ပြည်တွင်းသောင်းကျန်းမှုသမိုင်း (အပိုင်း ၆)
မဟာမိတ်များနှင့် ဆက်သွယ်ရန် ကြိုးစားခြင်း
ဂျပန်ခေတ်ဦးအခြေအနေ
သခင်စိုးသည် သခင်သန်းထွန်း၊ ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် တိုင်ပင်ပြီး ကိုသိန်းဖေနှင့် သခင်တင်ရွှေတို့အား အိန္ဒိယနိုင်ငံသို့ စေလွှတ်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုအချိန်တွင် ဂိုရှယ်၊ မစ္စတာနာ့တ်၊ မစ္စတာဒေး အစရှိသော ကုလားရဲဘော်များသည် မန္တလေးထောင်မှ ထွက်လာရပြီးနောက် သခင်စိုးတို့နှင့် လူစုခွဲကာ ၁၉၄၂ခုနှစ်၊ မေလ ၁ ရက်၌ အိန္ဒိယပြန်ရန် မုံရွာဘက်သို့ ထွက်ခွာသွားကြပြီဖြစ်သည်။ မူကာဂျီမှာမူ ကုလားရဲဘော်များနှင့် လိုက်မသွားဘဲ ကျန်ခဲ့သည်။ ကုလားရဲဘော်များ၏ နိုင်ငံရေးအယူအဆမှာ ဂျပန်ဖက်ဆစ်ကိုလည်း တိုက်မည်၊ အင်္ဂလိပ်နယ်ချဲ့သမားများကိုလည်း တော်လှန်ပုန်ကန်မည်ဟူသော အယူအဆပင်ဖြစ်သည်။ မြန်မာနိုင်ငံကို ဂျပန်က သိမ်းပိုက်လိုက်သောအခါ ကုလားရဲဘော်များ၏ နိုင်ငံရေးအယူအဆမှာ ဆောင်ရွက်ရန် အခွင့်မသာတော့ပေ။ ဂျပန်သိမ်းပိုက်ထားသော မြန်မာနိုင်ငံသည် ကုလားရဲဘော်များ၏ စစ်မျက်နှာနှစ်ဖက်ဖွင့် တိုက်ခိုက်ရမည့် သေနင်္ဂဗျူဟာနှင့် မကိုက်ညီတော့ပေ။ ယင်းတို့၏ သေနင်္ဂဗျူဟာကို ကျင့်သုံးရန် အိန္ဒိယနိုင်ငံသာလျှင် လုံခြုံမှုရှိမည်ဟု ယူဆသောကြောင့် ထွက်ခွာသွားကြခြင်း ဖြစ်သည်။ သခင်စိုးသည် တရုတ်များနှင့် ဆက်သွယ်ကြည့်ရာတွင် အဆင်မပြေသဖြင့် အိန္ဒိယနိုင်ငံရှိ မဟာမိတ်များနှင့် ဆက်သွယ်ရန် ကြိုးစားလာသည်။ ဂျပန်သိမ်းပိုက်ပြီးခါစ မြန်မာနိုင်ငံ၏အခြေအနေမှာလည်း များစွာဆိုးရွားလျက်ရှိသည်။ ဂျပန်တို့သည် မော်လမြိုင် ကိုသိမ်းပြီးပါက မြန်မာ့လွတ်လပ်ရေးကိုကြေညာပေးမည်ဟု ကတိထားခဲ့သော်လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် တပ်မတော်ခေါင်းဆောင်များက လွတ်လပ်ရေးကြေညာပေးရန် တောင်းဆိုသောအခါ မြန်မာတစ်နိုင်ငံလုံးသိမ်းပြီးမှ ကြေညာသင့်သည်ဟု အကြောင်းပြကာ ငြင်းပယ်ခဲ့သည်။ ဘီအိုင်အေတပ်မတော်ကိုလည်း လူသုံးထောင်ခန့်မျှဖြင့် ကန့်သတ်ထားလိုခဲ့သည်။ သို့သော် ဘီအိုင်အေအင်အား