ပြည်တွင်းသောင်းကျန်းမှု (အပိုင်း ၂)
မြန်မာနိုင်ငံ၌ ကွန်မြူနစ်ပါတီကလာပ်စည်း စတင်ဖွဲ့စည်းခြင်း
ပြည်ပအဆက်အသွယ်
၁၃၀၀ ပြည့် အရေးတော်ပုံသည် ဗြိတိသျှနယ်ချဲ့ အစိုးရအား နိုင်ငံရေးဆန့်ကျင်ရာတွင် အကြီးမားဆုံး သော အမျိုးသားရေးလှုပ်ရှားမှုကြီး ဖြစ်ခဲ့သည်။ တို့ဗမာအစည်းအရုံးသည် ပေါ်ပေါက်လာခါစ တွင် အမျိုးသားရေးဝါဒကိုသာ ကိုင်စွဲထားခဲ့သော်လည်း မာ့ခ်စ်ဝါဒီခေါင်းဆောင်များ များပြားလာသည့် အလျောက် ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒများကို လေ့လာရင်း လက်ဝဲအယူအဆများကို လက်ခံလာခဲ့သည်။
ပထမပိုင်းတွင် တို့ဗမာအစည်းအရုံး၏ နိုင်ငံရေး ဝါဒမှာ အမျိုးသားရေးသက်သက်ဝါဒနှင့် ဆိုရှယ်လစ် ဝါဒအယူအဆများ ရောနှောပေါင်းစပ်ထားသည့် တို့ဗမာဘုံဝါဒကို လက်ခံခဲ့သည်။ တို့ဗမာအစည်း အရုံးသည် လွတ်လပ်ရေးတိုက်ပွဲအတွက် အယူအဆ တူသူများကို စုပေါင်းထားသည့် တပ်ပေါင်းစုသဖွယ် ဖြစ်နေရာ မျိုးချစ်ခေါင်းဆောင်များအတွင်း နှစ်သက်ရာ ဝါဒအမျိုးမျိုးကို လက်ခံ ယုံကြည်နေခြင်းများလည်း ရှိသည်။ တို့ဗမာအစည်းအရုံးတွင် အမျိုးသားရေး သက်သက်ဝါဒသမားများ၊ ပြုပြင်ရေးဝါဒီများ၊ ကိုယ့်မင်းကိုယ့်ချင်းဖြင့် ပဒေသရာဇ်အုပ်ချုပ်ရေးကို ပြန်လည် တမ်းတနေသူများ၊ ဖေဘီယန်ဝါဒသမားများ၊ ဆိုရှယ်လစ်ဝါဒသမားများစသည်ဖြင့် အယူအဆမျိုးစုံရှိနေသော်လည်း လွတ်လပ်ရေးရည်မှန်းချက်မှာမူ တူညီနေသောကြောင့် တို့ဗမာအစည်းအရုံးသည် စည်းလုံးညီညွှတ်နေခြင်း ဖြစ်သည်။
၁၃၀၀ ပြည့်အရေးတော်ပုံ ဖြစ်ပွားနေသော ၁၉၃၈ ခုနှစ်အတွင်းမှာပင် အိန္ဒိယကွန်မြူနစ်ပါတီ မှ ဂျေဂို့ရှ် (J.Gosh) ဆိုသူ ရန်ကုန်မြို့သို့ ရောက်ရှိ လာခဲ့သည်။ ဂျေဂို့ရှ်သည် ဂိုရှယ် (H.N Goshl M.Munshi) နှင့် မူကာဂျီ (S.K Mukerjee)တို့အား ကွန်မြူနစ်ဖြစ်လာစေရန် စည်းရုံးနိုင်ခဲ့သည်။ ဂိုရှယ် နှင့် ကုလားအမျိုးသားအချို့သည် ကွန်မြူနစ်ဝါဒကို လေ့လာ၍ အယူအဆပြင်းထန်သော ကွန်မြူနစ်များ ဖြစ်လာကြသည်။ ဂိုရှယ်နှင့် မူကာဂျီတို့လူစုတွင် ရဲဘော်ဒေး၊ ရဲဘော်နာ့တ်နှင့် ရဲဘော်ဘို့(စ်)တို့ ပါဝင်လာပြီး ဘင်္ဂလားနယ် လျှို့ဝှက်လုပ်ကြံရေးအဖွဲ့နှင့် အဆက်အသွယ်ရှိလာသည်။ ဂိုရှယ်တို့လူစုသည် အိန္ဒိယကွန်မြူနစ်ပါတီနှင့်သော်လည်းကောင်း၊ တို့ဗမာ အစည်းအရုံးနှင့်သော်လည်းကောင်း အဆက်အသွယ် ရှိနေရာ လျှို့ဝှက်လုပ်ကြံရေး အဖွဲ့ငယ်တစ်ခုပမာ ဖြစ်လာသည်။
