကို စစ်တိုင်းအသီးသီးသို့ စေလွှတ်ထားပြီး ဖြစ်သည်။
စစ်ထွက်အခမ်းအနား ကျင်းပပြီးစီးသော အခါတွင်ကား ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တပ်များ နှင့်အတူ လိုက်ပါချီတက်သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်း(၁)ကို ကိုယ်တိုင် ခေါင်းမဆောင်တော့ဘဲ ဗိုလ်မှူးမောင်မောင်သို့ လွှဲပေး လိုက်သည်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်မှာမူ
ဗဟိုစစ်ဦးစီးဌာနချုပ်ကို ကွပ်ကဲ၍ တိုင်း(၇)သို့ ရောက်ရှိလာသည်။ တော်လှန်ရေးအတွက် လျှို့ဝှက်စွာ ပြင်ဆင်လုံးပန်းချိန်တွင် မဟာမိတ်စစ်ဌာနချုပ်သည် ဖတပလ
အဖွဲ့ချုပ်အား နိုင်ငံရေးအရ အသိအမှတ် ပြုခြင်းမရှိဘဲ စစ်ရေးအရသာ ဆက်သွယ်၍ လှုပ်ရှား လျက်ရှိသည်။ အထူးသဖြင့် ဂျပန်စစ်သတင်းများကို သာ
တောင်းဆိုလျက်ရှိပြီး လက်နက်ချပေးရေးကိစ္စ များတွင်မူ ပြေပြစ်ချောမွေ့အောင် ဆောင်ရွက်ပေးခြင်း မရှိခဲ့ပေ။ မဟာမိတ်စစ်ဌာနချုပ်၏ သဘောတူညီမှု မရဘဲ
ဂျပန်ကို တော်လှန်တိုက်ခိုက်ပါက လက်နက် ခဲယမ်းအကူအညီမပေးနိုင်ဟူ၍လည်း အကြောင်းကြား ခဲ့သည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖတပလ
အဖွဲ့ကြီးသည် မဟာမိတ်များထံမှ အကူအညီရသည် ဖြစ်စေ၊ မရသည်ဖြစ်စေ မိမိတပ်မတော်၏အင်အား ကို အခြေပြုမဏ္ဍိုင်ထားပြီး ပြည်သူလူထု၏အကူအညီ ဖြင့်
တော်လှန်ရေးကိုဆင်နွှဲရန် ဆုံးဖြတ်ကြပြီး ဖြစ် သည်။
ဖတပလ အဖွဲ့ကြီးသည် စစ်ဆင်မှု အမိန့်အမှတ် (၁)ကိုထုတ်ပြန်၍ ဗမာ့တပ်မတော်ကို ပြည်သူ့ လွတ်လပ်ရေးတပ်မတော်၊ အတိုကောက်အားဖြင့် ပြည်သူ့တပ်မတော်ဟု
အမည်ပြောင်းလဲလိုက်သည်။ အနောက်တိုင်းကိုလည်း တိုင်း(၇)အဖြစ် ပြောင်းလဲ လိုက်သည်။ ၁ ထို့နောက် ၁၉၄၅ ခုနှစ်၊ မတ်လ (၂၇) ရက် ည(၇)နာရီတွင်
ဖက်ဆစ်ဂျပန်တော်လှန်ရေးကြီး ကို ဆင်နွှဲလိုက်ကြသည်။ တော်လှန်ရေးဆင်နွှဲနေချိန် တွင် ဗိုလ်ချုပ်အောင်ဆန်းသည် သရက်ခရိုင်၊ သခင်စိုး သည် မြစ်ဝကျွန်းပေါ်၊
သခင်သန်းထွန်းသည် ဖြူးနယ် တို့တွင် တာဝန်ယူ၍ ဆောင်ရွက်ကြသည်။
မတ်လ (၂၇)ရက်တွင် တော်လှန်ရေး စတင်ပြီး ဖြစ်ကြောင်း မဟာမိတ်တို့၏ အမှတ် ၁၃၆ တပ်ဖွဲ့သို့ ဝိုင်ယာလက်စက်များဖြင့် အကြောင်းကြားလိုက်ရာ ၁၃၆
တပ်ဖွဲ့သည် ဝိုင်ယာလက်စက်ကိုင် ရဲဘော်များ အား စက်များကို ဖျက်ဆီး၍ အိန္ဒိယသို့ ပြန်လာရန် အမိန့်များပေးခဲ့သည်။ ဝိုင်ယာလက်စက်များနှင့်
