ပြည်တွင်းသောင်းကျန်းမှုသမိုင်း (အပိုင်း ၉)




ဖက်ဆစ်တော်လှန်ရေးအတွက် ပြင်ဆင်ခြင်း


မြေအောက်ကွန်မြူနစ်ပါတီ၏ ပါတီကွန်ဂရက်

သခင်စိုးဦးဆောင်၍လှုပ်ရှားနေသော မြေအောက် ကွန်မြူနစ်ပါတီ၏ ပါတီကွန်ဂရက်ကို ၁၉၄၄ ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်အတွင်းတွင် ကျိုက်လတ်မြို့ နယ်၊

ညောင်ချောင်းရွာအနီးရှိ လယ်တဲတစ်ခု၌ ကျင်းပ ကြသည်။ သခင်စိုးက ယင်းပါတီကွန်ဂရက်ကို ပထမ အကြိမ် ပါတီကွန်ဂရက်အဖြစ် သတ်မှတ်သည်။ သို့သော်

တက်ရောက်သူများမှာ ပါတီကိုယ်စားလှယ် ခြောက်ယောက်နှင့် ဧည့်သည်တစ်ယောက်သာ ဖြစ် သည်။ ပါတီဝင်များက တက်ရောက်သူနည်းပါးလှ သောကြောင့်

ပါတီကွန်ဂရက်အဖြစ် သတ်မှတ်၍ ရ မရ စောဒကတက်ကြရာ သခင်စိုးက ရုရှားပြည်မှ လီနင်ခေါင်းဆောင်သော ဆိုရှယ်ဒီမိုကရက်တစ် လေဘာပါတီ၏ ထမအကြိမ်

ပါတီကွန်ဂရက်မှာ ကိုယ်စားလှယ် ကိုးယောက်သာ ပါဝင်သည်ဟု အကြောင်းပြခဲ့သည်။

တက်ရောက်လာကြသော ကိုယ်စားလှယ်များမှာ သခင်တင်မြ၊ ကိုကျော်ဝင်း(ရဲနီကျော်ဝင်း)၊ ကျိုက်မရော ကိုသွင်(ယခု ပြည်ပြေး)၊ ကိုထွန်းစိန်၊ ကိုစံညွန့်၊

သခင်စိုးတို့ဖြစ်ပြီး ကျိုက်လတ်မှ ကိုဌေးအောင်မှာ ဧည့်သည်အနေနှင့် တက်ရောက်ခြင်းဖြစ်သည်။ အစည်း အဝေးတွင် သဘာပတိအဖြစ် ကိုသွင်က ဆောင်ရွက် ပြီး

သခင်စိုးက အတွင်းရေးမှူးအဖြစ် ဆောင်ရွက် သည်။ သခင်စိုးက နိုင်ငံရေးအစီရင်ခံစာကို ဖတ်ကြား ပြီး သခင်တင်မြက စည်းရုံးဖွဲ့စည်းမှုအခြေအနေကို

အစီရင်ခံသည်။

သခင်စိုး၏ နိုင်ငံရေးအစီရင်ခံစာမှာ အခန်းများ ခွဲထားပြီး အခန်း(၁)တွင် ကမ္ဘာ့နိုင်ငံရေး၊ စစ်ရေး အခြေအနေများကို သုံးသပ်၍ နာဇီဂျာမနီနှင့် ဖက်ဆစ်ဂျပန်များကို

ရှုံးနိမ့်နေကြောင်း ဖော်ပြ သည်။ အခန်း(၂)တွင် ပြည်တွင်းရေးအခြေအနေကို ဖော်ပြထားသည်။ ဝင်းဂိတ်၏ ခရီးရှည် ထိုးဖောက်

တိုက်ခိုက်ခြင်းမအောင်မြင်ဘဲဖြစ်ပုံ၊ ရခိုင်နှင့် မြစ်ကြီး နားစစ်မျက်နှာတွင် မထူးခြားပုံတို့ကို ဖော်ပြပြီး ဂျပန်ခေတ်အတွင်း မြန်မာပြည်သူများ၏ အခြေအနေ များစွာ