ထိုအချိန်တွင် မြန်မာမျိုးချစ်ခေါင်းဆောင်များ သည်လည်း လျှို့ဝှက်ကွန်မြူနစ်ပါတီတစ်ရပ်ထူထောင်ရန် နည်းလမ်းရှာဖွေနေကြပြီဖြစ်သည်။ သခင် သိန်းဖေ (သိန်းဖေမြင့်)နှင့် သခင်လှဖေ (ဗိုလ်လက်ျာ) တို့သည် အိန္ဒိယပြည် ကာလကတ္တားမြို့သို့ ပညာသင် ရန် သွားရောက်ကြရင်း ဘင်္ဂလားပြည်နယ် ကွန်မြူနစ် ခေါင်းဆောင်တစ်ဦးဖြစ်သူ မူဆာဖာအာမက်နှင့် လျှို့ဝှက်၍ ဆက်သွယ်မိကြသည်။ ထိုစဉ်က နိုင်ငံ အမျိုးမျိုးရှိ ကွန်မြူနစ်ပါတီများကို ဆက်သွယ်ချုပ်ကိုင်၍ ခေါင်းဆောင်မှုပေးနေသော အဖွဲ့အစည်းမှာ တတိယကမ္ဘာ့ကွန်မြူနစ်အဖွဲ့ချုပ်ဖြစ်ပြီး ဆိုဗီယက် ယူနီယံ မော်စကိုမြို့၌ ရုံးစိုက်သည်။ အိန္ဒိယကွန်မြူနစ် ပါတီသည် တတိယကမ္ဘာ့ကွန်မြူနစ်အဖွဲ့ချုပ်နှင့် အဆက်အသွယ်ရှိသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။
သခင်သိန်းဖေနှင့် သခင်လှဖေသည် မြန်မာနိုင်ငံရှိ တို့ဗမာအစည်းအရုံးဝင် ခေတ်ပညာတတ် လူငယ်ခေါင်းဆောင်များအနေနှင့် ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ် ဝါဒတို့ကို လေ့လာယုံကြည်ကြကြောင်း၊ တို့ဗမာအစည်းအရုံးနှင့် အလုပ်သမား၊ လယ်သမားလူတန်းစားများကို ခေါင်းဆောင်မှုပေးရန် ကွန်မြူနစ်ပါတီတစ်ရပ် ထူထောင်လိုကြောင်း မူဆာဖာအာမက်နှင့် ဆွေးနွေး ခဲ့သည်။ ထိုသို့ ကွန်မြူနစ်ပါတီ ထူထောင်နိုင်ရန်အတွက် အိန္ဒိယကွန်မြူနစ်ပါတီက ကူညီပံ့ပိုးပေးရန်နှင့် အခြေအနေကို တတိယကမ္ဘာ့ကွန်မြူနစ်အဖွဲ့ချုပ်သို့ တင်ပြပေးရန်၊ ဆက်သွယ်သတင်းပေးပို့ရန်လည်း တောင်းဆိုခဲ့သည်။ မူဆာဖာအာမက်က ကူညီရန် ကတိပြုသည်။
သခင်သိန်းဖေနှင့် သခင်လှဖေတို့နှစ်ဦးက အိန္ဒိယတွင် ပြည်ပအဆက်အသွယ်ကို ရှာဖွေနေစဉ် သခင် ဗိုလ်တို့လူစုသည်လည်း ရန်ကုန်မြို့သို့ လျှို့ဝှက်ရောက် ရှိနေသော တရုတ်ကွန်မြူနစ်များနှင့် ဆက်သွယ်မိ သည်ဟု ဆိုသည်။ သို့သော် ဒုတိယကမ္ဘာစစ် ဖြစ်လုဆဲဆဲတွင် သခင်ဗိုလ်တို့လူစုသည် တရုတ်ကွန်မြူနစ် များနှင့် အဆက်အသွယ်ပြတ်သွားရသည်။ တရုတ်ကွန်မြူနစ်များသည် တရုတ်ပြည်သို့ ရွှေ့ပြောင်းသွား ကြသည်။