များစွာတိုးလာသဖြင့် ချုပ်ချယ်ဖိနှိပ်မှုများ ပြုလုပ်လာသည်။ အင်္ဂလိပ်ခေတ်တွင် အင်္ဂလိပ်အလိုတော်ရိလုပ်ခဲ့သူများမှာလည်း ဂျပန်ခေတ် တွင် ဂျပန်အလိုတော်ရိများအဖြစ် သခင်များကို ချောက်တွန်းခြင်း၊ သူခိုးဓားပြများမွေး၍ ဘီအိုင်အေ နာမည်ဖျက်ခြင်းများ ပြုလုပ်လာကြသည်။ သခင်များစွာမှာ ဂျပန်စစ်ပုလိပ်တို့၏ သတ်ဖြတ်ခြင်းကို ခံရသည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာ့ လွတ်လပ်ရေးတပ်မတော်၏ ဂုဏ်သိက္ခာအတွက် အောက်ပါအမိန့်ကို ထုတ်ပြန်ခဲ့သည် -
'ဗမာ့လွတ်လပ်ရေးတပ်မတော်၏ ရည်ရွယ်ချက်သည် ဗမာ့လွတ်လပ်ရေးဖြစ်သည်။ ဤတပ်သည် ရှမ်း၊ ကရင်၊ ကချင်၊ ချင်း စသည့် ဗမာတစ်မျိုးသားလုံးအတွက် ဖြစ်သည်။ ထို့ကြောင့် တပ်မတော်ကို အမျိုးမျိုးကူညီကြပါ။ ဗမာ့တပ်မတော်က မြို့ရွာများကို စောင့်ရှောက် ကာကွယ်နေသည်။ သေနတ် လက်နက်ရှိသူများ တပ်မတော်သို့ အပ်နှံကြ။ ရှေးက အင်္ဂလိပ်အစိုးရထံ ကလဲ့စားချေမည့်သူများကို ကလဲ့စားချေမည့်ဆန္ဒမရှိ။ တိုင်းရင်းသားလူနည်းစုများအား ညီရင်းအစ်ကိုကဲ့သို့ သဘောထားမည်။ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိသည်။ ဗဟိုအစိုးရမဖွဲ့မီ အခွန်မကောက်ရ၊ ကြွေး မပေးရ။ ဂျပန်ငွေစက္ကူနှင့် အင်္ဂလိပ်လက်ထက် ဗမာငွေစက္ကူများ အသုံးပြုနိုင်သည်။ ဗမာ့တပ်မတော်သားများ၏ အပြုအမူကို တိုင်ကြားလိုပါက တပ်မတော်တပ်ခွဲများရှိရာတွင် တိုင်ကြားနိုင်သည်။ ဗမာ့လွတ်လပ်ရေးတပ်မတော်သည် ကြမ်းပိုး၊ သူခိုး၊ ဓားပြတပ်မျိုးမဟုတ်။ မျိုးချစ်စစ်တပ်ဖြစ်သည်။ ခိုးဝှက်လုယက်သူများ၊ မတော်မတရားပြုလုပ်သူများကို စစ်ဥပဒေအရ အရေးယူမည်။ လွတ်လပ်ရေးကို လုပ်မှရမည်၊ ထိုင်နေ၍မရနိုင်၊ ဗမာတိုင်းနားလည်၍ စည်းလုံးညီညွတ်စွာ ကြိုးစားဆောင်ရွက်ကြရမည်' စသည်ဖြင့်ပါရှိပြီး ကြေညာချက်အောက်တွင် ပုံ၊ ဗိုလ်ချုပ် ဗိုလ်တေဇ၊ ဗမာ့လွတ်လပ်ရေးတပ်မတော်မှူးချုပ် လက်မှတ်ရေးထိုးထားသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် သခင်နု၊ ဗိုလ်လကျာ်တို့နှင့်အတူ မေမြို့တွင် ဒေါက်တာဘမော်နှင့် အစိုးရဖွဲ့စည်းရေး ဆွေးနွေးပြီး ဗဟိုအစိုးရပြင်ဆင်ရေး ကော်မတီ ဖွဲ့စည်းခဲ့သည်။ ဂျပန်ကဖွဲ့စည်းပေးသော