ဆုတ်ယုတ်ပျက်စီးနေပုံတို့ကို ဖော်ပြသည်။ ထို့နောက် တစ်မျိုးသားလုံးကို နှိပ်စက်စော်ကားနေ သော ဖက်ဆစ်ဂျပန်ကို ဆန့်ကျင်တော်လှန်ရန် ဆော်ဩထားသည်။

အခန်း(၃)တွင် လက်ဝဲ၊ လက်ယာသွေဖည်ရေးကို သတိပေးထားသည်။ သခင်စိုးက အချိန်မကျမီ တစ်ဦးကောင်း၊ တစ်ဖွဲ့ကောင်း လက်နက်ကိုင် တိုက်ခိုက်ခြင်းကို

လက်ဝဲသွေဖည်ရေးဟု သတ်မှတ်ပြီး ဖက်ဆစ်ဂျပန်တို့၏ နှိပ်စက်ညှဉ်းပန်းမှုကိုကြောက်၍ တော်လှန်ရေးအား စွန့်လွှတ်သွားခြင်းကို လက်ယာ သွေဖည်ရေးဟု

သတ်မှတ်သည်။ နောက် အခန်းများ တွင် ခေတ်ကို ပြောင်းလဲပြုပြင်ရန်၊ ခေါင်းဆောင်မှု မှန်ကန်စွာထူထောင်ရန်၊ ပါတီတည်ဆောက်ရေးကို အာရုံစိုက်ရန်၊

ပါတီဝင်များအား နိုင်ငံရေး၊ သဘော တရားရေးပညာများ မြှင့်တင်ပေးရန်၊ ပါတီဝင်တပ်သား တို့၏ လုပ်ဟန်များကို တော်လှန်ရေးလုပ်ဟန်များ အဖြစ်

ပြောင်းလဲပစ်ကြရန်၊ နည်းပရိယာယ်ဖြင့် လူထု အဖွဲ့အစည်းများအတွင်း ဝင်ရောက်စည်းရုံးသွားရန် တင်ပြထားသည်။ ၁၉၄၃ ခုနှစ် ကမ္ဘာ့ကွန်မြူနစ် အဖွဲ့ချုပ်

ဖျက်သိမ်းရခြင်းကိုလည်း ရှင်းပြထားသည်။

သခင်စိုး တင်သွင်းသည့် နိုင်ငံရေးအစီရင်ခံစာ ကို ကိုယ်စားလှယ်များက လက်ခံဆွေးနွေးပြီး အတည် ပြုလိုက်သည်။ ထို့နောက် သခင်စိုးကတင်ပြသော ဗဟို

ကော်မတီဝင်များမှာ သခင်စိုး (အထွေထွေအတွင်း ရေးမှူး)၊ ကိုသွင်၊ ကိုကျော်ဝင်း၊ ကိုထွန်းစိန်၊ ကိုစံညွန့် နှင့် သခင်တင်မြတို့ဖြစ်ပြီး ပထမဆုံးသော ဗဟို

ကော်မတီဝင်များပင် ဖြစ်သည်။ သခင်စိုး၏ ပါတီ ကွန်ဂရက်မှာ နှစ်ရက်အတွင်း ကျင်းပပြီးစီးသွား လေသည်။

မြေအောက်ကွန်မြူနစ်ပါတီနှင့် ဘီဒီအေ အဆက် အသွယ်

သခင်စိုး၏ မြေအောက်ကွန်မြူနစ်ပါတီသည် ဖက်ဆစ်ဆန့်ကျင်ရေး ရည်ရွယ်ချက်ဖြင့် စည်းရုံး လှုပ်ရှားလျက်ရှိခဲ့ရာ ဘီဒီအေ တပ်ဖွဲ့အတွင်းမှ