စက်ကိုင်အော်ပရေတာများကိုလည်း ကောင်းစွာ ထိန်းသိမ်းထားနိုင်ခဲ့သည်။ အမှတ် ၁၃၆ တပ်ဖွဲ့သည် ဗိုလ်ချုပ်အောင်ဆန်းထံပေးပို့သည့် ကြေးနန်းများတွင် လည်း
Major General Aung San Self Style (မေဂျာဂျင်နရယ်ဟု မိမိကိုယ်မိမိ ဘွဲ့ပေးထားသူ အောင်ဆန်း) စသည်ဖြင့် ရေးသား၍ စော်ကားခဲ့ သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူရှိနေသည့် တပ်များကိုလည်း ဧရာဝတီမြစ်အရှေ့ဘက်ကမ်းသို့ ကူးပြောင်းရန် ညွှန်ကြားခဲ့သည်။ ၁၃၆ တပ်ဖွဲ့မှ အရာရှိအားလုံးကို
ကွပ်ကဲမည့် လက်ဖတင်နင်ကာနယ် ကရူး ဆိုသူမှာ ဖြူးအနောက်တွင် လေထီးနှင့်ဆင်းပြီး သခင်သန်းထွန်းနှင့်အတူ ရှိနေခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် မဟာမိတ်တို့၏ ညွှန်ကြားချက်များ၊ အကြံပေးချက်အမည်ခံ ကန့်သတ် ချက်များကို မလိုက်နာဘဲ မိမိအစီအစဉ်ဖြင့် မိမိဂျပန် တပ်များကို
တိုက်ခိုက်ခဲ့သည်။ ကွန်မြူနစ်ခေါင်းဆောင် များသည်လည်း တော်လှန်ရေးဆင်နွှဲနေစဉ်မှာပင် ကိုသိန်းဖေပေးပို့သည့် စာတမ်းများကို နိုင်ငံရေး
ဆွေးနွေးပွဲများပြုလုပ်၍ ဆွေးနွေးစည်းရုံးနေကြသည်။ စစ်ရေးအခြေအနေငြိမ်သက်နေသည့် ကျေးရွာများ တွင်လည်း ကျေးရွာလူထုကို ဟောပြောပွဲများကျင်းပ၍
စည်းရုံးကြသည်။
တော်လှန်ရေးသမားများက ဖက်ဆစ် ဂျပန်များအပေါ်တွင် အောင်ပွဲဆင်၍ တိုက်ခိုက်နေကြ စဉ်မှာပင် မဟာမိတ်တပ်များသည်လည်း ပိုမို၍ ရှေ့တိုးလာနိုင်ကြသည်။
ဧပြီလ ၁၂ ရက်တွင် ကျောက်ပန်းတောင်းမြို့ကို မဟာမိတ်တပ်များက သိမ်းပိုက်နိုင်ပြီး ဧပြီလ ၁၃ ရက်တွင် တောင်တွင်းကြီး ကို သိမ်းသည်။ ဧပြီလ ၂၂ ရက်တွင်မူ
ရေနံချောင်း မြို့ကို သိမ်းပိုက်လိုက်နိုင်သည်။ ထိုမြို့များကို သိမ်း ပိုက်သောတပ်မှာ အမှတ်(၇) အိန္ဒိယတပ်မ ဖြစ်သည်။
အမှတ်(၂ဝ) အိန္ဒိယတပ်မကလည်း ဧပြီလ ၁၉ ရက်တွင် မြင်ကွန်းနှင့် မကွေးကို သိမ်းပိုက်လိုက်နိုင် သည်။ အမှတ်(၁၇)အိန္ဒိယတပ်မသည် မိတ္ထီလာမြို့မှ ချီတက်လာပြီး
ဧပြီလ ၃ဝ ရက်တွင် ပျော်ဘွယ်မြို့ကို တိုက်ခိုက်သိမ်းယူလိုက်သည်။ ဂျပန်ဗိုလ်ချုပ်ကြီး ဟွန်းဒါး၏ အမှတ်(၃၃)တပ်မတော်သည်လည်း ဖရို ဖရဲဖြင့် ပြိုကွဲလာသည်။
ဧပြီလ ၁ဝ ရက်တွင် အမှတ် (၅) အိန္ဒိယတပ်မ၏ ယန္တရားတပ်မဟာ (၂)ခုက ရမည်းသင်းမြို့ကို သိမ်းပိုက်လိုက်သည်။ ဧပြီလ ၁၉ ရက်တွင် လယ်ဝေးလေယာဉ်ကွင်းကို
မဟာမိတ်များ ရရှိသွားသည်။ ပျဉ်းမနားမြို့ကိုမူ ဧပြီလ ၂၁ ရက်တွင် အမှတ်(၅)အိန္ဒိယတပ်မက တိုက်ခိုက်သိမ်းပိုက်သည်။ ဧပြီလ ၂၂ ရက်တွင်