ဗဟိုအုပ်ချုပ်ရေးအဖွဲ့တွင် ဗိုလ်ချုပ်အောင်ဆန်းမပါဝင်ဘဲ ဒေါက်တာဘမော်၊ သခင်မြ၊ သခင်နု၊ သခင်ဗစိန်၊ သခင်ထွန်းအုပ်၊ ဒေါက်တာသိမ်းမောင်၊ ဓားမဦးဘသိန်း၊ ဗန္ဓုလဦးစိန်၊ ဦးလှဖေနှင့် ဦးဘဘေတို့ ပါဝင်ကြသည်။ ဂျပန်တပ်များ၏ ဗိုလ်ချုပ်ဖြစ်သူ ဂျင်နရယ်အီးဒါးက ဗမာ့လွတ်လပ်ရေးတပ်မတော်အား အုပ်ချုပ်ရေးကိစ္စ တွင် ဝင်မစွက်ရန် တားမြစ်ခဲ့သည်ဟု ဆိုသည်။ သခင်စိုးသည် မန္တလေးထောင်မှ လွတ်မြောက်ကတည်းက ဂျပန်များနှင့် ဆက်သွယ်မှုမရှိဘဲ လျှို့ဝှက်စွာသာ နေထိုင်လှုပ်ရှားခဲ့သည်။ ရောက်သည့်နေရာတွင် စည်းရုံးရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ဖက်ဆစ်ဂျပန်တို့ကို မုန်းတီးနေသော မျိုးချစ်ပုဂ္ဂိုလ်များသည် သခင်စိုး၏ ဖက်ဆစ်ဆန့်ကျင်ရေးသဘောထားကို လက်ခံယုံကြည်လာကြသည်။ ဗိုလ်သိန်းတန်၊ သခင်လှထွန်း၊ သခင်တင်ဦး(မကွေး)နှင့် သခင်တင်မြတို့သည် သခင်စိုးရေးသားသည့် မြင်းခြံစစ်တမ်းနှင့် ဖက်ဆစ်ဆန့်ကျင်ရေးစာရွက်စာတမ်းများကို ကူးယူ၍ လျှို့ဝှက်စွာ ဖြန့်ဝေပေးကြရသည်။
ဖက်ဆစ်များ၏ ရိုင်းစိုင်းရက်စက်မှုများ
ဖက်ဆစ်များ၏ ရိုင်းစိုင်းရက်စက်မှုများနှင့် ပတ်သက်၍ သခင်တင်မြက ဘုံဘဝမှာဖြင့်(တတိယတွဲ) စာမျက်နှာ ၁၉၅ နှင့် ၁၉၆ တွင် အောက်ပါအတိုင်း ဖော်ပြထားသည်ကို တွေ့ရသည်။
'မခံချင်စရာကောင်းလှသည့် ဂျပန်ဖက်ဆစ်များ၏ ရက်စက်ယုတ်မာမှုများကို နေ့စဉ်ပင် အတောမသတ်ကြားနေရ၏။ တောရွာများက ပျံ့လွင့်လာသော သတင်းများ၊ စစ်ရုံးသို့ အားကိုးတကြီးနှင့် လာရောက်တိုင်ကြားကြသော အမှုများတွင် မြန်မာအမျိုးသမီးများ ကို ဂျပန်စစ်သားများက ကာယိန္ဒြေဖျက်ဆီးခြင်း၊ မုဒိမ်းကျင့်ခြင်း၊ မိဘမောင်ဖွားရှေ့တွင်ပင်မရှောင်ပြုကျင့်ခြင်း၊ လူများကို ဖမ်းဆီးရိုက်နှက်ခြင်း၊ ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ခြင်း၊ ဂျပန်ကင်းစောင့်ရှေ့ ဖြတ်သွားသူတိုင်းအား ဆရာတော်၊ သံဃာတော်များမကျန် အလေးပြု စေခြင်း၊ အလေးမပြုပါက ပါးရိုက်ခြင်း၊ ပြည်သူလူထု၏ ပစ္စည်းများကို လုယက်ယူငင်ခြင်း စသည့်သတင်းများ နားမဆံ့အောင် ကြားနေရသည်။ အပြစ်ရှိသူဟုထင်တိုင်း နေပူလှန်းသည့် အပြစ်ဒဏ်အမျိုးမျိုး