တို့ဗမာအစည်းအရုံးတွင် လက်ဝဲဝါဒလွှမ်းမိုးလာခြင်း
၁၉၃၈ ခုနှစ်တွင် စတင်ခဲ့သော ၁၃၀၀ ပြည့် အရေးတော်ပုံကြီး၏ ဩဇာအရှိန်အဝါကြောင့် သခင်ကိုယ်တော်မှိုင်းခေါင်းဆောင်သော တို့ဗမာအစည်းအရုံးတွင် ဆိုရှယ်လစ်ဝါဒီသခင်များ နေရာရလာကြသည်။ လက်ဝဲဝါဒီသခင်များသည် အယူအဆမျိုးစုံ ရှိသူများ စုစည်းနေခြင်းထက် ကွန်မြူနစ်ဝါဒ(မာ့ခ်စ် ဝါဒ)ကို ယုံကြည်သူ၊ အယူအဆတူသူများကို သိမ်းဆည်း ကျစ်လျစ်စွာ စုစည်း၍ ကွန်မြူနစ်ပါတီတစ်ရပ် ထူထောင်ရန် ကြိုးစားနေကြသည်။ ပြည်ပအဆက် အသွယ်ရှာသူက ရှာနေစဉ် ပြည်တွင်း၌လည်း နိုင်ငံရေး အယူဝါဒကျယ်ပြန့်လာရန် စည်းရုံးဟောပြောသူက ဟောပြောကြသည်။ နဂါးနီစာအုပ်အသင်းကို ထူထောင် ၍ လက်ဝဲဝါဒစာပေများကိုလည်း ပုံနှိပ်ဖြန့်ချိကြသည်။ တစ်ဖက်မှလည်း အမျိုးသားရေးဝါဒသက်သက်မှ ဆိုရှယ်လစ်ရေးဘက်သို့ ကူးပြောင်းလာသော တို့ဗမာ အစည်းအရုံးတွင် ဆိုရှယ်လစ်ဝါဒ လုံးဝလွှမ်းမိုးလာအောင် ကြိုးစားကြသည်။
သခင်အောင်ဆန်းသည် တို့ဗမာအစည်းအရုံး အမှုဆောင်အစည်းအဝေးကို ရွှေတိဂုံစေတီ မော်လမြိုင်ဇရပ်တွင် ဦးဆောင်၍ ကျင်းပခဲ့သည်။ ထိုအစည်းအဝေးတွင် တို့ဗမာအစည်းအရုံး၏ ဝါဒနှင့် လုပ်ငန်းစဉ်ကို ဆိုရှယ်လစ်ဝါဒအမြင်ဖြင့် အသစ်ပြုပြင်ရေးဆွဲကြသည်။ ထို့နောက် ၁၉၃၉ ခုနှစ်၊ ဧပြီလတွင် မော်လမြိုင်မြို့၌ကျင်းပသော တစ်နိုင်ငံလုံးဆိုင်ရာ သခင်ညီလာခံက ယင်းဝါဒနှင့် ရှေ့လုပ်ငန်းစဉ်များကို အတည်ပြုလိုက်သည်။ သို့နှင့် တို့ဗမာအစည်းအရုံးတွင် လက်ဝဲဝါဒသည် ကောင်းစွာ လွှမ်းမိုးလာတော့သည်။
မြေအောက်ကလာပ်စည်းဖွဲ့စည်းခြင်း
၁၉၃၉ ခုနှစ်၊ ဇန်နဝါရီလကုန်ခန့်တွင် အိန္ဒိယ ကွန်မြူနစ်ခေါင်းဆောင် မူဆာဖာအာမက်က စည်းရုံးရေးမှူးတစ်ဦးဖြစ်သူ မစ္စတာပူ(ရ်)နန္ဒူဒတ်(စ်) ဂုပတား ကို ရန်ကုန်သို့ စေလွှတ်လိုက်သည်။ ဂုပတား သည် စင်ကာပူတွင် ဌာနချုပ်လုပ်ထားသော အင်ဒိုချိုင်းနားကျွန်းဆွယ် ကွန်မြူနစ်ပါတီဌာနချုပ်သို့ ပထမဦးစွာ သွားရောက်သတင်းပို့ရသည်။ တတိယ ကမ္ဘာ့ကွန်မြူနစ်အဖွဲ့ချုပ်၏ စည်းရုံးရေးနယ်မြေ သတ်မှတ်မှုတွင် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် မပတ်သက်ဘဲ စင်ကာပူရှိ အင်ဒိုချိုင်းနားကျွန်းဆွယ် ကွန်မြူနစ်ပါတီ ဌာနချုပ်နှင့်သာ သက်ဆိုင်သည်။ အိန္ဒိယကွန်မြူနစ် များက မြန်မာနိုင်ငံတွင် ကွန်မြူနစ်ပါတီထူထောင်ပေးရန် တတိယကမ္ဘာ့ကွန်မြူနစ်အဖွဲ့ချုပ်သို့ တင်ပြရာ ခွင့်ပြုချက်ရရှိခဲ့သည်။ ထို့ကြောင့် ဂုပတားသည် စင်ကာပူသို့ ဝင်ရောက်သတင်းပို့ ညှိနှိုင်းပြီးမှ ဆောင်ရွက်ရခြင်းဖြစ်သည်။
ဂုပတား ရန်ကုန်ရောက်ရှိချိန်တွင် မြန်မာနိုင်ငံ၌ ကွန်မြူနစ်ဝါဒကို လေ့လာစူးစမ်းနေသော အစုမှာ နှစ်စုရှိနေသည်။ ပထမလူစုမှာ သခင်အောင်ဆန်း၊ သခင်စိုး၊ သခင်လှဖေ(ဗိုလ်လကျာ်)၊ သခင်ဗဟိန်း၊ သခင်သိန်းဖေ(သိန်းဖေမြင့်)တို့လူစုဖြစ်ပြီး ဒုတိယ လူစုမှာ လျှို့ဝှက်လုပ်ကြံရေးအဖွဲ့ဝင် ကုလားရဲဘော် များဖြစ်သော ရဲဘော်ဂိုရှယ်၊ ရဲဘော်မူကာဂျီ၊ ရဲဘော် ဒေး၊ ရဲဘော်နာ့တ်နှင့် ရဲဘော်ဘို့(စ်)တို့ ဖြစ်သည်။ ၁၉၃၉ ခုနှစ်၊ ဩဂုတ်လတွင် ဂုပတားသည် ရန်ကုန်သို့ ရောက်ရှိလာပြီး သခင်အောင်ဆန်းတို့ လူစုနှင့် ဂိုရှယ်တို့လူစုကို တွေ့ဆုံကာ မြေအောက် ကွန်မြူနစ်ပါတီ ထူထောင်ရေးအတွက် ဆွေးနွေးခဲ့ သည်။ အိန္ဒိယကွန်မြူနစ်ပါတီသည် မတရားအသင်း ကြေညာခံထားရသောကြောင့် လျှို့ဝှက်ပါတီတစ်ရပ် အဖြစ် လှုပ်ရှားနေရသည်။ ထိုစဉ်က ဗြိတိသျှအစိုးရ လက်အောက်ရှိ မြန်မာနိုင်ငံမှာ အိန္ဒိယနိုင်ငံ၏ ပြည် နယ်တစ်ခုသဖွယ် ဖြစ်နေသည်။ ထို့ကြောင့် မြန်မာနိုင်ငံ ကွန်မြူနစ်ပါတီသည်လည်း တရားဝင်ထူထောင်ခွင့် ရနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် လျှို့ဝှက်ပါတီ တစ်ရပ်အနေနှင့်သာ ထူထောင်ရမည်ဖြစ်သည်။ မြန်မာခေါင်းဆောင်များသည် ဂုပတားနှင့် ဆွေးနွေးပြီးနောက် မြေအောက်ကွန်မြူနစ်ပါတီတစ်ရပ် ထူထောင်ရန် သဘောတူညီလိုက်ကြသည်။
၁၉၃၉ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်တွင် လျှို့ဝှက် ကွန်မြူနစ်ပါတီကို သခင်အောင်ဆန်းခေါင်းဆောင်၍ ရန်ကုန်မြို့အရှေ့ပိုင်း ၄၈ လမ်းအတွင်းမှ အိမ်တစ်အိမ်တွင် ပထမဦးဆုံးသော ဦးဆောင်ကလာပ်စည်းကို ဖွဲ့စည်းသည်။[note ၅] ယင်းကလာပ်စည်းတွင် ပါဝင်သူများမှာ အောက်ပါအတိုင်း ဖြစ်သည်။