မဟာမိတ်သံချပ်ကာကားများ တောင်ငူမြို့သို့ စတင်ရောက်ရှိတိုက်ခိုက်ကြပြီး ၂ ရက် အတွင်း ဂျပန်လေယာဉ်ကွင်းများကို သိမ်းပိုက်လိုက် နိုင်သည်။
မဟာမိတ်တပ်များက မြို့သိမ်းတိုက်ပွဲများကို ဆင်နွှဲကြသောအခါ ဖတပလ အဖွဲ့ခေါင်းဆောင်များ သည် မဟာမိတ်အရာရှိများထံ ဒေသအလိုက် ဆက်သွယ်ကြသည်။
သို့သော် မဟာမိတ်အရာရှိများ သည် ဒေသခံ ဖတပလ ခေါင်းဆောင်များအား လိုလား စွာ လက်ခံကြိုဆိုခြင်းမရှိကြပေ။ ဖတပလ အဖွဲ့ကြီး နှင့်
မဟာမိတ်တို့၏ဆက်ဆံရေးမှာ တင်းမာလျက်ပင် ရှိသည်။
၁၉၄၅ ခုနှစ်၊ ဧပြီလ ၂၉ ရက်တွင် ဂျပန်တပ်များ ရန်ကုန်မြို့ကို စွန့်ခွာသွားရာ ဗိုလ်သိန်းဟန်၊ ဗိုလ်ခင်ချို တို့ဦးစီးသော မြို့စောင့်တပ်က ဧပြီလ ၃ဝ ရက်တွင်
ရန်ကုန်မြို့ကို သိမ်းပိုက်လိုက်သည်။ မဟာမိတ်တပ်များ သည် ရန်ကုန်မြစ်ဝတွင် သဘေင်ာ္ကြီးငယ်များဖြင့် ဆုံစည်း၍ ရန်ကုန်မြို့ကို Capital Operation ဖြင့်
တိုက်ခိုက်ရန် စီစဉ်နေရာမှ မေလ ၃ ရက်ကျမှ အမှတ် (၂၆)အိန္ဒိယတပ်မ၏ အမှတ်(၃၆)တပ်မဟာသည် ဒလ မြို့ကို ဆိုက်ရောက်လာသည်။ ရန်ကုန်မြို့ကို လက်နက်
ကြီးပစ်ရန် စီစဉ်သည်။ သို့သော် တပ်မတော်၏ ဆက်သွယ်ချက်ကြောင့် မေလ ၄ ရက်တွင် မဟာမိတ် တပ်များ ရန်ကုန်ကို ဆိုက်ရောက်လာသည်။
ကိုစက်ဖေအမည်ခံ ဗိုလ်မှူးကြီးနေဝင်းက ဦးနောင်ချိုအမည်ခံ ဗိုလ်ချုပ်အောင်ဆန်းထံသို့ ၁၉၄၅ ခုနှစ်၊ မေလ ၁၉ ရက် နေ့စွဲဖြင့် ရေးသားထားသော စာတွင်
အောက်ပါအတိုင်း ပါဝင်လေသည်။
'ရန်ကုန်မြို့ကို မဟာမိတ်ရေတပ်မှ Shell လုပ်ရန် ရည်ရွယ်ပြီးလျှင်Indian Navy နှင့် 15th Army Corps က 30th April နေ့၌ ဝင်လာမည်ဖြစ်ကြောင်း၊
လမ်းပြရန် Elephant Point မှ စောင့်ပါ ဟူ၍ လည်းကောင်း၊ ကွမ်းခြံကုန်းရှိ ကျွန်တော်တို့ Head Qrs သို့ Wireless Message ရရှိသဖြင့် ဗိုလ်အောင်ကြီးကို
Elephant Point သို့ အချိန်မီလွှတ်ပြီးလျှင် ရန်ကုန်ကို ဗမာတပ်က သိမ်းထားပြီးဖြစ်ကြောင်း၊ ရန်ကုန်ကို Shell မလုပ်ရန်အကြောင်း၊ 15th Army သို့
ပြောခိုင်းရသည်။ ဗမာသိမ်းထားသော ရန်ကုန်ကို 16th Army က သိမ်းသည်ဆိုပြီး အသားယူသွားသည်။'
၁၉၄၅ ခုနှစ်၊ မေလ ၇ ရက်တွင် အသံလွှင့် ပြောကြားခဲ့သော ဗိုလ်မှူးကြီးနေဝင်း၏ မိန့်ခွန်းအပြည့် အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။
RADIO ADDRESS BY COLONEL NAY WIN TO THE PEOPLE OF BURMA
မြန်မာပြည်သူလူထုနှင့် တော်လှန်ရေးရဲဘော်အပေါင်း တို့...