ပေးလေ့ ရှိကြသည်။ လက်နက်မဲ့ ပြည်သူလူထုကိုသာမဟုတ်၊ လက်နက် စွဲကိုင်ထားသော ကျွန်တော်တို့ ဘီအိုင်အေတပ်ဗိုလ်၊ တပ်သားများကိုလည်း ဖိနှိပ်စော်ကားလေ့ ရှိပေသည်။ ဗန်းမော်သို့ ရေကြောင်းချီတက်သွားသော ဗိုလ်မှူးကြီး ဇေယျ ကို ဂျပန်စစ်သားများက ပါးရိုက်ခြင်း၊ အချို့ နေရာများတွင် ဘီအိုင်အေတပ်များမှ လက်နက်များ သိမ်း၍ ဖမ်းဆီးနှိပ်စက်ခြင်း၊ စစ်ကိုင်းတွင် မကြာခဏ ဘီအိုင်အေတပ်သားများကို ရိုက်လွှတ်လေ့ရှိခြင်းစသည် တို့ ဖြစ်ပွားနေပါသည်။ ကွန်မြူနစ်များသည် ဖက်ဆစ်ဂျပန်များအား နိုင်ငံတကာ ကွန်မြူနစ်တို့၏ အယူအဆနှင့်အညီ ဆန့်ကျင်တိုက်ခိုက်ရန် ကြိုးစားနေသကဲ့သို့ ဗိုလ်ချုပ် အောင်ဆန်းနှင့်တပ်မတော်ခေါင်းဆောင်များမှာလည်း ဖက်ဆစ်ဂျပန်တို့အား တော်လှန်တိုက်ခိုက်ရန် ဆုံးဖြတ် ပြီး ဖြစ်နေသည်။ ဗိုလ်သိမ်းဆွေသည် ပုသိမ်တွင် ကက်သလစ်ခရစ်ယာန် ဘုန်းတော်ကြီးများ၏ ခြေထိုးမှုကြောင့် ဂျပန်ကင်ပေတိုင် တို့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရ သည်။ ဗိုလ်သိမ်းဆွေသည် ဂျပန်လက်မှလွတ်သောအခါ ရန်ကုန်သို့သွား၍ ဗိုလ်ချုပ်အောင်ဆန်းအား တိုင်ကြားခဲ့သည်။
ဗိုလ်သိမ်းဆွေကိုယ်တိုင်ရေးသား သည့် လွတ်လပ်ရေးတိုက်ပွဲ စာမျက်နှာ ၁၃၇ တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ပြောကြားချက်ကို အောက်ပါအတိုင်းတွေ့ရသည်။
"မင်းတင် မဟုတ်ပါဘူးကွယ်၊ ပဲခူးမှ သခင်တင် တို့ ထွက်ပြေးလာခဲ့ရတယ်၊ ဒီဂျပန်တွေက တို့ကို သစ္စာဖောက်တယ်၊ မော်လမြိုင်ကျရင် လွတ်လပ်ရေး ကြေညာမယ်ဆိုပြီး မကြေညာခဲ့ဘူး၊ လက်နက်ချပေးပြီး မြေအောက်တော်လှန်ရေးလုပ်ဖို့ဟာလည်း ချမပေးခဲ့ဘူး၊ ဒါကြောင့် တို့ပိုပြီးအရေးကြီးလာပြီ၊ ညီညီညွတ်ညွတ်နဲ့ လွတ်လပ်ရေးရအောင် ဆောင်ရွက်ရမယ်၊ သည်းခံပြီး စစ်တပ်ဖွဲ့စည်းပြီးမှ ခုခံတိုက်ခိုက်နိုင်မှာကွဲ့၊ တို့ အကျဉ်းအကျပ်ထဲရောက်နေပြီ၊ လူထုကလည်း သိတာမဟုတ်ဘူး၊ ဂျပန်မဟာမိတ်ဆိုပြီး ကြိုဆိုကြ၊ အခွင့်အရေးသမားတွေကလည်း ရာထူးလိုချင်ကြနဲ့ကွယ်၊ ဒါ မဆန်းပါဘူးဗိုလ်ချုပ်အောင်ဆန်းနှင့် တပ်မတော်ခေါင်းဆောင်များသည် ဖက်ဆစ်ဂျပန်တို့အား