ခေါင်းဆောင်များနှင့်လည်း အဆက်အသွယ်ရရန် ကြိုးစားခဲ့သည်။ ဗိုလ်ရန်အောင်သည် ကိုသိန်းဖေနှင့် သခင်တင်ရွှေတို့ အိန္ဒိယသွားနိုင်ရေးအတွက် ကူညီခဲ့

ဖူးသော်လည်း နောက်ပိုင်းတွင် ငှက်ဖျားရောဂါကြောင့် ဦးနှောက်မကောင်းသဖြင့် ဆက်လက်စည်းရုံးခြင်းမပြု ဘဲ ထားခဲ့ရသည်။ မြေအောက်ကွန်မြူနစ်ပါတီနှင့်

အဆက်အသွယ်ရှိသူမှာ ဗိုလ်သိန်းတန် ဖြစ်သည်။ မင်္ဂလာဒုံ ဗိုလ်သင်တန်းတက်နေစဉ် အဆက်အသွယ် ရခဲ့ရာမှ စည်းရုံးခဲ့ခြင်းဖြစ်သည်။

၁၉၄၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဗိုလ်သိန်းတန် က သခင်တင်မြအား ပဲခူးမြို့ရှိ စံပြတပ်ရင်းသို့ လာရောက်ရန် ဖိတ်ကြားခဲ့သည်။ ဗိုလ်သိန်းတန်သည် ဂျပန်ပြန်

ဗိုလ်လင်းယုန်နှင့် ဗိုလ်တာရာတို့အား ကြိုတင်၍ စည်းရုံးပြီးဖြစ်သည်။ ဗမာ့ကာကွယ်ရေး တပ်မတော် စံပြတပ်ရင်း၏ တပ်ရင်းမှူးမှာ ဗိုလ် ကျော်ဇော

(ဗိုလ်မှူးချုပ်ဟောင်း၊ တောခို)ဖြစ်ပြီး ဗိုလ်လင်းယုန်နှင့် ဗိုလ်တာရာတို့မှာ တပ်ခွဲမှူးများဖြစ် သည်။ ထိုအချိန်တွင် တပ်မတော်အတွင်း၌ ဗိုလ် မောင်မောင်

(သံအမတ်ကြီးဟောင်း)၊ ဗိုလ်အောင်ကြီး (ဗိုလ်မှူးချုပ်ဟောင်း)၊ ဗိုလ်ခင်မောင်ကလေး(ဖဆပလ ဝန်ကြီးဟောင်း)၊ ဗိုလ်ဝင်း(ဗိုလ်မှူးကြီးဝင်း)တို့လူစုက

ဖက်ဆစ်ဆန့်ကျင်ရေးအတွက် လျှို့ဝှက်စည်းရုံးလျက် ရှိပြီး ကိုဗဆွေ၊ ကိုကျော်ငြိမ်းတို့၏ ပြည်သူ့အရေးတော် ပုံအဖွဲ့နှင့် အဆက်အသွယ်ရထားကြပြီး ဖြစ်သည်။

ကွန်မြူနစ်များကလည်း ပြည်သူ့အရေးတော်ပုံအဖွဲ့နှင့် အဆက်အသွယ်ရရန် ကြိုးစားလျက်ရှိသည်။

သခင်တင်မြသည် ဗိုလ်သိန်းတန်၊ ဗိုလ်လင်းယုန်၊ ဗိုလ်တာရာတို့နှင့်သာမက ပြည်သူ့အရေးတော်ပုံအဖွဲ့ နှင့် အဆက်အသွယ်ရှိသော ဗိုလ်မောင်မောင်၊ ဗိုလ် အောင်ကြီး၊

ဗိုလ်ခင်မောင်ကလေး၊ ဗိုလ်ဝင်းတို့နှင့် လည်း ဖက်ဆစ်ဆန့်ကျင်ရေးသဘောထားများကို ဆွေးနွေးခဲ့ရသည်။ ဗိုလ်မောင်မောင်နှင့် ဗိုလ်အောင်ကြီး က