ဗမာ့တပ်မတော်ဟာ ဗမာပြည်မှာရှိတဲ့တိုင်းပြည် အတွက် အရိုးကြေကြေ အရေခန်းခန်း နှမ်းတစ်လုံးမျှ အသက်ကိုမနှမြောတဲ့ မျိုးချစ်လူငယ်တွေ၊ ကျောင်းသား
တွေစုရုံးပြီး ဗမာ့လွတ်လပ်ရေးအတွက် တိုက်ခိုက်ဖို့ တည်ထောင်ထားတာကို ဗမာတစ်ပြည်လုံးသိကြပါ လိမ့်မယ်။ ဒီတပ်မတော်မှာ ဗမာ၊ ရှမ်း၊ ကရင်၊ ချင်း စတဲ့
အမျိုးသားတွေအားလုံးပါဝင်ပြီး အသက်ကို တိုင်းပြည်အတွက်စွန့်ရန် သန္ဒြဌန်ချထားတဲ့ ဗမာ ပြည်ရဲ့ အသက်သွေးခဲတွေဖြစ်တယ်ဆိုတာလည်း တိုင်းပြည်က
သိကြပါလိမ့်မယ်။ ဒီဗမာ့တပ်မတော်ဟာ အခု ကျေးရွာတောနယ်တွေမှာရှိတဲ့ မျိုးချစ်လူငယ်တွေနဲ့ ပူးတွဲပြီး ပြည်သူ့လွတ်လပ်ရေး တပ်မတော် (People's
Freedom Army )အမည်နဲ့ ဂျပန်ဖက်ဆစ်ဘီလူးတွေ ကို စစ်ကြေညာပြီး တရကြမ်းတိုက်ခိုက်ခဲ့ကြတယ်။ ယခုလည်း တိုက်တုန်းပဲ၊ နောက်လည်း ဆက်ပြီးတိုက် မယ်။
အဲဒီလို ဖက်ဆစ်ဂျပန်ကို စစ်ကြေညာတိုက်ခိုက် ခဲ့တဲ့အချိန်ကစပြီး ဗမာ့တပ်မတော်ကိုလည်း ပြည်သူ့ လွတ်လပ်ရေးတပ်မတော်လို့ အမည်ပြောင်းလိုက်ပါ တယ်။
တပ်မတော်ဟာ ဘာကြောင့်တိုက်ရသလဲဆိုတာ ကို တိုင်းသူပြည်သားတွေကို ကောင်းစွာနားလည်စေ ချင်တယ်။ တပ်မတော်ဟာ တာဝန်ကင်းမဲ့၊ စည်းကမ်း ကင်းမဲ့၊
အဓိပ္ပာယ်မရှိ ကျပန်းထင်ရာလုပ်တာမဟုတ် ကြောင်း အသက်၊ သွေး၊ ချွေး၊ ဘေးဒုက္ခတွေ၊ သားမယား တွေ၊ အညှဉ်းဆဲခံ၊ ရွာတွေအဖျက်ဆီးခံ၊ မီးရှို့ခံပြီး
လုပ်တာတွေကို အပျော်တမ်းမဟုတ်ဘူးဆိုတာ ရှင်းပြ ချင်တယ်။
ဂျပန်တွေဟာ၊ ဖက်ဆစ်ဓားပြတွေဟာ တရုတ် ပြည်မှာ ဘယ်လိုညှဉ်းဆဲခဲ့တာ လူငယ်တွေ အားလုံး ဟာ သိခဲ့ကြတယ်။ ဒီလိုသိလျက်နဲ့ ပေါင်းခဲ့တာဟာ
အကြောင်းမဲ့မဟုတ်ဘူး။ ဂျပန်ဟာ စစ်မကြေညာမီ ၁၉၃၉ ခုနှစ်ကတည်းက ဗမာပြည်ကို လွတ်လပ်ရေး ပေးမယ်။ ကိုယ်ပိုင်စစ်တပ်ထားခွင့် ပေးမယ်ဆိုတဲ့
ခိုင်လုံတဲ့ကတိကို လျှို့ဝှက်စွာရလို့တစ်ကြောင်း၊ ဗမာ ပြည်ဟာ လွတ်လပ်ရေးအတွက် နိုင်ငံခြားတစ်ဦးဦးရဲ့ အကူအညီနဲ့မှ ရမယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ဘူး။
ဂျပန်ကလည်း ကူညီမယ် ပြောနေတယ်၊ ဂျပန်ဟာ ဗမာပြည်မှာ စစ်မပြီးလည်း အိန္ဒိယကို တိုက်ရပေဦး မယ်။ အိန္ဒိယပြည် ပြယုဂ်ကောင်းရန် ဗမာပြည်ကို
လွတ်လပ်ရေးရလိမ့်မယ်ဆိုတဲ့ အာမခံချက်ရှိတာ ကြောင့်လည်း ကျွနု်ပ်တို့ ပေါင်းခဲ့ကြတာပဲ။