တော်လှန်တိုက်ခိုက်ရန် တပ်မတော်တစ်ရပ် ထူထောင်ထားဖို့လိုကြောင်း ယူဆကြသည်။ ထို့ကြောင့် ဖက်ဆစ်ဂျပန် များ၏ ဖိနှိပ်ချုပ်ချယ်မှုများအကြားမှ ဘီအိုင်အေ တပ်မတော်အား တိုးချဲ့ဖွဲ့စည်းခြင်း၊ လက်နက်ခဲယမ်း စုဆောင်းခြင်း၊ စစ်ပညာသင်ကြားလေ့ကျင့်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ ထိုအချိန်တွင် သခင်စိုးသည် သခင်တင်ရွှေနှင့် ကိုသိန်းဖေ(သိန်းဖေမြင့်)အား ရခိုင် မှတစ်ဆင့် အိန္ဒိယသို့စေလွှတ်ရန် ရွေးချယ်လိုက်လေသည်။
ကိုသိန်းဖေနှင့် သခင်တင်ရွှေ အိန္ဒိယသို့ ထွက်ခွာ သွားခြင်း
သခင်စိုး၊ သခင်တင်မြ၊ သခင်တင်ရွှေနှင့် ကိုသိန်းဖေတို့သည် သခင်တင်မြ၏ ဇာတိဖြစ်သော ဓနုဖြူမြို့ သို့ ရောက်လာကြသည်။ ယင်းတို့လူစုမှာ မြစ်ဝကျွန်းပေါ်ဒေသမှ ရခိုင်ဒေသသို့ကူးရန် ရည်ရွယ်ထားကြသည်။ ထို့နောက် ဟင်္သာတ၊ ငါးသိုင်းချောင်း၊ သာပေါင်း နယ်များသို့ လှေတစ်တန်၊ မော်တော်တစ်တန်ဖြင့်သွားပြီး ရခိုင်ရိုးမကို ခြေကျင်ဖြတ်ကျော်ကြရာ ဘောမိမှတစ်ဆင့် ဂွချောင်းသို့ ရောက်သွားကြသည်။ ဂွမြို့မှတစ်ဆင့် သံတွဲသို့ ခရီးဆက်ပြန်သည်။ ထိုအချိန်တွင်ဗိုလ်ရန်အောင်(သခင်လှမြိုင်)ဦးစီးသော ဘီအိုင်အေတပ်မှာ ပြည်မြို့မှတစ်ဆင့် တောင်ကုတ်လမ်းအတိုင်း ရခိုင်တိုင်းမြောက်ပိုင်းသို့ ရောက်ရှိနေပြီဖြစ်သည်။ သခင်စိုးတို့လူစုသည် ဗိုလ်ရန်အောင်နှင့် တွေ့ဆုံရန် ကြိုးစားကြသည်။ သခင်စိုးတို့လူစု ခရီးထွက်လာရာတွင် သခင်တင်မြသည် ဘီအိုင်အေစစ်ဌာနချုပ်မှဖြစ်သဖြင့် တပ်များစစ်ဆေးရန် အကြောင်းပြအယောင်ဆောင်ပြီး ထွက်လာကြခြင်းဖြစ်သည်။
သခင်စိုးတို့လူစုသည် ၁၉၄၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်တွင် မင်းပြားမြို့သို့ရောက်သွားပြီး ဘီအိုင်အေတပ်နှင့် တွေ့ဆုံသည်။ ထိုအချိန်တွင် ဗိုလ်ရန်အောင်သည် စစ်တွေသို့ ရောက်ရှိနေသည်။ ဗိုလ်ရန်အောင်၏ ဘီအိုင်အေစစ်ကြောင်းသည် ၁၉၄၂ ခုနှစ်၊ ဧပြီလ ၁၂ ရက်တွင် ပန်းတောင်းမြို့နယ် သလဲတန်းသို့ ဆိုက်ရောက်ကာ ရခိုင်ရိုးမကို ကျော်ဖြတ်ကြသည်။ ဧပြီလ ၁၈ ရက်တွင် တောင်ကုတ်သို့ရောက်ပြီး မင်းပြားသို့ ဧပြီလ ၂၈ ရက်တွင် ရောက်ရှိနေကြခြင်းဖြစ်သည်။ ဗိုလ်ရန်အောင် ဦးစီးသော