သခင်စိုးရေးသားသည့် ဗမာ့လွတ်လပ်ရေးကြေညာ စာတမ်း အမှတ်(၁)ကို လက်မခံဘဲ ပြစ်တင်ဝေဖန်ကြ သည်။ ဖက်ဆစ်ဂျပန်ကို အင်အားကြီးမားဟန်ရှိ၍

ရက်စက်ကြမ်းကြုတ်သော်လည်း မခိုင်မြဲသောအင်အား ဖြစ်သည်ဟု အကဲဖြတ်ခြင်းကို မှားယွင်းသည်ဟု ထောက်ပြကြသည်။ ဖက်ဆစ်ဂျပန်နှင့် ယာယီပူးပေါင်း ပြီး

အင်္ဂလိပ်ကိုတော်လှန်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း တို့လူစုကို မျက်ကန်းမျိုးချစ်များ၊ ဂျပန်အလိုတော်ရိ များအဖြစ် ပုတ်ခတ်ထားခြင်းကိုလည်း လက်မခံနိုင် ကြပေ။

ဂျပန်အပြေးတွင် ပြန်ဝင်လာမည့် အင်္ဂလိပ်ကို မဟာမိတ်အဖြစ် သခင်စိုးက သဘောထားနေခြင်း ကိုလည်း ဗိုလ်မောင်မောင်နှင့် ဗိုလ်အောင်ကြီးက

လက်ယာသွေဖည်ရေးအဖြစ် စွပ်စွဲလိုက်သည်။ ကွန်မြူနစ်များနှင့် တပ်မတော်ခေါင်းဆောင်များမှာ အယူအဆရေးရာတွင် ငြင်းခုံလာကြရာမှ ဆွေးနွေးပွဲ ကို

ရပ်ဆိုင်းလိုက်ကြသည်။ ပူးပေါင်းဆောင်ရွက်ရန် ကိုကား သဘောတူခဲ့ကြသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ဖက်ဆစ်ဂျပန်ကို ပြန်လည်တော်လှန်ရမည်ကို သိရှိထားပြီးဖြစ်သော် လည်း အချိန်မကျမီ တပ်မတော်သားများက ထကြွ တိုက်ခိုက်ပြီး

တော်လှန်ရေးမအောင်မြင်မှာကို စိုးရိမ် သဖြင့် ထိန်းသိမ်းလျက်ရှိသည်။ ဘီဒီအေတပ်များကို စစ်ပညာပိုမိုထက်မြက်လာစေရန် ဂရုစိုက်၍ လေ့ကျင့် နေစေသည်။

အပြစ်ပေးအရေးယူခြင်းများ

သခင်စိုး၏ မြေအောက်ကွန်မြူနစ်ပါတီသည် ဖက်ဆစ်ဆန့်ကျင်ရေးအတွက် စည်းရုံးရေးလုပ်ငန်းများ ကို ဆောင်ရွက်နေရာတွင် သခင်စိုးက စည်းရုံးရေးမှူး များအား

တိုက်ရိုက်ခိုင်းစေသည့်စနစ်ကို အသုံးပြုလေ့ ရှိသည်။ သခင်ကျော်စိန်ကို အဆက်ဖြတ်ခြင်းဖြင့် အရေးယူခဲ့ပြီးနောက် သခင်ကျော်စိန်တို့လူစု အဖမ်းခံ ရသည်။

သခင်ကျော်စိန်တို့လူစုသည် ဂျပန်ကင်ပေတိုင် စစ်ပုလိပ်များအတွက် အလုပ်လုပ်ပေးပါမည်ဟူသော ကတိခံဝန်ဖြင့် ပြန်လွတ်လာကြသည်။ ဂျပန်နှိပ်စက်

ညှဉ်းပန်းမှုကို ကြောက်သဖြင့် ဂျပန်အလိုတော်ရိလုပ် နေကြရသော်လည်း သခင်ကျော်စိန်နှင့် ဆရာရာဂျန် တို့သည် တော်လှန်ရေးစိတ်မကုန်သေးကြောင်း သိရ