သူတို့ ပေးချင်မှ ပေးမယ်ဆိုတာကို သိပေမယ့် ယုတ်စွအဆုံး ကိုယ်ပိုင်စစ်တပ်ရှိမှတစ်ကြောင်း၊ နောက် တစ်ဖန် စစ်ဖြစ်စ ၁၉၄၂ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်
ဟောင်ကောင်(Hong Kong)ကျပြီးစတွင် ဂျပန် နန်းရေးဝန် တိုဂျို (The Japanese Premier General Tojo)က ဖိလစ်ပိုင်လူမျိုးတွေက ဂျပန်နိုင်ငံ၏
စစ်ကြိုးပမ်းမှုကို ကူညီလျှင် ဂျပန်က ဝမ်းမြောက်စွာ သူတို့ရဲ့လွတ်လပ်ရေးကို ကူညီပေးတယ်။ ဗမာနိုင်ငံ အတွက်လည်း ဤအတိုင်း ရည်ရွယ်သည်ဟု ဒိုက်ယက်
လွှတ်တော် (Imperial Diet)၌ အတိအလင်း ထုတ်ဖော်ကြေညာချက်ကို ယုံစား၍တစ်ကြောင်း လူငယ်တွေဟာ ပူးပေါင်းတိုက်ခိုက်ခဲ့တာပဲ။ မည်သူ မဆို ၎င်းတို့၏
ကြေညာချက်၊ ကတိဝန်ခံချက်တွေဟာ အတ္တလန္တိတ်ချာတာ (Atlantic Charter)မှာ အိန္ဒိယ နဲ့ ဗမာပြည်နဲ့မဆိုင်ဆိုတဲ့ မြန်မာပြည်အပေါ် လုံးဝ သဘောထား
ပြောင်းလဲစဉ်းစားခြင်းမရှိတဲ့ ဗြိတိသျှ အစိုးရရဲ့ သဘောထားထက် ကျေနပ်ဖွယ်ရာကောင်း လို့ ဂျပန်ဖက်ဆစ်တွေနဲ့ ပေါင်းတိုက်ခိုက်ခဲ့တာပဲ။
ပထမအကြိမ် ဂျပန်တွေရဲ့ကတိကို ယုံမှား သံသယဖြစ်တဲ့အချက်ကတော့ မော်လမြိုင်မြို့ကျဆုံး တာနဲ့ တစ်ပြိုင်နက် ဗမာ့လွတ်လပ်ရေးကြေညာပြီး
ဗမာ့အုပ်ချုပ်ရေးကို ဗမာတွေကို လွှဲမယ်ဆိုတဲ့ ကတိကိုမလိုက်နာတဲ့အချက်ပဲ၊ ဒီအချိန်ကစပြီး ၎င်းတို့ နှင့် ရင်ဆိုင်ဖို့ အမျိုးမျိုးဆွေးနွေးတိုင်ပင်စပြုကြရတယ်။
ဂျပန်ဖက်ဆစ်တွေရဲ့ပြုမူပုံတွေ၊ အနိုင်ကျင့်တာတွေကို တဖြည်းဖြည်း တွေ့ကြုံရလေလေ၊ ၎င်းတို့ကို တော်လှန် နိုင်ဖို့နည်းလမ်းရှာရလေလေဖြစ်ခဲ့တယ်။ ထိုအကြောင်း
ကို ကြိုတင်သိမြင်ပြီး နိုင်ငံခြားအကူအညီရစိမ့်သောငှာ နိုင်ငံခြားကို ထွက်ခွာသွားကြရန် စီစဉ်ကြရတော့တယ်။ စီစဉ်တဲ့အတိုင်းလည်း လူငယ်ခေါင်းဆောင်တချို့ဟာ
နိုင်ငံခြားသို့ ထွက်ခွာသွားကြတယ်။
ဒုတိယအချက်ကတော့ ဗမာပြည် လုံးဝကျဆုံးပြီး မန္တလေးမှာ ဗမာ့လွတ်လပ်ရေးတပ်မတော် ပြန်စုတဲ့ အချိန်မှာ အင်အားအလွန်ကြီးမားတဲ့ ဗမာ့လွတ်လပ်
ရေးတပ်မတော် (Burma Independence Army) ကို ဖျက်သိမ်းပြီး ဘီဒီအေ ဗမာ့ကာကွယ်ရေး တပ်မတော် (Burma Defence Army)ကို ဖွဲ့စည်း တဲ့အချိန်ပဲ။
ဗမာ့မျိုးချစ်လူငယ်တွေရဲ့ စိတ်ဓာတ်မှာ ဆောက်တည်ရာမရလောက်အောင် မခံနိုင်ဖြစ်ပြီး တော်လှန်ရန် ကြိုးစားသော်လည်း ...
