ပြည်တွင်းသောင်းကျန်းမှုသမိုင်း (အပိုင်း ၁၀)
ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့အဖွဲ့ချုပ်
ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ချုပ် ဖွဲ့စည်းခြင်း
ဂျပန်ဝင်လာသည့် ၁၉၄၂ ခုနှစ်မှသည် ၁၉၄၃ ခုနှစ် တစ်နှစ်လုံးအထိ လက်ဝဲအင်အားစု နိုင်ငံရေး ခေါင်းဆောင်များသည် ဖက်ဆစ်ဆန့်ကျင်ရေးအတွက်
တသီးတခြားစီ စည်းရုံးလှုပ်ရှားနေခဲ့ကြသည်။ ပြည်သူ့ အရေးတော်ပုံပါတီ၊ ကွန်မြူနစ်ပါတီ၊ တပ်မတော်၊ သခင်ကျော်စိန်တို့လူစု စသည်တို့မှာ အဆက်အစပ်
မရှိခဲ့ကြပေ။ အဆက်အစပ်မရှိရုံသာမက တစ်စုနှင့် တစ်စု ဂိုဏ်းဂဏသဘောထားများလည်း ရှိနေခဲ့ကြ သည်။ ဖက်ဆစ်တော်လှန်ရေး ရည်ရွယ်ချက်တူညီစေ ကာမူ
နိုင်ငံရေးအယူအဆ၊ လုပ်နည်းလုပ်ဟန်ကွဲပြားမှု များကြောင့် တစ်စုနှင့်တစ်စု စည်းရုံးညီညွတ်မှု မရှိခဲ့ပေ။
၁၉၄၄ ခုနှစ်၊ ဩဂုတ်လတွင် ဗိုလ်ချုပ်အောင်ဆန်း ၏ အကြံပေးချက်အရ ဖက်ဆစ်များကို အဖွဲ့အစည်း တစ်ခုတည်းဖြင့် တိုက်ဖျက်ကြရန် သဘောတူညီမှု
ရလာကြသည်။ ဩဂုတ်လ ပထမပတ်ထဲတွင် ဗမာ့ တပ်မတော်၊ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပြည်သူ့ အရေးတော်ပုံပါတီမှ ကိုယ်စားလှယ်များသည်
အင်းယားကန်အနီးရှိ သခင်နု (ဂျပန်ခေတ် အစိုးရ အဖွဲ့ နိုင်ငံခြားရေးဌာနဝန်ကြီး)နေအိမ်၌ လျှို့ဝှက်စွာ တွေ့ဆုံဆွေးနွေးကြပြီးနောက် ဖက်ဆစ်ဆန့်ကျင်ရေး အဖွဲ့ချုပ်
(Anti Fascist Organization - A.F.O) ကို မြေအောက်တော်လှန်ရေးလှုပ်ရှားမှုအသွင်ဖြင့် လျှို့ဝှက်စွာ ဖွဲ့စည်းလိုက်ကြသည်။
ထိုဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့ချုပ်တွင် ဗမာ့ တပ်မတော်မှ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လကျာ်၊ ဗိုလ်နေဝင်း၊ ပြည်သူ့အရေးတော်ပုံပါတီမှ သခင်မြ၊ ကိုဗဆွေ၊
ကိုကျော်ငြိမ်းတို့နှင့် ကွန်မြူနစ်ပါတီမှ သခင် စိုး၊ သခင်သန်းထွန်း၊ သခင်ချစ်တို့ ပါဝင်သည်။ ဗိုလ်ချုပ်အောင်ဆန်းကို တော်လှန်ရေးအဖွဲ့ချုပ်၏
ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ သခင်သန်းထွန်းကို အတွင်း ရေးမှူးအဖြစ်လည်းကောင်း တင်မြှောက်ခဲ့ကြသည်။ ထိုအစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းက သူ
