ပြည်တွင်းသောင်းကျန်းမှုသမိုင်း (အပိုင်း ၃)
ပြည်တွင်းသောင်းကျန်းမှုသမိုင်း (အပိုင်း ၃)
လွတ်လပ်ရေးရယူရန်အတွက် အယူအဆကွဲပြားလာခြင်း
ပထမအကြိမ်သင်တန်း
လျှို့ဝှက်ကွန်မြူနစ်ပါတီဦးဆောင်ကလာပ်စည်းကို ဖွဲ့စည်းပြီး မကြာခင်မှာပင် ပါတီကေဒါစည်းရုံးရေး အတွက် လျှို့ဝှက်ကွန်မြူနစ်သင်တန်းတစ်ခုကို သခင်အောင်ဆန်း၊ သခင်စိုးနှင့် ရဲဘော်ဂိုရှယ်တို့ ဦးစီးပြီး ရန်ကုန်အရှေ့ပိုင်းတစ်နေရာ၌ စတင်ဖွင့်လှစ်ခဲ့သည်။ ထိုသင်တန်းသို့ သခင်လှမြိုင် (ဗိုလ်ရန်အောင်)၊ သခင်တင်ထွန်း (ပျဉ်းမနား)၊ မောင်သွင် (ကျိုက်မရော ကိုသွင်)နှင့် ကိုခင် ဆိုသူတို့ တက်ရောက်ကြသည်။ လျှို့ဝှက်ကွန်မြူနစ်ပါတီ၏ အဓိကလုပ်ငန်းမှာ ပါတီဝင် ကေဒါသစ်များရှာဖွေစုဆောင်းခြင်း၊ နိုင်ငံရေးသဘော တရားများ သင်ကြားပေးခြင်း၊ ကွန်မြူနစ်ဝါဒကို လေ့လာစေခြင်းတို့ ဖြစ်သည်။ လျှို့ဝှက်အဖွဲ့အစည်း ဖြစ်သည့်အလျောက် ကွန်မြူနစ်ပါတီသည် အလုပ် သမား၊ လယ်သမား လူတန်းစားတို့၏ နိုင်ငံရေးလှုပ်ရှား မှုများကို တိုက်ရိုက်ဦးဆောင်နိုင်ခြင်း မရှိပေ။ တို့ဗမာအစည်းအရုံး၊ တောင်သူလယ်သမားအစည်းအရုံး၁၊ ကျောင်းသားသမဂ္ဂ စသည်တို့မှတစ်ဆင့်သာ စည်းရုံး လှုပ်ရှားရသည်။
ကွန်မြူနစ်ပါတီ လျှို့ဝှက်ကလာပ်စည်းသည် နိုင်ငံရေးအတွေ့အကြုံ ရင့်ကျက်မှုမရှိသေးသည့်အပြင် တရားဝင်လှုပ်ရှားခွင့် မရှိသောကြောင့် ကျယ်ပြန့်စွာစည်းရုံးနိုင်ခြင်းမရှိပေ။ ထို့ကြောင့် သင်တန်းများမှာ လည်း စနစ်တကျမရှိခဲ့ပေ။ လျှို့ဝှက်သင်တန်းများကို သင်တန်းသားအရေအတွက်များများဖြင့် ပြုလုပ်နိုင်ခြင်းမရှိဘဲ လူအနည်းငယ်ဖြင့်သာ ဖွင့်လှစ်ကြရသည်။ ရံဖန်ရံခါ သင်တန်းသားမှာ တစ်ယောက်တည်းဖြစ်နေ တတ်သည်။ နေရာဟူ၍လည်း အတည်တကျမရှိဘဲ သင်တန်းတစ်ခုတည်းပင်လျှင် နေရာများစွာ ပြောင်းရွှေ့ ၍ ဖွင့်လှစ်ရသည်။ သင်တန်းဆင်းပြီးသူများကလည်း ဆင့်ပွားသင်တန်းသဘောမျိုး ပြန်လည်ပို့ချဖွင့်လှစ်လေ့ရှိသည်။ သို့သော် အချိန်ကြာလာသောအခါ ကွန်မြူနစ် သင်တန်းတက်ဖူးသူများ တိုးပွားလာပြီး ကွန်မြူနစ်ဝါဒ ကို လက်ခံသူလည်း များပြား၍လာသည်။
ဒုတိယကမ္ဘာစစ်နှင့် လွတ်လပ်ရေးကြိုးပမ်းမှု
၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်တွင် အင်္ဂလိပ်တို့က နာဇီဂျာမန်တို့အား စစ်ကြေညာလိုက် သည့်အချိန်မှစ၍ ဥရောပတိုက်အတွင်းတွင် ဒုတိယ ကမ္ဘာစစ်မီးသည် စတင် လောင်ကျွမ်းတော့သည်။ ဒုတိယကမ္ဘာစစ် စလျှင်စချင်း နာဇီအာဏာရှင် ဟစ်တလာ၏ ဂျာမန်တပ်များသည် ဥရောပနိုင်ငံ အများအပြားကိုလျှပ်တစ်ပြက်အတွင်း စစ်ဆင်၍ သိမ်းပိုက်လိုက်နိုင်သည်။ ပြင်သစ်နိုင်ငံ ကျဆုံးပြီးသော အခါတွင်ကား အင်္ဂလန်ကျွန်းမှလွဲ၍ ဥရောပတိုက် တစ်ခုလုံးနီးပါးသည် ဂျာမန်တို့၏လက်အောက်သို့ ကျဆင်းသွားရသည်။ အင်္ဂလန်နိုင်ငံပင်လျှင် ဂျာမန် လေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုအန္တရာယ်ကို နေ့စဉ်နှင့် အမျှ ခံနေရသည်။ ထိုအချိန်တွင် အရှေ့ဖျား၌ ဂျပန်နိုင်ငံသည် စစ် အင်အားကြီးမားလာပြီး အင်္ဂလိပ်၊ ပြင်သစ်တို့၏ ကိုလိုနီနယ်ပယ်များကို ဝင်ရောက်တိုက်ခိုက်ရန် တာစူနေချိန်ဖြစ်သည်။ မြန်မာမျိုးချစ်ခေါင်းဆောင်များသည် ဤအခြေအနေကို အခွင့်ကောင်းယူ၍ လွတ်လပ်ရေး ကြိုးပမ်းရန် ကြံစည်တွေးတောလာကြသည်။ စစ်ဖြစ်လုနီးပါးအခြေအနေမှာပင် 'အင်္ဂလိပ်အခက်၊ ဗမာ အချက်'ဟူသော ကြွေးကြော်သံသည် ထင်ရှား၍ လာ သည်။ စစ်ကြီးဖြစ်ပွားပါက ဗြိတိသျှနယ်ချဲ့အစိုးရအား အကူအညီမပေးရန် လှုံ့ဆော်ချက်များ ပိုမိုပြင်းထန် လာသည်။ အင်္ဂလန်နိုင်ငံက စစ်မကြေညာမီ ၂ ရက် အလို ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်တွင် တို့ဗမာအစည်းအရုံးမှ ပြည်လုံးဆိုင်ရာ အလုပ် အမှုဆောင်အဖွဲ့သည် အထူးအစည်းအဝေးတစ်ရပ် ကျင်းပပြီးနောက် အသင်းအပင်း ဂိုဏ်းဂဏမရွေး၊ အဖွဲ့မရွေး၊ ပါတီမရွေး ပါဝင်နိုင်သည့် လွတ်လပ်ရေး အဖွဲ့အစည်းတစ်ခု တည်ထောင်ရန် ဆုံးဖြတ်ကြသည်။ ထို့ကြောင့် တို့ဗမာအစည်းအရုံးသည် ဒေါက်တာ ဘမော်၏ ဆင်းရဲသားဝံသာနုအဖွဲ့နှင့် ပူးပေါင်းကာ ဗမာ့ထွက်ရပ်ဂိုဏ်း (The Freedom Bloc) ကို ဖွဲ့စည်းလိုက်ကြသည်။ သခင်အောင်ဆန်းသည် ဗမာ့ ထွက်ရပ်ဂိုဏ်းတွင်လည်း အတွင်းရေးမှူးဖြစ်လာသည်။