(က) ဂျပန်နန်းရင်းဝန်ကြီး တိုဂျို၏ ဗမာပြည် လွတ်လပ်ရေးပေးမယ်ဟူသော ကတိကို ရရှိ၍တစ်ကြောင်း။
(ခ) တပ်သားတွေ အလေ့အကျင့် နည်း၍ တစ်ကြောင်း။
(ဂ) ကမ္ဘာ့အခြေအနေအရ ဂျပန်ဖက်ဆစ် တွေဟာ အကောင်းဆုံး အချိန်ဖြစ်၍ တစ်ကြောင်း။
အားမသန်လှ၍ မချိတင်ကဲ တော်လှန်ရေးကို အချိန်အခိုက်အတန့်အားဖြင့် လက်လျှော့ခဲ့ရတယ်။ နောက်ဆုံး၌ ဗမာ့လွတ်လပ်ရေးပြဿနာကို ရင်ဆိုင် ရတော့မှ
လွတ်လပ်ရေးဟာ တကယ့်လွတ်လပ်ရေး မဟုတ်တဲ့အပြင် ဗမာပြည်က ပြည်နယ်အချို့ ခွဲထုတ် တယ်။ အမျိုးမျိုးညှဉ်းဆဲတယ်၊ စီးပွားရေး လက်ဝါးကြီး အုပ်တယ်၊
ပြည်သူ့လွတ်လပ်ရေးကို ချုပ်ချယ်တယ်၊ ဒါတွေတွေ့တာနဲ့ တစ်ပြိုင်နက် ဂျပန်ဖက်ဆစ်ကို ပြန်လှန်တိုက်ဖို့ကို ဆုံးဖြတ်လိုက်ကြတယ်။ ဒီအချိန်က စပြီး လူငယ်တွေဟာ
မနားမနေ အပတ်တကုတ် ကြိုးစားအားထုတ်ခဲ့ကြတယ်။
အလွန်ရက်စက်ကြမ်းကြုတ်တဲ့ ဂျပန်စစ်ပုလိပ် တို့ရဲ့ အမျိုးမျိုးအဖုံဖုံ ညှဉ်းပန်းတဲ့ကြားထဲက နိုင်ငံခြား နဲ့ အခေါက်ခေါက်အခါခါကူးပြီး အလုပ်လုပ်တယ်။
တော်လှန်ရေးအဖွဲ့တွေကို နယ်အသီးသီးမှာ ဖွဲ့တယ်၊ ကျေးရွာသား တော်လှန်ရေးသမားတွေအထိရောက် အောင် ပြောက်ကျားသင်ခန်းစာစာစောင်တွေ အဖုံဖုံ
လျှို့ဝှက်စွာ ထုတ်တယ်။ နယ်တွေကို တပ်မတော်သား တွေလွှတ်ပြီး လူသူပြတ်လပ်တဲ့နေရာတွေမှာ သေနတ် ပစ်နည်းခတ်နည်း၊ စစ်ဆင်စစ်တက် ပြောက်ကျား
စစ်သေနဂင်္ဗျူဟာတွေကို လက်တွေ့ လျှို့ဝှက်စွာ သင် နိုင်ခဲ့ပါတယ်။ ဒီအဖွဲ့တွေကို အခြေခံထားပြီး လွန်ခဲ့တဲ့ နှစ်က လေးကြိမ်တိတိ ကြိုးစားခဲ့ပေမယ့် မအောင်မြင်
ခဲ့ဘူး။
ပဉ္စမအကြိမ်ဖြစ်တဲ့ ယခုအကြိမ်မှာမှ အောင်မြင် စွာ တိုက်ခိုက်နိုင်ကြပေတော့တယ်။ တပ်မတော်ဟာ ဘယ်လောက်အထိ ကျစ်လျစ်သေသပ်ပြီး ကျနစွာ
ကြိုတင်စီစဉ်ပြီး လုပ်တဲ့ဟာကို အောက်ပါအချက်တွေ ကို ချင့်ပြီး သိနိုင်တယ် -
(က) ဗမာပြည်အထက်မှာရှိတဲ့ တပ်ပေါင်းစုံကို ရန်ကုန်မှာ စုပေါင်းထားလျက်နဲ့ မှန်းထား တဲ့နယ်ကိုရောက်အောင် ဆိုင်ရာတပ်တွေ ပို့နိုင်ဖို့ ဂျပန်စစ်ဌာနချုပ်နဲ့
စီစဉ်နိုင်ခဲ့တယ်။
(ခ) ဗမာ့တပ်မတော်တစ်ခုလုံး တော်လှန်အံ့ ဆဲဆဲ ရက်ပိုင်းကလေးအတွင်း ဂျပန် စစ်ဘက်ဆိုင်ရာက လက်နက်နဲ့ ခဲယမ်း မီးကျောက်အပြည့်အစုံရအောင် စီစဉ်နိုင်
ခဲ့တယ်။