ကိုယ်တိုင်ရေးယူလာသောစာတမ်းကို တင်ပြခဲ့ရာ အဖွဲ့ချုပ်၏ ကြေညာချက်အမှတ်(၁)အဖြစ် ထုတ်ပြန် ရန် အားလုံးက သဘောတူဆုံးဖြတ်ခဲ့သည်။ ယင်း
ကြေညာချက်ကို တော်လှန်ရေးအဖွဲ့ခွဲများ၊ မြေအောက် တော်လှန်ရေးကလာပ်စည်းများ လျှို့ဝှက်စွာ ဖွဲ့စည်း၍ ဖြန့်ချိဝေငှကြသည်။
ထို့နောက် ဖက်ဆစ်ဆန့်ကျင်ရေး အဖွဲ့ချုပ် (A.F.O)ကို ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ် ဟူ၍ အမည်ပြောင်းလဲခဲ့ပြန်သည်။ သို့သော် အင်္ဂလိပ်
အမည်ကိုမူ (A.F.O) ဟူ၍သာ သုံးစွဲခဲ့သည်။ တော်လှန်ရေးကာလတစ်လျှောက်လုံးတွင်လည်း မဟာမိတ်စစ်ဌာနချုပ်နှင့် စစ်တပ်များက (A.F.O)
ဟူ၍သာ ခေါ်ဝေါ်သုံးစွဲခဲ့သည်။
ထို့နောက် ဖက်ဆစ် တိုက်ဖျက်ရေးပြည်သူ့အဖွဲ့ချုပ်သည် တပ်မတော်မှ လက်ရွေးစင်လူငယ်များ၊ အာရှလူငယ်အဖွဲ့ဝင်များ၊ အဖွဲ့အစည်းပေါင်းစုံမှ
စေလွှတ်သည့် အမာခံလူငယ် များအား အခြေခံစစ်ပညာသင်တန်းနှင့် နိုင်ငံရေး သင်တန်းကို လျှို့ဝှက်၍ ပို့ချခဲ့ကြသည်။
ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်ဂ ၏ ပထမဆုံးကြေညာချက်မှာ အောက်ပါအတိုင်း ဖြစ် သည်။
'နယ်ချဲ့ဖက်ဆစ် ဓားပြ ဂျပန်လူရိုင်းများကို မောင်းထုတ်ကြလော့'
ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့အဖွဲ့ချုပ်၏ ကြေညာချက်အမှတ်(၁)
ယခုအခါ မြန်မာနိုင်ငံတွင် ငါတို့ပြည်သူပြည်သား အပေါင်းတို့သည် နယ်ချဲ့ဖက်ဆစ်ဂျပန်၏ လက် အောက်တွင် ပြားပြားဝပ်နေရကြောင်း၊ နေ့စဉ်နှင့်အမျှ
ငါတို့လူမျိုးများ အအိပ်ကြောင့်ကြ၊ အစားကြောင့်ကြ၊ အသွားကြောင့်ကြ ဖြစ်နေရပေသည်။ နေ့စဉ်နှင့်အမျှ ဂျပန်စစ်ပုလိပ်၊ ဂျပန်စစ်သား၊ ဂျပန်ကုန်သည်၊ ဂျပန်
နောက်လိုက်တို့၏ ညှဉ်းဆဲမှု၊ ကလိမ်ကျမှုတို့ကို ခံနေရ ပေသည်။ ငါတို့ပစ္စည်းတွေသိမ်း၊ အိမ်တွေအရမ်းနှင်ချ၊ ငါတို့အမြတ်တနိုးကိုးကွယ်နေတဲ့ ဘုရားကျောင်း၊ ကန်၊
ချတ်(ခ်ျ)ဘုရားရှိခိုးကျောင်းမှန်း၊ ဗလီများမှန်းမသိ၊ ထိပ်ခေါက်ချင်ခေါက်၊ ခေါင်းပုတ်ချင်ပုတ်၊ ပါးရိုက်ချင် ရိုက်၊ မိန်းမတွေကို အဝတ်ချွတ်ရှာလိုရှာ၊ မုဒိမ်းကျင့်