သဖြင့် သခင်စိုးက ပြန်လည်စည်းရုံးရန် ဆုံးဖြတ်ခဲ့ သည်။ သခင်သန်းမြိုင်ကို ကျောက်ဆည်စည်းရုံးရေးမှူး ဘဝက တာဝန်မကျေမှုဖြင့် အဆက်ဖြတ်အရေးယူခဲ့ ရာမှ

ပြန်လည်လက်ခံပြီး သခင်ကျော်စိန်၊ ဆရာရာဂျန် တို့နှင့် ဆက်သွယ်ရေးတာဝန်ကို ပြန်ပေးခဲ့သည်။ သခင်သန်းမြိုင်သည် ငွေရေးကြေးရေးကိစ္စကြောင့်

သတိပေးအရေးယူခြင်းလည်း ခံခဲ့ရသည်။

ကိုကျော်ဝင်းနှင့် ကျိုက်မရော ကိုသွင်တို့က အုပ်စုဖွဲ့ကာ သခင်တင်မြအား ဖယ်ရှားရန် ကြံစည် ခြင်းကိုလည်း သခင်စိုးသည် အရေးယူခဲ့ရသည်။ ကိုကျော်ဝင်းနှင့်

ကိုသွင်ကို ပါတီဝင်အဖြစ်မှ ရပ်စဲပြီး ပါတီလိုလားသူအဖြစ် လျှော့ချလိုက်သည်။ ကိုမြသွင် ကို စည်းရုံးရေးမှူးမှ ရိုးရိုးပါတီဝင်အဖြစ် လျှော့ချ သည်။ ကိုသိမ်းမောင်

(သထုံအမတ်၊ ယခုကွယ်လွန်) နှင့် ကိုကျော်တင့်ကို သတိပေးလိုက်သည်။ သခင်စိုး သည် ပါတီဝင်များအား အရေးယူရပါက အဘယ့် ကြောင့်အရေးယူရကြောင်းကို

မြေအောက်အဆက် အသွယ်များထံ ရှင်းပြပြီး အရေးယူခံရသူများနှင့် အဆက်ဖြတ်ထားကြရန် ညွန်ကြားလေ့ရှိသည်။

သခင်စိုး၏ လက်ဝဲသွေဖည်ရေးအန္တရာယ်စာတမ်း

မြန်မာပြည်သူပြည်သားများသည် ဖက်ဆစ်ဂျပန် တို့၏ စော်ကားနှိပ်စက်မှုကို နေ့ရှိသရွေ့ ခံနေကြရ လေရာ နိုင်ငံရေးအင်အားစုအမျိုးမျိုးသည် ဖက်ဆစ်

တော်လှန်ရေးအတွက် လျှို့ဝှက်ကြံစည်မှုများကို ပြုလုပ် လာကြသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်မှူးကြီး နေဝင်းတို့၏ သဘောတူညီချက်အရ တပ်မတော်

ခေါင်းဆောင်များသည် တပ်မတော်အတွင်းတွင် ဖက်ဆစ်တော်လှန်ရေးအတွက် စည်းရုံးနေကြသည်။ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့က ပြည်သူ့အရေးတော်ပုံ

အဖွဲ့အမည်ဖြင့် လှုပ်ရှားစည်းရုံးနေသည်။ တပ်မတော် သည် ပြည်သူ့အရေးတော်ပုံအဖွဲ့နှင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိရာ တပ်မတော်ခေါင်းဆောင်အချို့ သည်

ပြည်သူ့အရေးတော်ပုံအဖွဲ့ဝင်များ ဖြစ်ကြသည်။ သခင်စိုး၏ ကွန်မြူနစ်ပါတီသည် ဗြိတိသျှနယ်ချဲ့အချို့ နှင့် ပူးပေါင်း၍ ဖက်ဆစ်ကို တိုက်ရမည်ဟူသော

နိုင်ငံရေးသဘောထားကို တရားသေဆုပ်ကိုင်ကာ ဖက်ဆစ်တော်လှန်ရေးအတွက် စည်းရုံးနေခဲ့သည်။ ကွန်မြူနစ်ပါတီနှင့် တပ်မတော်သည် အဆက်အသွယ်