• သခင်အောင်ဆန်း(အထွေထွေအတွင်းရေးမှူး)
• သခင်စိုး(လူထုခေါင်းဆောင်)
• ရဲဘော်ဂိုရှယ် (စည်းရုံးရေးမှူးနှင့် လျှို့ဝှက် လုပ်ငန်း)
• သခင်ဗဟိန်း (ကျောင်းသားစည်းရုံးရေး)
• သခင်လှဖေ (ဘဏ္ဍာရေးမှူး)
• ရဲဘော်နာ့တ် (စာကြည့်တိုက်မှူး)
ကွန်မြူနစ်ပါတီ စတင်ဖွဲ့စည်းရန်နှင့် ကွန်မြူနစ် ဝါဒပြန့်ပွားစေရန် ကြိုးစားကြသူများတွင် သခင်သိန်းဖေ၊ သခင်သန်းထွန်း၊ သခင်ကျော်စိန်တို့ ပါဝင်ကြသော်လည်း ပါတီဖွဲ့စည်းသောအခါတွင်ကား ယင်း ပုဂ္ဂိုလ်များ မပါဝင်ကြပေ။ သခင်သိန်းဖေသည် ကျောင်းသားအရေးနှင့် ပတ်သက်၍ ရန်ကုန်စီရင်စု တို့ဗမာအစည်းအရုံးက အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ထားသဖြင့် သခင်သိန်းဖေအား ပါတီဝင်အဖြစ် ထည့် သွင်းခြင်းမပြုဘဲ ချန်လှပ်ထားခဲ့ရသည်။ (ယင်းအချိန် မှစ၍ သခင်သိန်းဖေသည် နိုင်ငံရေးလှုပ်ရှားရာတွင် သိန်းဖေအမည်ဖြင့်သာ လှုပ်ရှားခဲ့သည်။) သခင်သန်းထွန်းမှာမူ ပါတီဝင်အဖြစ် ဖိတ်ခေါ်သော်လည်း သခင်စိုးနှင့် သခင်အောင်ဆန်းတို့ ပါဝင်ပြီးဖြစ်သဖြင့် မိမိမလိုအပ်ကြောင်း၊ မိမိအနေနှင့် တို့ဗမာအစည်းအရုံးတွင်သာ ဇောက်ချ၍ လုပ်ကိုင်လိုကြောင်း အကြောင်းပြ၍ ငြင်းဆိုခဲ့သည်။ သခင်ကျော်စိန်မှာမူ မည်သူနှင့်မျှ မတိုင်ပင်ဘဲ နိုင်ငံခြားကွန်မြူနစ်များနှင့် သီးခြားဆက်သွယ်ခြင်း၊ အင်္ဂလန်အတိုက်အခံ လေဘာပါတီနှင့် ဆက်သွယ်ခြင်း၊ လျှို့ဝှက်စာရွက်စာတမ်းများ သီးခြားဖြန့်ဝေခြင်းတို့ကြောင့် စိတ်မချရဟုဆိုကာ ပါတီဝင်အဖြစ် ထည့်သွင်းခြင်း မပြုခဲ့ပေ။
ယင်းပါတီကလာပ်စည်းသည် လျှို့ဝှက်ပါတီ ဖြစ်သည့်အလျောက် ဝါဒဖြန့်ချိရေးကိုသာ လုပ်နိုင်ခဲ့သည်။ လွတ်လပ်ရေးကြိုးပမ်းမှုတွင် တရားဝင် အထင်ကရ အဖွဲ့အစည်းအဖြစ် ဆောင်ရွက်နေသော တို့ဗမာ အစည်းအရုံးကို ဩဇာလွှမ်းမိုးရန် ကြိုးစားရာတွင် အတန်အသင့် အောင်မြင်ခဲ့သည်။ သို့သော် မကြာမီမှာပင် ဗြိတိသျှအစိုးရက ရိပ်မိသိရှိပြီး မတရားအသင်း ကြေညာလိုက်သဖြင့် ကွန်မြူနစ်ကလာပ်စည်း၏ လှုပ်ရှားမှုများမှာ များစွာ ကျဉ်းမြောင်းသွားခဲ့ရသည်။