လိုကျင့်၊ ဖာလုပ်ခိုင်းလိုခိုင်း၊ ဗိုက်တစ်လုံးနှင့် ပစ်ထား လိုထား၊ ငါးပိ၊ ငါးခြောက်၊ ဆန်၊ ဆီ၊ အာလူး၊ ဝါဂွမ်း၊ အတွင်းပစ္စည်းရော၊ အပြင်ပစ္စည်းရော သူတို့လက်ထဲ
ထား၊ ဈေးတွေ ကမောက်ကမဖြစ်ချင်တိုင်း ဖြစ်အောင် လုပ်၊ ငါတို့ အများစားရမယ့်ပစ္စည်းတွေကျတော့ ဂျပန် တွေက တန်ဖိုးမရှိတဲ့စက္ကူတွေနဲ့ ဈေးပိုပေး၊ ငါတို့
ပိုက်ဆံဖြစ်မယ့် ဆန်၊ ဆီ၊ ဝါဂွမ်း အစရှိသည်ကျတော့ အတင်းအဓမ္မ မတန်တဆဈေးနှိမ်သိမ်း၊ သိမ်းတာမှာ လည်း ဗမာတွေလိုတာကို ဘာမှမချန်၊ သူတို့လိုတာ
လောက်သာ သိပြီး နွားတွေ၊ မြင်းတွေ၊ လှည်းတွေ၊ ကားတွေ အရမ်းသိမ်း၊ အရမ်းသယ်၊ လူတွေ အတင်း ကူလီလုပ်ခိုင်း၊ တိုတိုပြောရလျှင် ကျုပ်တို့လူမျိုးတွေ
ခွေးလုံးလုံးဖြစ်နေပြီး ဂျပန်မြင်တိုင်း ခေါင်းညိတ် လိုက်ရတာ အမောပဲ။
ဒါ ဘယ့်နှယ်လုပ်မလဲ၊ ဖက်ဆစ်ဂျပန်ကို သည်းမခံနိုင်တဲ့ ကျုပ်တို့ မြန်မာနိုင်ငံတွင်း နိုင်ငံပ အင်အားစုနှစ်ရပ်ပေါင်းပြီး အထက်မှာပြထားတဲ့
ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကြီး ဖွဲ့စည်းလိုက်ပြီ။
ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ဒီအဖွဲ့ကြီးကို ဖွဲ့ လိုက်သလဲ၊ အောက်ပါအတိုင်းပဲ။
ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့ချုပ်၏ စည်းမျဉ်းနှင့် လုပ်ငန်းစဉ်
(၁) ပထမ ဂျပန်နယ်ချဲ့ဖက်ဆစ်စစ်တပ်နှင့် နောက် ကပါတဲ့ ဂျပန်ကုမ္ပဏီကြီးငယ်တွေကို မောင်းထုတ် ပစ်ရမယ်။ ဂျပန်နဲ့ နောက်လိုက်တွေကိုလည်း
ဖြုတ်ပစ်ရမယ်။
(၂) မြန်မာပြည်သူပြည်သားအလိုကျ လွတ်လပ်တဲ့ မြန်မာပြည်သူပြည်သားနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ရေး ဥပဒေကို ရေးဆွဲရမယ်။ ဘယ်လိုရေးဆွဲရမလဲ။
အောက်ပါအချက်တွေပါရမယ် -
(က) ပုဂ္ဂိုလ်လွတ်လပ်ခွင့်၊ ဂျပန်စစ်ပုလိပ် အရမ်း ဆွဲ၊ အရမ်းအဖမ်းခံနေရတဲ့ အခုလို ပုဂ္ဂိုလ် လွတ်လပ်ရေးမျိုးမဟုတ်။
(ခ) လွတ်လပ်စွာတွေးတောခွင့်၊ အဓိပ္ပာယ်က လွတ်လွတ်လပ်လပ် မိမိယူချင်တဲ့ဝါဒကို ဆိုလိုတယ်။ ကောင်းတဲ့ တရားတဲ့ဝါဒ၊ ဆိုးတဲ့ ဝါဒမဟုတ်။ အခု
ခင်ဗျားတို့ ကောင်းမှန်း တရားမှန်းသိပေမယ့် ဇွတ်မှိတ်ပြီး ခင်ဗျား တို့ ယုံကြည်မှုတွေကို ဖျက်ဆီးနေရတယ် မဟုတ်လား။ ဒါကတော့ မထူးဆန်းပါဘူး။