ရသော်လည်း ပူးပေါင်းဆောင်ရွက်၍ မဖြစ်နိုင်ခဲ့ပေ။ တပ်မတော်ခေါင်းဆောင်များက ဖိတ်ခေါ်သော်လည်း သခင်စိုးက လက်မခံခဲ့။ သခင်စိုးက တပ်မတော်

ခေါင်းဆောင်များကို ဂျပန်ကိုခေါ်လာသူ မျက်ကန်း မျိုးချစ်များဟု ဝေဖန်ခြင်းကိုလည်း တပ်မတော် ခေါင်းဆောင်များက မကျေနပ်ခဲ့ပေ။

၁၉၄၄ ခုနှစ်၊ နှစ်ဦးပိုင်းတွင် တပ်မတော်က ဖက်ဆစ်ဂျပန်ကို တော်လှန်ပုန်ကန်တော့မည်ဟူသော သတင်းများကို ကွန်မြူနစ်များ ရရှိလာလေသည်။ သခင်စိုးသည်

ဤသတင်းမှန်ကန်ကြောင်း သိသည်နှင့် လက်ဝဲသွေဖည်ရေးအန္တရာယ်အမည်ရှိ စာတမ်းကို ရေးသားတော့သည်။

သခင်စိုး၏ လက်ဝဲသွေဖည်ရေး အန္တရာယ် စာတမ်းတွင် ပါဝင်သောအချက်များမှာ လက်ရှိအခြေ အနေတွင် လက်နက်ကိုင်တော်လှန်ရေးလုပ်လို့ မဖြစ် သေးကြောင်း

ဖော်ပြထားသောအချက်များသာ ဖြစ် သည်။ 'လောလောဆယ် အခြေအနေမှာ ဖက်ဆစ် ဂျပန်များကို ပြည်သူလူထုကြီးက လက်နက်ကိုင်တော် လှန်ရန်

အချိန်မကျသေး။ ဂျပန်ဖက်ဆစ်များသည် ပစိဖိတ်စစ်မျက်နှာတွင် ရှုံးနိမ့်နေပြီဖြစ်သော်လည်း မြန်မာပြည်စစ်မျက်နှာတွင် စစ်အင်အားဆုတ်ယုတ် သင့်သလောက်

မဆုတ်ယုတ်သေး။ ဖရိုဖရဲမဖြစ်သေး။ ဖက်ဆစ်ဂျပန်၏အုပ်ချုပ်မှုမှာ ခိုင်မြဲနေဆဲ ဖြစ်သည်။ တစ်ဖက်က ဖက်ဆစ်ဂျပန်ကို ဦးဆောင်တော်လှန်ကြ မည့်

ဖက်ဆစ်တော်လှန်ရေးအင်အားစုများမှာလည်း တစုတစည်းတည်းမဖြစ်သေး၊ ဖက်ဆစ်ဆန့်ကျင်ရေး အဖွဲ့များ၏ လူထုစည်းရုံးရေးမှာ မကျယ်ပြန့်သေးရုံမျှ မက

တကွဲတပြားစီ ဖြစ်နေသေးသည်။ ထို့ကြောင့် ဖက်ဆစ်ဂျပန်တို့အား ချက်ချင်းလက်ငင်း လက်နက် ကိုင်တော်လှန်ရန် နိုင်ငံရေးအရ၊ စည်းရုံးရေးအရ၊ စစ်ရေးအရ

အခြေအနေ မပြည့်စုံသေး။

အခြေအနေမပြည့်စုံသေးဘဲ ဖက်ဆစ်ဂျပန်တို့ကို တော်လှန်တိုက်ခိုက်ပါက အင်အားကြီးသောရန်သူကို အင်အားနည်းနေသေးသော မိမိတို့က ချေမှုန်းပစ်ရန်