ဘီအိုင်အေတပ်သည် ကုလားတန်မြစ်ဘေးရှိ ပုဏ္ဏားကျွန်းမြို့ကို သိမ်းပိုက်ပြီး စစ်တွေမြို့သို့ ခြေကျင်ချီတက်သွားကြသည်။ ကျောက်တန်းရွာတွင် အင်္ဂလိပ်တပ်နှင့် တိုက်ပွဲဖြစ်ပြီး အင်္ဂလိပ်တပ်များဆုတ်ခွာသွားသောအခါ ၁၉၄၂ ခုနှစ်၊ မေလ ၇ ရက်တွင် ဘီအိုင်အေတပ်က စစ်တွေမြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ ဘီအိုင်အေတပ်သည် ဂျပန်တပ်များထက်ဦးစွာ စစ်တွေမြို့ကို သိမ်းပိုက်နိုင်ခဲ့သဖြင့် ဘဏ်တိုက်မှ ငွေ ၂၂ သိန်းနှင့် လက်နက်ခဲယမ်း အမြောက်အမြားကို ရရှိလိုက်သည်။ သခင်စိုးတို့လူစုသည် မင်းပြားတွင် ရခိုင်နိုင်ငံရေးခေါင်းဆောင်များဖြစ်ကြသော ကိုဘဇံ၊ ဗုံပေါက်သာကျော်၊ ကိုစံရွှေ၊ ကိုလှကျော် စသောပုဂ္ဂိုလ်များနှင့် ဆွေးနွေးကြသည်။ ထို့နောက်စစ်တွေမှ ပြန်ရောက်လာသော ဗိုလ်ရန်အောင်နှင့် သခင်စိုးတို့ ဆွေးနွေးကြသည်။ သခင်စိုးက ဗိုလ်ရန်အောင်ထံမှ ဖက်ဆစ်ဆန့်ကျင်ရေး မြေအောက်လုပ်ငန်းအတွက် အလှူခံရာ ဗိုလ်ရန်အောင်က ငွေငါးသောင်းလှူဒါန်းခဲ့သည်။ ကိုသိန်းဖေနှင့် သခင်တင်ရွှေ အိန္ဒိယသို့ သွားရောက်ရေးအတွက်လည်း စားစရိတ်ငွေ တစ်ထောင် ကူညီခဲ့သည်။
သခင်စိုးတို့သည် ဖက်ဆစ်ဆန့်ကျင်ရေးအတွက် အသေးစိတ်ဆွေးနွေးပြီး ကိုသိန်းဖေနှင့် သခင်တင်ရွှေတို့ အိန္ဒိယသို့ ချောမောစွာရောက်ပါက အိန္ဒိယ ရေဒီယိုမှ 'ညိုထွန်းတို့လူစု မိဂဒါဝုန်သို့ ရောက်ရှိကြပြီ'ဟု အသံလွှင့်ရန် ညှိနှိုင်းကြသည်။ ထို့နောက် သခင်စိုးနှင့် သခင်တင်မြသည် ကိုညိုထွန်း(ဝန်ကြီးဟောင်း)၊ ကိုဘဇံနှင့် ကိုစောဦးတို့ကိုခေါ်၍ မင်းပြားမှ ပြန်လာခဲ့ကြသည်။ ထို့နောက် ကိုညိုထွန်းတို့သုံးဦးသည် သံတွဲတွင် ဗိုလ်ရန်အောင်ကိုစောင့်ပြီး ကျန်ရစ်ခဲ့ကြသည်။ သခင်စိုးနှင့် သခင်တင်မြသည် သံတွဲတွင် ဦးကျော်ရင်(မန္တလေးတက္ကသိုလ်ပါမောက္ခဟောင်း)နှင့် တွေ့ဆုံပြီး ဖက်ဆစ်ဆန့်ကျင်ရေးကိစ္စ ဆွေးနွေးပြန်သည်။ ထို့နောက် ဂွမြို့မှတစ်ဆင့် မြစ်ဝကျွန်းပေါ် ဒေသကိုဖြတ်သန်းပြီး ရန်ကုန်သို့ ရောက်ရှိလာသောအခါ မြေအောက် လှုပ်ရှားမှုများကို ဆက်လက်လုပ်ကိုင်တော့သည်။