သူတို့ဂျပန်တွေမှာလည်း လူတွေဟာ အမှန်၊ အကောင်းတရားတာ ထင်တိုင်း မယုံကြည် ရဘူး။
(ဂ) လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်၊ ဖော်ပြခွင့်၊ သတင်းစာက ဘယ်နှစောင် ထုတ်၊ ဘာတွေသာရေး၊ ရေဒီယိုက ဘာတွေ ကိုသာပြော၊ ဘာတွေသာ
နားထောင်၊ ဘာ စကားတွေသာပြော၊ ကိုယ့်အကျိုးမပါဘဲ မဟာအရှေ့အာရှတိုက် သာတူညီမျှခံစား ရေးနယ်ပယ်တို့၊ ဘူရှီဒို လူရိုင်းဝါဒတို့ အစ ရှိသည်ကို
နင်းကန်ပြီး ချီးမွမ်းရတဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်၊ ဖော်ပြခွင့်မျိုးမဟုတ်။
(ဃ) လွတ်လပ်စွာ အသင်းအပင်း အဖွဲ့အစည်း စည်းရုံးခွင့်၊ စည်းဝေးခွင့်၊ စီတန်းလမ်း လျှောက်ခွင့်၊ ယခုအခါ ဂျပန်မကြိုက်လျှင် ဘာအသင်းမှ မထောင်ရ။
အရင်တုန်းက အလုပ်သမား၊ လယ်သမား၊ ကျောင်းသား အသင်းတွေ ဘယ်ရောက်ကုန်သလဲ၊ လွတ် လွတ်လပ်လပ် အသင်းမဖွဲ့ရ၊ စည်းလည်း မစည်းဝေးရ၊
စီတန်းလမ်းလျှောက်ခွင့် ကိုယ် လိုချင်တာလည်း မေ<ြွကးကြော်ရ။ စာပေါ်မှာ ရှိတဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံ အုပ်ချုပ် ရေးဥပဒေ
လွတ်လပ်ရေးမျိုးမဟုတ်ဘူး။
(င) လွတ်လပ်စွာ မိမိကြိုက်နှစ်သက်ရာ ဘာသာ တရားကို ကိုးကွယ်ချင်ကိုးကွယ်၊ မကိုးကွယ် ချင်နေ၊ နိုင်ငံအစိုးရဆိုတာ ဘာသာရေးမှာ ကြားနေရမယ်။
သာတူညီမျှ သဘောထား ရမယ်။ ကမ္ဘာတစ်ခုလုံးမှာ ဒီစနစ်ကို လိုက်နာနေကြတဲ့အတိုင်း ဗုဒ္ဓဘာသာလူမျိုး၊ တိုင်းပြည်အချင်းချင်းဆိုပြီး ဘုန်းကြီးမှန်း မသိ၊
ဘုရားမှန်းမသိ၊ တန်ဆောင်းမှန်းမသိ၊ ဘုရားပုထိုး ကျောင်းကန်တွေ ဖျက်ဆီး မီးတိုက်၊ ဖိုခုံလောက်လုပ်၊ လမ်းခင်း၊ ဖင်ခု ထိုင်၊ မြင်းဇောင်းဆောက်၊ ဘုန်းကြီးတွေ
ခေါင်းခေါက်လိုခေါက်၊ သစ်ပင်အတက်ခိုင်း လိုခိုင်း၊ ကြွက်သတ်ခိုင်းလိုခိုင်းဆိုတဲ့ ဂျပန် သာသနာပြုနည်းမျိုးကိုတော့ မလိုချင်ဘူး။ ကျုပ်တို့ဘာသာကျုပ်တို့
လွတ်လွတ်လပ်လပ် ကိုးကွယ်ပါရစေ။ မတူချင် နေပါစေ။
(စ) နေအိမ်၊ ကျောင်းတိုက်၊ ချတ်(ခ်ျ)ဘုရားရှိခိုး ကျောင်း၊ ဗလီ စသည်တို့ကို မတရားသဖြင့် နှောင့်ယှက်ကျူးလွန်ခြင်းမှ ကင်းလွတ်ခွင့်။