ဖိတ်ခေါ်ရာ ကြမည်။ တော်လှန်ရေးသမားများက မိမိတို့ကိုယ်ကို ရန်သူ့လက်သို့ အပ်နှင်းရာကြမည်။ ဖက်ဆစ်ဂျပန်ကို လက်နက်ကိုင်တော်လှန်ရန် အသင့်

မဖြစ်သေးသော လူထုနှင့် ဖက်ဆစ်တော်လှန်ရေး သမားများကို ကင်းကွာစေပြီး လူထုအကူအညီမရ သဖြင့် ရှုံးနိမ့်မှုများကို ကြုံတွေ့နိုင်သည်။ ထို့ကြောင့်

ဖက်ဆစ်တော်လှန်ရေးအင်အားစုများအဖို့ နိုင်ငံရေး အရ၊ စည်းရုံးရေးအရ အသင့်မဖြစ်သေးမီ ဂျပန်ကို ချက်ချင်း လက်နက်ကိုင်တိုက်ခိုက်ရန် သဘောထား သည်

လက်ဝဲသွေဖည်ရေးအန္တရာယ်ပင် ဖြစ်သည်။

ဤအန္တရာယ်ကို တားဆီးရမည်။ ဤလက်ဝဲ သွေဖည်ရေးသဘောထားရှိသူများကို ချဉ်းကပ်၍ ဖက်ဆစ်ဂျပန်တော်လှန်ရေးကို စတင်ရန် အချိန်မကျ သေးကြောင်း၊

အချိန်စောင့်၍ လိုအပ်သော နိုင်ငံရေး၊ စည်းရုံးရေး ပြင်ဆင်မှုများကို လုပ်ဆောင်ရဦးမည် ဖြစ်ကြောင်း ရှင်းပြရမည်' စသည်ဖြင့် လက်ဝဲ သွေဖည်ရေး

အန္တရာယ်စာတမ်းတွင် သခင်စိုးက အကျယ်တဝင့် ရေးသားထားသည်။

ကွန်မြူနစ်များသည် လက်ဝဲအန္တရာယ်စာတမ်းကို စာကူးစက်ဖြင့် လှည့်၍ ယင်းတို့၏ မြေအောက် ကလာပ်စည်းဝင်များသို့ ချက်ချင်း ဝေငှသည်။

တပ်မတော်အတွင်းသို့လည်း ဗိုလ်သိန်းတန်မှတစ်ဆင့် ဖြန့်ဝေသည်။ တပ်မတော်ခေါင်းဆောင်များမှာ ဂျပန် တို့ စောင့်ကြည့်နေသည့်အန္တရာယ်ကြားမှ ဖက်ဆစ်

ဆန့်ကျင်ရေးကို တပ်မတော်အတွင်းတွင် လျှို့ဝှက်စွာ စည်းရုံးပြင်ဆင်နေရခြင်းဖြစ်ရာ သခင်စိုး၏စာတမ်း သည် ဖက်ဆစ်ဆန့်ကျင်ရေးစည်းရုံးမှုများကို များစွာ

ကျဆင်းစေခဲ့သည်။ သခင်စိုး၏စာတမ်းကိုသာ ဂျပန် လျှို့ဝှက်စစ်ပုလိပ်များရရှိသွားပါက တပ်မတော်၏အစီ အစဉ်ကို ကြိုတင်သိရှိသွားနိုင်သည့် အန္တရာယ်နှင့် လည်း

ရင်ဆိုင်ခဲ့ရသည်။

ထို့ကြောင့် တပ်မတော်အတွင်းမှ ပြည်သူ့အရေး တော်ပုံပါတီ ခေါင်းဆောင်များဖြစ်ကြသော ဗိုလ်အောင် ကြီး(ဗိုလ်မှူးချုပ်ဟောင်း)နှင့် ဗိုလ်မောင်မောင်(သံ

အမတ်ကြီးဟောင်း)တို့သည် ၁၉၄၄ ခုနှစ်၊ ဇူလိုင်လ ပထမပတ်တွင် သခင်တင်မြနှင့်တွေ့ဆုံ၍ သခင်စိုး၏ လက်ဝဲသွေဖည်ရေးအန္တရာယ်စာတမ်းကို ပြင်းထန်စွာ