ကွန်မြူနစ် မြေအောက်ကလာပ်စည်း၏ ခေါင်းဆောင် (အထွေထွေအတွင်းရေးမှူး)ဖြစ်သော သခင် အောင်ဆန်းသည် တစ်ချိန်တည်းမှာပင် တို့ဗမာ အစည်းအရုံးကြီး၏ အတွင်းရေးမှူးတာဝန်နှင့် ဗမာ့ ထွက်ရပ်ဂိုဏ်း၏ အတွင်းရေးမှူးတာဝန်ကိုပါ ထမ်းဆောင်နေရခြင်း ဖြစ်သည်။ ထို့ကြောင့် သခင် အောင်ဆန်းသည် ကွန်မြူနစ်ဝါဒရေးရာထက် လွတ်လပ်ရေးကြိုးပမ်းမှုဟူသော အမျိုးသားရေးကို ဦးစားပေးဆောင်ရွက်လာရသည်။ ၁၉၄ဝ ပြည့်နှစ်၊ မတ်လတွင် အိန္ဒိယနိုင်ငံ ကွန်မြူနစ်ပါတီညီလာခံကို ရမ္မဝါးမြို့တွင် ကျင်းပရာ သခင်ဗဟိန်း၊ သခင်အောင်ဆန်းနှင့် သခင်သန်းထွန်း တို့ခေါင်းဆောင်သော မြန်မာလူငယ်အဖွဲ့တစ်ဖွဲ့ တက် ရောက်ခဲ့သည်။ သခင်အောင်ဆန်းသည် ကွန်မြူနစ် မြေအောက်ကလာပ်စည်း၏ ခေါင်းဆောင်ဖြစ်နေသော်လည်း အမျိုးသားရေးကိုသာ အဓိကထားသူ ဖြစ်သည်။ ထို့အပြင် ထိုခေတ်ကာလက ကွန်မြူနစ် ပါတီသည် ရုရှားနိုင်ငံရှိ ကမ္ဘာ့ကွန်မြူနစ်အဖွဲ့ချုပ်ကို သာ သစ္စာခံကြရပြီး အဖွဲ့ချုပ်မှ ချမှတ်ပေးသည့် လမ်းစဉ်အတိုင်း ဆောင်ရွက်ကြရသည်။ သခင် အောင်ဆန်းသည် အမျိုးသားရေးကို ဒုတိယ ဦးစားပေးအဆင့်ထားရမည့် အချက်များကို မနှစ်မြို့နိုင်ခဲ့ ပေ။ သခင်အောင်ဆန်းသည် အိန္ဒိယပြည်သို့ ရောက် ရှိနေစဉ်အတွင်း ကွန်ဂရက်ပါတီသို့ စာတမ်းတစ်စောင် ကိုကိုယ်တိုင်ရေးသားတင်သွင်းခဲ့သည်။
အဆိုပါစာတမ်းတွင် 'တို့ဗမာအစည်းအရုံးက စိတ်တူသဘောတူ လုပ်ကိုင်လိုသူ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ အမျိုးသားရေးဝါဒီ မည်သူကိုမဆို ကြိုဆိုမည်။ အစည်းအရုံးသည် ကွန်မြူနစ်ပါတီမဟုတ်၊ ကွန်မြူနစ်ပါတီဟု စွပ်စွဲသူများကလည်း ကွန်မြူနစ် ဝါဒကို ကောင်းစွာ နားလည်ခဲ့ကြသည်မဟုတ်၊ အစည်းအရုံးသည် ဗမာ့လွတ်လပ်ရေးအတွက် ကြိုးပမ်း သည်။ သို့ရာတွင် နီသည်ဆိုလျှင်ကြောက်၊ ကွန်မြူနစ် ဆိုတာနှင့် မုန်းခြင်းမျိုးကား မရှိ' ဟူ၍ ဖော်ပြ ထားသည်။ သခင်အောင်ဆန်းသည် အိန္ဒိယကွန်မြူနစ်ပါတီ ညီလာခံသို့ တက်ရောက်လာသူဖြစ်သော်လည်း ကွန်ဂရက်ပါတီသို့ တင်သွင်းသည့်စာတမ်းတွင် မြန်မာကွန်မြူနစ်များကို ကိုယ်စားမပြုဘဲ တို့ဗမာအစည်း အရုံးကိုသာ ကိုယ်စားပြုခဲ့သည်။ သခင်အောင်ဆန်း သည် အိန္ဒိယကွန်မြူနစ်ပါတီ၏ ဩဇာအာဏာကို သစ္စာခံခြင်းမရှိတော့သကဲ့သို့ အိန္ဒိယအမျိုးသားရေး ဝါဒီများဖြစ်သည့် ကွန်ဂရက်ခေါင်းဆောင် ပဏ္ဍစ် နေရူးတို့လူစုနှင့် ပို၍ရင်းနှီးလာသည်။ နှစ်နိုင်ငံ လွတ်လပ်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည်ဟု လည်း သဘောတူလိုက်ကြသည်။