(ဆ) မတရားသဖြင့် ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း မှ လွတ်လပ်ခွင့်၊ ဂျပန်စစ်ပုလိပ်ကလည်း ဖမ်း၊ ဂျပန်စစ်သားကလည်း ဖမ်း၊ ဂျပန်
နောက်လိုက်တွေကလည်း ဖမ်း၊ ပါးရိုက်၊ ချုပ်ထား၊ ကျိုးကန်းအောင် သေအောင်ည§ဉ်း၊ အဲဒီလို လွတ်လပ်ရေး မဟုတ်ဘူး။
(ဇ) စီးပွားရေးနှင့် လူမှုရေးရာတွင် မတရား နှိပ်စက်ည§ဉ်းဆဲမှုများမှ လွတ်လပ်ခွင့်၊ ဥပမာ အဆမတန်ကြီးသော သီးစားနှုန်း ငွေတိုး ကြီးစနစ်၊ မမျှမတ
တရားလွန်ကောက်ခံရေး စနစ် စသည်တို့မှ လွတ်ကင်းချမ်းသာခွင့်။
(ဈ) လူမျိုး၊ ဘာသာ၊ လိင်တို့နှင့် ပတ်သက်၍ အဆင့်အတန်းခွဲခြားမှုများမထားခြင်း၊ နိုင်ငံ အတွင်း အလုပ်အကိုင်မှန်သမျှ လူတိုင်း လူမျိုး ဘာသာ ကျား၊ မ
မရွေး အစွမ်း အလျောက် ရရှိပိုင်ခွင့်၊ လူမျိုးချင်း၊ ဘာသာ ချင်း၊ ယောက်ျားနှင့် မိန်းမ နှိမ့်ချသည့် အထိမ်းအမှတ် အခေါ်အဝေါ် အမည်နာမ စရိုက် အကျင့်အကြံ၊
စာအုပ်၊ ပေစာ၊ ရာဇဝင် အမှတ်အသားအားလုံး နိုင်ငံ အစိုးရက တားမြစ်ပေးရမည်။
(ည) အလုပ်ကြမ်းသမား၊ အလုပ်နုသမားတို့ သင့်လျော်ရာ အလုပ်သမားများကို လုပ်ကိုင် ခွင့်၊ ပညာတတ် အလုပ်လက်မဲ့၊ ရိုးရိုး အလုပ်လက်မဲ့ အစရှိသည်တို့
မရှိစေရ။ ရပြီး သားအလုပ်အကိုင်ကိုလည်း အကြောင်းမဲ့ မပြုတ်စေဘဲ မြဲမြဲ ရရှိနိုင်ခွင့်ရှိရမည်။
(ဋ) ကျွဲ၊ နွား စားကျက်၊ ထင်း၊ နေအိမ် ဆောက်ရန် သစ်၊ ဝါးများ အခမဲ့အသုံးပြုခွင့် နှင့် အိမ်သုံးအတွက် ငါးဖမ်းခွင့် ရှိရမည်။
(ဌ) အစိုးရနှင့် ကုမ္ပဏီ အစရှိသည်တို့တွင် လုပ်သားများအားလုံး တရားမျှတစွာ ကန့်သတ်ထားသော အခ၊ အလုပ်ချိန်၊ အလုပ်နားရက်များ ကျန်းမာရေးနှင့်
ညီမျှ အောင် ထားရှိရမည်။
(ဍ) လူမျိုးဘာသာ လိင်ပစ္စည်းအခြေအနေမရွေး ပညာသင်ခွင့်၊ အတော်ဆုံးသာ ထိပ်ဆုံး ရောက်ရမည်၊ ဆင်းရဲချမ်းသာမရွေး တော် သူမှန်သမျှ
ထိပ်တက်စေရမည်။
(ဎ) ဘာသာ၊ စာ၊ စကား ခြားနားသူများအဖို့ မိမိတို့ ဘာသာအယူများအတိုင်း နေနိုင်ခွင့်။
(ဏ) ကရင်၊ ရှမ်း၊ ပလောင်၊ တောင်သူ၊ ကချင်၊ ချင်း၊ မွန်၊ တရုတ်၊ ကုလား စသော လူနည်း စုများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဆက်ဆံ ရေး
အခွင့်အရေးများကို အစိုးရက အထူး စောင့်ရှောက်ပေးခြင်း။