ကန့်ကွက်ပြစ်တင်ကြသည်။ တပ်မတော်ခေါင်းဆောင် များနှင့် သခင်စိုး တွေ့ဆုံဆွေးနွေးရေးကိုလည်း ကြိုတင်ညှိနှိုင်းခဲ့ကြသည်။

ဘီအိုင်အေတပ်များကို ဖျက်သိမ်းပြီး ဘီဒီအေ တပ်များ ဖွဲ့စည်းစဉ်က ဘီဒီအေတပ်တွင် မပါဝင်ခဲ့ သော ရဲဘော်များရှိနေခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်း၏ အမိန့်အရ

ဗိုလ်ကျော်ဇော (ဗိုလ်မှူးချုပ်ဟောင်း/ တောခို)သည် ထိုရဲဘော်များကို စုစည်းထားခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ထိုရဲဘော်များအား ဖက်ဆစ်

တော်လှန်ရေးအတွက် တာဝန်ပေးရန် ရည်ရွယ်ခဲ့သည်။ ထိုရဲဘော်များသည် ပဲခူး၊ သထုံနှင့် ဒလဒေသများတွင် လူနှင့် လက်နက်များကို ကြိုတင်စုဆောင်းထားခဲ့

ရသည်။

ကွန်မြူနစ်များသည် ဗိုလ်ကျော်ဇော၏ လက်အောက်တွင် စုစည်းနေသော ထိုရဲဘော်များကို လည်း ဆက်သွယ်စည်းရုံးခဲ့သည်။ ထိုသူများမှာ ကိုကြီးမြင့်၊

ကိုဖေညွန့် (တောခို၊ သန့်ရှင်းအမတ်၊ ၁၉၅၉ ခုနှစ်၊ သထုံတွင်ကျဆုံး)၊ ကိုသောင်းအေး (ကွယ်လွန်)၊ ကိုသာရီ(သထုံတွင် ဂျပန်အသတ်ခံရ)၊ ကိုထွန်းစိန်နှင့်

ကိုသိန်းဆိုသူတို့ ဖြစ်သည်။

တပ်မတော်သည် ဖက်ဆစ်ဆန့်ကျင်ရေးအတွက် လျှို့ဝှက်ဆောင်ရွက်နေရာတွင် နိုင်ငံရေးဝါဒကို ရှေ့တန်းတင်၍ စည်းရုံးလျက်ရှိသော ကွန်မြူနစ်များ နှင့် မကြာခဏ

အငြင်းပွားခဲ့ရသည်။ ကွန်မြူနစ်များ ၏ လုပ်ဆောင်ချက်သည် အခါများစွာတွင် တပ်မတော် ၏တော်လှန်ရေးကို အဟန့်အတားဖြစ်စေခဲ့သည်။ သို့သော်

ဗိုလ်ချုပ်အောင်ဆန်းသည် အစစအရာရာ သည်းညည်းခံ၍ တပ်မတော်၊ ပြည်သူ့အရေးတော်ပုံ ပါတီနှင့် ကွန်မြူနစ်ပါတီတို့ကို စုစည်း၍ ဖက်ဆစ် တိုက်ဖျက်ရေး

ပြည်သူ့အဖွဲ့ချုပ်ကို ဖွဲ့စည်းနိုင်ရန် ကြိုးစားခဲ့လေသည်။

• သမိုင်းဆိုင်ရာအမြင်အရ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်၍ မြေအောက်ကလာပ်စည်းဖွဲ့ခြင်းကို အချို့က ပထမ ကွန်ဂရက်ဟု ဆိုသည်။

Popular posts from this blog

ပြည်တွင်းသောင်းကျန်းမှုသမိုင်း (အပိုင်း ၁၈)

ပြည်တွင်းသောင်းကျန်းမှုသမိုင်း (အပိုင်း ၈)

ပြည်တွင်းသောင်းကျန်းမှု သမိုင်း(အပိုင်း ၁၅)