ကွန်မြူနစ်များ အယူအဆကွဲပြားလာခြင်း
ဒုတိယကမ္ဘာစစ်ကြီးသည် တစ်စတစ်စ ပိုမို ကျယ်ပြန့်လာသည်။ ဗြိတိသျှအစိုးရ၏ မြန်မာပြည် ဘုရင်ခံ ဆာအာခိဘော(လ်)ကော့ကရိန်းက မြန်မာပြည်သူတို့၏ဆန္ဒသဘောထားမပါဝင်ဘဲ မြန်မာပြည်နှင့် ဂျာမနီပြည်စစ်ဖြစ်နေပြီဟု ကြေညာခဲ့သည်။ တို့ဗမာ အစည်းအရုံးကြီးသည် ဘုရင်ခံ၏ကြေညာချက်ကို ကန့်ကွက်ခဲ့သည်။ လွတ်လပ်ရေးအတွက် လှုံ့ဆော် ဟောပြောမှုများမှာလည်း ပိုမိုပြင်းထန်လာသည်။ သခင်များသည် တစ်ဖက်က စည်းရုံးဟောပြောခြင်းဖြင့် နိုင်ငံရေးအရ တိုက်ပွဲဝင်နေသကဲ့သို့ ဗြိတိသျှအစိုးရ အား လက်နက်ကိုင်တိုက်ပွဲဝင်နိုင်ရန် နည်းလမ်းရှာကြံ လာကြသည်။ ထိုအခါ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန်အတွက် ကြိုးပမ်းရမည့်နည်းလမ်းနှင့် ပတ်သက်ပြီး အယူအဆသုံးမျိုး ကွဲပြားလာသည်။
ပထမအယူအဆမှာ မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိမှုအတွက်ဆိုပါက မည်သည့်နိုင်ငံ၊ မည်သည့် အင်အားစုနှင့်ပင် ပူးပေါင်းရသည်ဖြစ်စေ ပူးပေါင်း ကြရမည်။ အင်္ဂလိပ်နယ်ချဲ့သမား၏ ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် အင်္ဂလိပ်နယ်ချဲ့သမား၏ ရန်သူဖြစ်သော ဂျပန်နယ်ချဲ့သမားကိုပင်ဖြစ်စေ ယာယီပူးပေါင်းရမည်။ ယင်းတို့ကပေးသော အကူ အညီကို ရယူမည်ဟူ၍ ဖြစ်သည်။ ထိုအယူအဆကို လက်ခံသူများမှာ သခင်နု၊ သခင်လေးမောင်၊ သခင် လှဘော်ကြီး၊ သခင်မြ စသောခေါင်းဆောင်များ ဖြစ်သည်။
ဒုတိယအယူအဆမှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိမှုအတွက် မည်သူ့ကိုမျှအားမကိုးဘဲ မိမိအားနှင့် မိမိကိုယ်သာ အားကိုးပြီး ရန်သူမှန်သမျှကို တိုက်ရမည်။ အင်္ဂလိပ်နယ်ချဲ့သမားကိုလည်း မိမိတို့၏ ကျွန် ပိုင်ရှင်အဖြစ် တိုက်ရမည်။ နောက်ဝင်လာမည့် ဂျပန် နယ်ချဲ့သမားကိုလည်း ဖက်ဆစ်ဝါဒသမားဖြစ်၍ တိုက်ထုတ်ကြရမည်ဟူ၍ ဖြစ်သည်။ ထို့ကြောင့် အင်္ဂလိပ်နယ်ချဲ့သမားရော ဖက်ဆစ်ဂျပန်ကိုပါ တစ်ပြိုင်တည်း ဆန့်ကျင်တိုက်ခိုက်ရမည် ဖြစ်သည်။ ထိုအယူအဆရှိနေသူများမှာ ရဲဘော်ဂိုရှယ်၊ ရဲဘော် နာ့တ်၊ ကိုဗဟိန်း၊ သခင်ထွန်းရွှေ၊ သခင်ချစ်တို့ လူစု ဖြစ်သည်။