(၃) အိုစာ၊ နာစာ၊ အထိအခိုက် လျော်ကြေး၊ အလုပ် လက်မဲ့ ထောက်ပံ့ကြေး အစရှိသည်တို့ကို နိုင်ငံ တော်အတွင်း လုပ်သားမှန်သမျှ ရခွင့်ရှိရမည်။
(၄) အောက်ကျနောက်ကျဖြစ်နေတဲ့ ကရင်၊ ကချင်၊ ချင်း အစရှိသည်တို့ကို တစ်မျိုးလုံးရဲ့ ယဉ်ကျေးမှုအဆင့် အတန်းကို ရောက်အောင် လုပ်ပေးရမည်။ ၎င်း
တို့ထံမှရတဲ့ အခွန်ငွေများကို ၎င်းတို့အတွက်သာ သုံးရမည်။ ဒါတင်မကသေး၊ လိုနေသေးလျှင် အစိုးရ ဗဟိုရန်ပုံငွေထဲက ထုတ်ယူသုံးရမည်။
(၅) တိုးတက်သော ပညာရေးစနစ်ကို တီထွင်ရမည်။ တစ်ပြည်လုံးမှာ ဂျပန်ကျောင်းတွေ ဖွင့်ပြီး ကျောင်းသားလူငယ်တွေကို သူလျှိုလုပ်ခိုင်းနေတဲ့
ပညာရေးမျိုး မဟုတ်ရ။
(၆) စကောလားရှစ် ဆုငွေများ၊ ပညာတော်သင် စရိတ်များ၊ အစိုးရအထောက်အပံ့ ပညာရှာဖွေရန် အခွင့်အလမ်းကောင်းများအားဖြင့် မြန်မာနိုင်ငံမှာ
လောကဓာတ်ပညာ၊ ခေတ်ပညာ၊ ကမ္ဘာ့ ယဉ်ကျေးမှုပညာများကို တိုးတက်အောင် လုပ်ရ မယ်။ လောကဓာတ်ဆရာကြီးတွေ၊ တက္ကသိုလ်
ပါမောက္ခကြီးတွေ၊ ဓာတုဗေဒဆရာတွေ၊ ပညာရှိ တွေ၊ နည်းသစ်ထွင်သူတွေ ထွက်အောင် လုပ်ရ မယ်။ ရှိပြီးသား ပညာရှိတွေကိုလည်း နိုင်ငံရဲ့ သစ္စာကို စောင့်သိလျှင်
ကောင်းစွာ ချီးမြှောက် ရမယ်။
(၇) တက်ခေတ်နဲ့လျော်ညီတဲ့ လယ်မြေစနစ်ကို စီမံ ရမယ်။
(၈) သတ်မှတ်ထားသော အခွန်ကောက်ခံရေးစနစ် တီထွင်ရမယ်။
(၉) တိုးတက်တဲ့ ကုန်သွယ်ရေးနဲ့ အလုပ်သမား စည်းမျဉ်းကို အသုံးပြုရမယ်။
(၁ဝ) နိုင်ငံကို သစ္စာဖောက်တဲ့လူတွေရဲ့ပစ္စည်းမှန် သမျှ အ<ြွကင်းမရှိ အလေမရှိ သိမ်းရမယ်။
(၁၁) အများပြည်သူတို့ဆန္ဒလိုက်လျောတဲ့ အဂတိ မလိုက်စား၊ တရားသဖြင့် အုပ်ချုပ်ရေးကို ထွင် ရမယ်။
(၁၂) အပြစ်မရှိဘဲ အပြစ်ခံသူခံရ၊ အပြစ်ရှိသူ အပြစ် လွတ်၊ ဥပဒေရှိပါလျက်နဲ့ တရားစရိတ်မတတ် နိုင်၍ အခွင့်အရေးမရ။ မှန်မှန်းသိလျက်
သက်သေမပြနိုင်၍ လက်ပိုက်ကြည့်နေရ၊ အချိန် တွေ ဆွဲချင်တိုင်းဆွဲပြီး တရားစစ်လိုကစစ် အစ ရှိသည်အားဖြင့် လွန်စွာချွတ်ယွင်းနေသော လက်ရှိ
ဥပဒေတရားရုံးစနစ်တွေကို သေသေ ချာချာပြောင်းလဲပစ်ရမည်။ အပြစ်ရှိရင် ကလဲ့ စားချေရုံလောက်သာ စိတ်ကူးပြီး ပြုပြင်ဖို့ စိတ် မကူးတဲ့ အပြစ်ပေးနည်းစနစ်၊
လောကငရဲနဲ့ တူတဲ့ ထောင်အုပ်ချုပ်ရေးတွေကို ပြုပြင်ပေးရ မယ်။
အထက်ပါအချက်တွေကို ကျုပ်တို့နိုင်ငံက မလုပ် နိုင်ရင် ကျုပ်တို့တစ်တွေ မတိုးတက်နိုင်ဘူး။ တကယ့် သာတူညီမျှခံစားရေး မရှိနိုင်ဘူး။
အထက်ပါအချက်တွေကို ဂျပန်ဖက်ဆစ်လူရိုင်း တွေ မြန်မာပြည်မှာရှိနေသမျှ ကျုပ်တို့မရနိုင်ဘူးမှတ်။ သူတို့ရှိနေသမျှ မြန်မာပြည်ဟာ စစ်ဘေးနဲ့တွေ့နေမှာပဲ။
သူတို့ကို စစ်ကြေးပေးနေရမှာနဲ့ ကျုပ်တို့ စားဖို့၊ ဝတ် ဖို့၊ တိုးတက်ဖို့ အခွင့်အလမ်းတွေကို ရမှာမဟုတ်ဘူး။
ဒါကြောင့် ဖက်ဆစ်ဂျပန်တွေကို မောင်းထုတ်ရ မယ်။ ဘယ်လိုမောင်းထုတ်ရမလဲ။
အောက်ပါအချက်တွေကို လူထုအလိုက် စည်းရုံး ပြီး လုပ်ရမယ်။
(၁) ဖက်ဆစ်ဂျပန် ဓားပြတပ်သုံးတဲ့ မီးရထား လမ်း၊ မော်တော်ကားလမ်း၊ တံတားတွေကို ဖျက်၊ သူတို့ပစ္စည်းတွေ မီးရှို့ဖျက်ဆီးလုယူ။
(၂) ဖက်ဆစ်ဓားပြတပ် စစ်မတိုက်နိုင်အောင် လမ်းဖောက်တာတွေကို မကူညီကြနဲ့။ အလုပ်သမားတွေ သပိတ်မှောက်၊ ရသမျှ လက်နက်တွေနှင့် ကိုင်ထ။
(၃) ကျွဲ၊ နွား၊ တိရစ္ဆာန်၊ ယာဉ်များ၊ လှေတွေကို အသိမ်းမခံနဲ့။ ဝှက်ထားကြ။ အစား အသောက်တွေ ဝှက်ထားကြ။
(၄) ဂျပန်နောက်လိုက် သစ္စာဖောက် ဗမာတွေ ကို သတ်ပစ်ကြ။
(၅) ဗမာ့တပ်မတော်စစ်သားတွေက သူပုန် ပြောက်ကျားနည်းအရ ဂျပန်ဖက်ဆစ် လူရိုင်းတွေကို တိုက်ကြ။
(၆) ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့အဖွဲ့ချုပ်အား ဖက်ဆစ်ရန်သူများရဲ့သတင်းများကိုပေး၊ ဖက်ဆစ်ရန်သူတွေကို မမှန်သတင်းပေး။
(၇) ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့အဖွဲ့ခွဲတွေ၊ စစ်တပ်တွေဖွဲ့ကြ၊ လယ်သမား၊ အလုပ် သမား အစည်းအရုံးတွေဖွဲ့ကြ။
(၈) တစ်တိုင်းတစ်ပြည်လုံး အဖွဲ့အချင်းချင်း၊ လူမျိုးအချင်းချင်း မကွဲကြနှင့်၊ ညီရင်း အစ်ကိုလို အလုပ်လုပ်ကြ။
အထူးမှတ်ရန်
ငါတို့သည် ဖက်ဆစ်ဂျပန်ကိုသာ မုန်း၏။ ဖက်ဆစ် ဂျပန်က ဗမာတွေ အာရှတိုက်သားတွေကိုသာ ညှဉ်းဆဲ သည်မဟုတ်။ သူတို့ဂျပန်ပြည်မှာလည်း ပြည်သူ
ပြည်သားများကို ညှဉ်းဆဲကြတယ်။ ဂျပန်ပြည်မှာ တောကမိန်းကလေးတွေကို ကြွေးတင်လို့ မိန်းမရွှင်လုပ် ဖို့ အရောင်းအဝယ်လုပ်ကြရတယ်။
အလုပ်သမားတွေ ကို ဖိစီးနှိပ်စက်တယ်။ ဖက်ဆစ်ဆန့်ကျင်ရေး တကယ့် စိတ်ရှိသူတွေကို ဖမ်းဆီးထားတယ်။