သခင်တင်ရွှေနှင့် ကိုသိန်းဖေသည် ၁၉၄၂ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်တွင် မင်းပြားမှ ပလက်ဝဘက်သို့ ခရီးဆက်ကြသည်။ ပလက်ဝနယ်မှ ခြေကျင်ခရီးဖြင့် နယ်စပ်ကို ဖြတ်ကျော်ပြီး စစ်တကောင်းနယ်သို့ ဝင်သည်။ ပထမပုလိပ်အဖွဲ့နှင့် ဆက်သွယ်ပြီးနောက် စစ်တပ်နှင့် ဆက် သွယ်ရာ အဖမ်းခံကြရပြီး ကာလကတ္တားမြို့မှတစ်ဆင့် ဒေလီမြို့သို့ ရောက်သွားကြသည်။ ဗြိတိသျှအာဏာပိုင်များသည် ကိုသိန်းဖေတို့ တင်ပြသမျှကို လက်မခံဘဲ စစ်သတင်းများသာ စစ်ဆေးမေးမြန်းကြသည်။ နယူးဒေလီတွင် အကျယ်ချုပ်ဖြင့် ငါးလကြာမြင့်စဉ်အတွင်း ကိုသိန်းဖေသည် အင်္ဂလိပ်ဘာသာဖြင့် (What Happened in Burma) (ဗမာပြည်မှာ ဘာဖြစ်ခဲ့သလဲ)စာအုပ်ကို ရေးသားခဲ့သည်။ ထိုစာအုပ်ကို အိန္ဒိယကွန်မြူနစ်ပါတီက စာအုပ်အဖြစ် ရိုက်နှိပ်ဖြန့်ချိပေးပြီး သတင်းအဖြစ်လည်း ကမ္ဘာသို့ ဖြန့်ပေးခဲ့သည်။ ကိုသိန်းဖေနှင့် သခင်တင်ရွှေကို ဗြိတိသျှအာဏာပိုင်များက နယူးဒေလီမြို့တွင် ငါးလကြာမျှ အကျယ်ချုပ်ဖြင့်ထားပြီး ဆင်းမလားသို့ ပြောင်းရွှေ့ပြန်သည်။ ဆင်းမလားတွင် ဗမာပြည်ဘုရင်ခံ ဒေါ်မန်စမစ် ခေါင်းဆောင်သော ဗမာပြည်ဆိုင်ရာ အင်္ဂလိပ်စစ်ပြေး အစိုးရရှိနေသည်။ ကိုသိန်းဖေတို့နှစ်ဦးသည် အင်္ဂလိပ်စစ်ပြေးအစိုးရနှင့် အဆင်မပြေခဲ့ပေ။ ထို့ကြောင့် ဆင်းမလားမှ နယူးဒေလီသို့ ပြန်လာကြပြီး ဗြိတိသျှ ပြန်ကြားရေးဝန်ကြီးဌာနခွဲတွင် ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေးလုပ်ငန်းများကို ဝင်ရောက်ကူညီခဲ့သည်။ ရေဒီယိုမှ ဂျပန်ဆန့်ကျင်ရေး သဘောထားများ ဟောပြောကြပြီး လေနတ်သားသတင်းစာတွင် ဆောင်းပါးများရေးသားခဲ့ကြသည်။ အိန္ဒိယကွန်မြူနစ် ပါတီနှင့်မူ အဆက်အသွယ်မှန်မှန် ရရှိခဲ့ကြသည်။
၁၉၄၃ ခုနှစ်၊ ဇန်နဝါရီလတွင် ကိုသိန်းဖေတို့ အိန္ဒိယရောက်စက တိတ်တဆိတ်ဆက်သွယ်အကြောင်းကြားခဲ့သော တရုတ်ပြည်သမ္မတချန်ကေရှိတ်၏အကြံပေး အရာရှိ ဂျင်နရယ် ပီအက်စ်ဝမ်၏တောင်းဆိုချက်ဖြင့် ဗြိတိသျှအစိုးရက ကိုသိန်းဖေနှင့် သခင်တင်ရွှေကို ချန်ကင်းသို့ ပို့ပေးသည်။ ထိုအချိန်တွင် ချန်ကေရှိတ် အစိုးရသည် ဂျပန်ကိုဟန်ပြသာတိုက်ခိုက်နေပြီး မော်စီတုန်း၏ကွန်မြူနစ်များကိုသာ အဓိကထား ထိုးနှက်နေစဉ် ဖြစ်သည်။ ချန်ကေရှိတ်အစိုးရက သခင်တင်ရွှေနှင့် ကိုသိန်းဖေကို မည်သည့်အကူအညီမျှ မပေးခဲ့ပေ။ သို့သော် တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သော ချူအင်လိုင်းနှင့် တိတ်တဆိတ် ဆွေးနွေးခွင့်ရခဲ့သည်။ ချူအင်လိုင်းက ဖက်ဆစ်ဆန့်ကျင်ရေးအတွက် ပြည်တွင်းအင်အားကိုသာ အဓိကထားရန် အကြံပေးခဲ့သည်။ ကိုသိန်းဖေနှင့် သခင်တင်ရွှေ ချန်ကင်း၌ရှိစဉ် အင်္ဂလိပ်စစ်ဘက်ဆိုင်ရာက ဝင်းဂိတ်၏ ခရီးရှည်ထိုး ဖောက်စစ်ဆင်ရေးတွင် ပါဝင်ရန် သွေးတိုးစမ်းမေးမြန်းခဲ့သည်။
မဟာမိတ်များသည် မြန်မာပြည်ရှိ ဖက်ဆစ် ဆန့်ကျင်ရေးအင်အားစုများအား ယင်းတို့၏ သူလျှိုများ၊ သတင်းပေးများ၊ ဒေသခံတပ်ဖွဲ့ဝင်များအဖြစ်သာ အသုံးပြုလိုခြင်းဖြစ်သည်။ ကိုသိန်းဖေနှင့် သခင်တင်ရွှေက ဝင်းဂိတ်၏စစ်ဆင်ရေးကို ငြင်းပယ်ပြီး အိန္ဒိယသို့ ပြန်လာကြသည်။ အိန္ဒိယရောက်သောအခါ မြန်မာပြည်ရှိ ဖက်ဆစ်ဆန့်ကျင်ရေးအင်အားစုများအား အကူအညီပေးသင့်ကြောင်း ဗြိတိသျှအစိုးရထံ စာဖြင့်တင်ပြပြန်သည်။ ဗြိတိသျှစစ်တပ်များသည် မြန်မာပြည်ပြန်သိမ်းရေးအတွက် ယင်းတို့၏အစီအစဉ်ဖြင့်သာ အောင်မြင်ရန် ကြိုးစားနေကြသည်။ ထို့နောက် မြန်မာပြည်တွင်းနိုင်ငံရေးအင်အားစုများ၏ အကူအညီမရဘဲမြန်မာနိုင်ငံအား သိမ်းပိုက်ရန်မဖြစ်နိုင်ကြောင်းသိလာမှ သခင်တင်ရွှေကို မြန်မာပြည်သို့ ပြန်လည်စေလွှတ်လိုက်သည်။ သခင်တင်ရွှေသည် မြန်မာပြည်သို့ လျှို့ဝှက်စွာ ပြန်လည်ရောက်ရှိလာပြီး မြေအောက်လုပ်ငန်းလုပ်နေသော သခင်စိုးတို့လူစုနှင့် ညှိနှိုင်းဆွေးနွေးပြန်သည်။ ထို့နောက်မမြရီနှင့်လက်ထပ်၍ မမြရီကိုပါခေါပြီး အိန္ဒိယနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။ ကွန်မြူ နစ်များ၏ ပြည်ပဆက်သွယ်မှုမှာ ပထမပိုင်းတွင်အောင်မြင်မှုမရခဲ့သော်လည်း နောက်ပိုင်းတွင် အသင့်အတင့်အောင်မြင်လာသည်။ တရုတ်ကွန်မြူနစ်ပါတီ၊
အိန္ဒိယကွန်မြူနစ်ပါတီတို့နှင့်လည်း အဆက်အသွယ်ကောင်းမွန်လာသည်။ သို့သော် မြေအောက်ကွန်မြူနစ် ပါတီဝင်များသည် ကွန်မြူနစ်ပါတီ၏အရေးကို ဆောင်ရွက်ခြင်းထက် အခြားခေါင်းဆောင်များနည်းတူဖက်ဆစ်ဆန့်ကျင်ရေးကိုသာ ဦးစားပေးဆောင်ရွက်ခဲ့ ကြခြင်း ဖြစ်လေသည်။