တတိယအယူအဆမှာ မြန်မာနိုင်ငံ လွတ်လပ်ရေး အလို့ငှာ တစ်ကမ္ဘာလုံးရှိ လွတ်လပ်ရေးနှင့် ဒီမိုကရေစီ ရေးကို ဖျက်ဆီးနေသော ဖက်ဆစ်ဝါဒကို အဓိကထား တိုက်ရမည်။ ဖက်ဆစ်ဝါဒသည် အဓိကရန်သူ ဖြစ် သည်။ ဖက်ဆစ်ဝါဒအောက်တွင် လွတ်လပ်ရေးမရနိုင်။ ထို့ကြောင့် မြန်မာနိုင်ငံအတွင်းသို့ ဂျပန်ဖက်ဆစ်များ ဝင်ရောက်မလာနိုင်အောင် ခုခံတိုက်ခိုက်ရမည်။ ဤသို့ ဂျပန်ဖက်ဆစ်ဝါဒကို ခုခံရာတွင် အင်္ဂလိပ်နယ်ချဲ့ သမားနှင့်ပင်ဖြစ်စေ ယာယီအားဖြင့် မဟာမိတ်ဖွဲ့ရမည်။ နားလည်မှုရအောင် လုပ်ရမည်ဟူ၍ ဖြစ်သည်။ ထိုအယူအဆရှိသူများမှာ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်ကျော်စိန်၊ သခင်ဗိုလ်နှင့် သခင်တင်မောင်ကြီး တို့ဖြစ်သည်။
သခင်အောင်ဆန်းမှာမူ ဗြိတိသျှတို့အား လက်နက် ကိုင်တော်လှန်ရေးအတွက် ပြည်ပအကူအညီတစ်ခုခု ယူရမည်ဟု နားလည်ထားရာ အထူးသဖြင့် တရုတ်ကွန်မြူနစ်ပါတီနှင့် အဆက်အသွယ်ရရှိရန် ကြိုးပမ်း ခဲ့သည်။ ထိုအချိန်မှာပင် ဗြိတိသျှအစိုးရသည် လွတ်လပ်ရေးတရား ဟောပြောသည့် သခင်များကို ဖမ်းဆီးအကျဉ်းချထားလေရာ သခင်နု၊ သခင် သန်းထွန်း၊ သခင်စိုး၊ သခင်ကျော်စိန်၊ သခင်လေးမောင် စသော မြန်မာမျိုးချစ်များအပြင် ရဲဘော်ဂိုရှယ်၊ ရဲဘော်နာ့တ်စသော ကုလားရဲဘော်များလည်း ထောင်ကျကုန်၏။ သခင်အောင်ဆန်းမှာမူ ဟင်္သာတ ရာဇဝတ်ဝန် မစ္စတာဇေးဗီးယား(Zavier)က ဆုငွေ ငါးကျပ်ထုတ်ပြီးနောက် ၁၉၄ဝ ပြည့်နှစ်၊ ဇွန်လ ၅ ရက်မှစ၍ မြေအောက်သို့ ပုန်းလျှိုးကွယ်ပျောက် ခဲ့သည်။
သခင်အောင်ဆန်းနှင့်ကွန်မြူနစ်များကွဲကွာသွားခြင်း
သခင်အောင်ဆန်းသည် ဗြိတိသျှတို့က ကာကွယ် ရေးဥပဒေဖြင့် ဖမ်းဆီးရန်ကြံသည်ကိုမခံဘဲ မြေအောက် တွင် လှုပ်ရှားနေရာမှ သခင်လူငယ်များကို စည်းရုံး၍ ပြည်သူ့အရေးတော်ပုံပါတီ(The People's Revolutionary Party)ကို ဖွဲ့စည်းလိုက်သည်။ ပြည်သူ့ အရေးတော်ပုံပါတီ၏ ရည်ရွယ်ချက်မှာ နိုင်ငံခြား အကူအညီကိုရယူ၍ လက်နက်များကိုင်စွဲကာ ဗြိတိသျှ တို့အား တော်လှန်တိုက်ခိုက်ရေးပင် ဖြစ်သည်။ ထို အချိန်တွင် မြန်မာ့လွတ်လပ်ရေးကို ကြိုးပမ်းလျက်ရှိသောအဖွဲ့မှာ တို့ဗမာအစည်းအရုံးနှင့် ဗမာ့ထွက်ရပ် ဂိုဏ်းတို့ရှိနေရာ ပြည်သူ့အရေးတော်ပုံပါတီသည် လျှို့ဝှက်မြေအောက်အဖွဲ့အစည်း ဖြစ်သည်။ ကွန်မြူနစ် ပါတီသည်လည်း မြေအောက်အဖွဲ့အစည်းတစ်ခုပင် ဖြစ်သော်လည်း ပါတီတစ်ရပ်၊ အဖွဲ့အစည်းတစ်ရပ် အနေဖြင့် ထိရောက်စွာ လှုပ်ရှားစည်းရုံးနိုင်ခြင်း မရှိသေးပေ။ ထောင်တွင်း ထောင်ပြင်မှ ကွန်မြူနစ် ခေါင်းဆောင်များသည် ပါတီကြီးထွားရေးအတွက် စည်းရုံးသိမ်းသွင်းရဆဲ ဖြစ်သည်။
ကွန်မြူနစ်များ၏အယူအဆမှာ ဂျပန်ကို ဦးစား ပေးရန်သူအဖြစ် သတ်မှတ်၍ အင်္ဂလိပ်နှင့်ပူးပေါင်းရန် သို့မဟုတ် ရန်သူနှစ်မျိုးစလုံးကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ရန်ဖြစ်သည်။ အင်္ဂလိပ်နှင့် ဂျပန် နှစ်မျိုး စလုံးကို ရန်သူအဖြစ် သဘောထားတိုက်ရန် ယူဆကြ သည့် ဂိုရှယ်တို့လူစုသည် လက်တွေ့သဘောတွင် မဖြစ်နိုင်သောကြောင့် အင်္ဂလိပ်ကို မဟာမိတ်ဖွဲ့၍ ဂျပန်ကို တိုက်ရန် အယူအဆဘက်သို့ ကူးပြောင်းသွားသည်။ ထို့ကြောင့် သခင်စိုး၊ သခင်သန်းထွန်း၊ ဂိုရှယ်တို့လူစု သည်အယူအဆတူညီပြီး တစည်းတလုံးတည်းဖြစ်သွားသည်။ ကွန်မြူနစ်ဝါဒကို လက်ခံသော ခေါင်းဆောင် များမှာ ထောင်ထဲရောက်သူရောက်ပြီး ထောင်ပြင်တွင် ရှိသူက ရှိသည်။ အထွေထွေအတွင်းရေးမှူးဖြစ်သူ သခင်အောင်ဆန်းမှာ ပြည်ပသို့ ရောက်သွားသည်။ ထို့ကြောင့် မြေအောက်ပါတီ ကလာပ်စည်းပါတီဝင် များမှာ တကွဲတပြားစီ ဖြစ်ကုန်သည်။ အယူအဆ ရေးရာတွင်လည်း ကွဲပြားခြားနားလာသည်။ သခင်စိုး နှင့် သခင်သန်းထွန်းတို့လူစုသည် ထောင်ထဲမှာပင် ကွန်မြူနစ်သင်တန်းများကိုပေးရာ ထောင်ကျနေသော သခင်တော်တော်များများ ကွန်မြူနစ်များ ဖြစ်ကုန်ကြသည်။ သခင်အောင်ဆန်းမှာမူ ပြည်ပသို့ ထွက်ခွာသွားသည့်အချိန်မှစ၍ ကွန်မြူနစ်များနှင့် ကွဲကွာသွားပြီ ဟု ဆိုနိုင်သည်။ လွတ်လပ်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုအချို့ ရှိခဲ့သည်မှန်သော်လည်း သခင်အောင်ဆန်းသည် ကွန်မြူနစ်ပါတီ၏အရေးတွင် ပါဝင်ပတ်သက်ခြင်း မရှိတော့ပေ။