(ဂ) ဒေသအလိုက် မြစ်ဝကျွန်းပေါ် ဌာန အသီးသီး ပြည်၊ သရက်၊ အောင်လံ၊ ပျဉ်းမနား၊ တောင်ငူ၊ ပဲခူး၊ မန္တလေးတို့ကို တော်လှန်ရေးအဖွဲ့များနှင့် တပ်မတော်ကို
ချက်ချင်းစုပေါင်းပြီး ဆောင်ရွက်နိုင်အောင် စီမံနိုင်ခဲ့တယ်။
(ဃ) အိန္ဒိယသို့ လက်နက်အကူအညီနဲ့ စစ်ဘက် ဆိုင်ရာအကူအညီအတွက် စစ်ဘက်နှင့် လူငယ်များကို ပို့ပေးနိုင်ခဲ့တယ်။
(င) မဟာမိတ်တပ်များနဲ့ အဆက်အသွယ် ပြုလုပ်နိုင်ခဲ့တယ်။
(စ) အထက်ဗမာပြည်၊ ရခိုင်တို့မှာ စနစ်တကျ တိုက်ခိုက်ပြီး ဂျပန်တွေကို ချေမှုန်းခဲ့ကြ တယ်။
(ဆ) နယ်အသီးသီးမှ ကျေးရွာများအထိ ပြောက်ကျားသင်ခန်းစာ(Guerilla Form Of Warfare)စာစောင်များပို့ပြီး လေ့ကျင့် ပြီး ပစ်ခတ်နိုင်တဲ့
ပြောက်ကျားစစ်အဖွဲ့ (Guerilla Fighters) ဖွဲ့စည်းပြီး ဖြစ်နေ တယ်။
ဒီအချက်တွေဟာ တစ်မနက် တစ်ရက်နဲ့ စီစဉ် နိုင်တာမဟုတ်ဘူးဆိုတာလည်း နားလည်သင့်တယ်။ ဂျပန်စစ်ပုလိပ်အဖွဲ့၊ စစ်သူလျှိုအဖွဲ့(Japanese Military
Police Of Their Secret Agents)တွေနဲ့ ဂျပန်သတင်းပေးတွေကြားထဲက အခုလို တိုက်ခိုက် နိုင်တာဟာ အံ့ဩဖွယ်ကောင်းတဲ့ လူငယ်တွေရဲ့
စွမ်းဆောင်ချက်ကို ဗမာလူမျိုးတွေ ပေါ့ပေါ့ဆဆ မယူဆသင့်ပါ။ ဒီအချက်တွေဟာ ကမ္ဘာက လက်ဖျား ခါလောက်တဲ့အချက်ကြီး ဖြစ်ပါတယ်။ ဂျပန်လူမျိုးဟာ
ရက်စက်ရာမှာလည်း ဖက်ဆစ်တိုင်းပြည်အားလုံးထဲမှာ အဆိုးဆုံးဖြစ်တဲ့အပြင် ကမ္ဘာ့လက်နက်နိုင်ငံကြီးတွေကို အမြဲပခုံးချင်းယှဉ်ပြိုင်ခဲ့ပါလျက် ဗမာကျမှ အလျှော့
ပေးရတာဟာ ဗမာ့အစွမ်း ကမ္ဘာကို ပြတာပဲ။
စစ်ဘက်ဆိုင်ရာမှာလည်း ဂျပန်တွေဟာ ကမ္ဘာမှာ ဇွဲအကောင်းဆုံးနဲ့ ပြောက်ကျား အလွန်တော်တယ်လို့ မဟာမိတ်နိုင်ငံတွေတိုင်းက ဝန်ခံရတဲ့ ဂျပန်ကို ဗမာ တွေ
အလဲထိုးနိုင်ခဲ့ကြတယ်။ မန္တလေး၊ တောင်ငူ၊ ပျဉ်းမနား၊ အောင်လံ၊ သရက်၊ ပဲခူးနယ်၊ မြစ်ဝကျွန်းပေါ်၊ ဒေးဒရဲ၊ ဖျာပုံ၊ ကျိုက်လတ်၊ ဘိုကလေးတို့အားလုံးက ဂျပန်တွေကို
မောင်းနှင်ပြီး ဗမာ့တပ်မတော်က သိမ်း တယ်ဆိုတာကို ချင့်ကြည့်ပါ။ ရန်ကုန်လို အရေးကြီးတဲ့ အဆောက်အအုံ၊ အလုပ်ရုံ၊ လမ်းဆုံလမ်းမ၊ တံတား ကြီး
တံတားငယ်မကျန် တပ်မတော်သားတွေ ပုန်းလျှိုး ကွယ်လျှိုး ကြိုးစားပြီး ဗမာ့တပ်မတော်ကပဲ သိမ်းခဲ့ ကြတယ်။ ဗမာ့တပ်မတော်ရဲ့ကြိုးပမ်းမှုကြောင့် ဂျပန်
ဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းဟာ ဖရိုဖရဲဖြစ်ပြီး နောက်ဆုံး လုံးဝပျက်စီးသွားတဲ့ အခြေ အနေကို ရောက်ရတယ်။ ဒါတွေကိုကြည့်ရင် ဗမာ့
တပ်မတော်ဟာ ကမ္ဘာရဲ့ စစ်သေနင်္ဂဗျူဟာ (World's Military Science)မှာ ပြောက်ကျားတိုက်ရည် (Burmese Techinique Of Guerilla Fighting)
ဘယ်လောက်ကောင်းတယ်ဆိုတာဟာ စာတင်ကြရ ပါပြီ။
ဗမာ့တပ်မတော်ဟာ အရေးကြုံရင် တကယ် အားကိုးရတဲ့အကြောင်းလည်း တိုင်းပြည်က သိနိုင်ပြီ၊ တာဝန်မဲ့လုပ်တာ မဟုတ်ကြောင်းလည်း တိုင်းပြည်က သိနိုင်ပါပြီ။
နောက်ဆုံး ဗမာ့တပ်မတော်ရဲ့ ကိုယ်စား ပြောလိုတာက ပြည်သူတွေဟာ ရက်စက်ပေ့ဆိုတဲ့ နည်းမျိုးစုံ၊ နှိပ်စက်ညှဉ်းပန်းတဲ့ ဖက်ဆစ်ဂျပန်တို့ရဲ့ လက်အောက်မှာ
လေးနှစ်တိုင်တိုင် အမျိုးမျိုးအဖုံဖုံ သောဘေးဒုက္ခခံခဲ့ရ၊ အဝတ်မရှိ၊ အစားမရှိ၊ အပြတ်ပြတ် အငတ်ငတ်ဖြစ်ခဲ့ရ၊ ရောဂါဆိုး၊ ဘေးဆိုး အမျိုးမျိုးနဲ့
လူမျိုးပြုန်းမတတ်ခံခဲ့ရ၊ အဲဒီလို အလားတူခံစားရတဲ့ တိုင်းငယ်ပြည်ငယ်များကို ကိုယ်ချင်းစာနာသောအား ဖြင့် ဤဂျပန်ဖက်ဆစ်တို့၏ နေရင်းတိုင်းပြည်အထိ
တိုက်ရန်နဲ့ လူ့လောကတစ်ခွင်မှာ နောက် ဖက်ဆစ်ဝါဒ ကြီးမပေါ်အောင် သုတ်သင်ရန် သန္နိဌာန်ချပြီးဖြစ် ကြောင်းနဲ့ ပြည်သူ့လွတ်လပ်ရေးအတွက် မနားမနေ
အရိုးကြေကြေ၊ အရေခန်းခန်း ဦးလည်မသုန် ကြိုးပမ်း မည်ဖြစ်ကြောင်းကို တိုင်းပြည်က စွဲမြဲစွာယုံကြည်စေ လိုပါတယ်။ ဤအသက်မသေ ကြွင်းကျန်လျက်ရှိသော
ပြည်သူ့တပ်မတော်ဟာ မိမိတို့ရဲ့ အသက် သွေးခဲ တိုင်းပြည်အား စင်ကြယ်မွန်မြတ်သောစိတ်ထားဖြင့် ပေးအပ်ပါတယ်။ ပြည်သူတို့ကလည်း မိမိတို့ အတွက် တပ်ဦးက
အသေခံတိုက်နေသော ပြည်သူ့လွတ်လပ် ရေးတပ်မတော်ကို ဆတက်ထမ်းပိုး ဝိုင်းဝန်းကူညီကြ ရန် နောက်ဆုံးတောင်းပန်ခဲ့ပါတယ်။
[ဤအသံလွှင့်မိန့်ခွန်းကို တော်လှန်ရေးစစ်တိုင်း အမှတ်(၂) စစ်ရေးခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်း သည် ဖက်ဆစ်ဂျပန်တို့အား တော်လှန်နေဆဲကာလ
မျိုးချစ်ဗမာ့တပ်မတော်က ရန်ကုန်မြို့ကို သိမ်းပိုက်ပြီးစ ၁၉၄၅ ခုနှစ်၊ မေလ ၇ ရက် နံနက် ၁၁ နာရီအချိန်တွင် ရန်ကုန်မြို့မှနေ၍ အသံလွှင့်စက်
ငယ်ကလေးတစ်လုံးဖြင့် မြန်မာပြည်သူလူထုနှင့် တော်လှန်ရေးရဲဘော်များသို့ ပြောကြားခဲ့သည်။