ဘယ်သူတွေအတွက်လဲ၊ ဂျပန်ပြည် အဌေးဆုံး ငွေကြေးရှင် သူတို့ဘုရင်ကြီးခေါင်းဆောင်တဲ့ မစ်ဆူဝီ၊ မစ်ဆူဘီရှီ၊ ဆူမီတိုမီ အစရှိတဲ့ ဓနရှင်ကုမ္ပဏီသူဌေး ကြီးတွေနဲ့
စစ်တပ်မှ အကြီးအကဲတွေ ကောင်းဖို့ အတွက်ပဲ။ မြန်မာပြည်မှာရှိတဲ့ အမ်ဘီကေ၊ အမ်အက်စ် ကေဆိုတာ သူတို့ပေါ့။
ဂျပန်ပြည်မှာ လူတွေဆူမှာစိုးတော့ စိတ်ပြောင်း သွားအောင် တခြားသွား စစ်တိုက်တယ်။ သူတို့ စီးပွားရေးလက်ဝါးကြီးအုပ်ဖို့ နယ်သစ်တွေ ရှာကြ တယ်။
ဂျပန်ပြည်သူပြည်သားတွေကိုလည်း မစားရ ဝခမန်းတွေဟောပြီး ခေါ်ခဲ့တယ်။ ငါးပိ၊ ငါးခြောက်၊ ဟင်းသီးဟင်းရွက်အထိ လုပ်ခိုင်းတယ်။ စစ်သားတွေ ကို
မျက်စိမှိတ်ပြပြီး လုပ်ချင်ရာလုပ်တာကို ကြည့်နေ တယ်။
အဲဒီတော့ အမှန်က ဂျပန်လူမျိုးတွေက မဆိုး၊ ဂျပန်ဖက်ဆစ်တွေသာ ဆိုးတယ်။ ဒါကြောင့် စစ်ရှုံးမှ သူတို့ဂျပန်မှာ ဖက်ဆစ်တိုက်ဖျက်နေတဲ့ သူတော် ကောင်းတွေ
အာဏာရကြမှာ။ အဲဒီတော့ သူတို့စစ်ရှုံး အောင် အထက်ပါအချက်တွေလုပ်။ ဂျပန်စစ်သား များကိုချော့ပြီး ကိုယ့်လူသူ့ဘက်သားဖြစ်အောင်လုပ်။ ထွက်ပြေးလာတဲ့
ဂျပန်စစ်သားများကို ကောင်းကောင်း ကျွေးမွေး ဝှက်ထားကြ၊ ပြီးတော့ ငါတို့ရှိရာပို့၊ ဂျပန် ပြည်တွင်လည်းကောင်း၊ ငါတို့မဟာမိတ် တရုတ်တပ် များတွင်လည်းကောင်း
ဂျပန်လူမျိုးတော်လှန်ရေး တပ်ဖွဲ့ထားပြီး မဟာမိတ်များနှင့်အတူ ဂျပန်ဖက်ဆစ် စနစ်ကို အနည်းနည်း တိုက်ဖျက်လျက်ရှိသည်။ ယခု အခါ ၎င်းတို့၏
ဝါဒဖြန့်မှုကြောင့်လည်းကောင်း၊ စစ် မတိုက်လိုသောကြောင့်လည်းကောင်း ဂျပန်စစ်သား အများအပြားသည် စစ်မြေပြင်မှ ထွက်ပြေးနေကြပြီ။ ထို့ကြောင့် တစ်ဦးစ၊
နှစ်ဦးစ ဂျပန်များကိုတွေ့က မသတ်ဖြတ်ဘဲ ကိုယ့်လူဖြစ်အောင်လုပ်ကြ။ တွေ့သည့် ဂျပန်အနည်းငယ်မျှကို သတ်ဖြတ်ရုံနှင့် ဂျပန်ဖက်ဆစ် များ စစ်မရှုံးနိုင်။ သူတို့
ရိက္ခာတွေဖြတ်၊ ခဲယမ်းမီး ကျောက်ကုန်၊ လမ်းပန်းအသွားအလာပြတ်မှသာ စစ် မတိုက်နိုင်တော့ဘဲ မြန်မာပြည်က ထွက်ပြေးကြမယ်။
မြန်မာပြည် ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့ချုပ်၏ အောင်လံတော်သည် အနီရောင်ပေါ်တွင် ကြယ်ပွင့်ကို လက်ဝဲအထက်ထောင့်တွင် တပ်ဆင်ထားသည့် အောင်
လံတော်ဖြစ်စေရမည်။ အဘယ့်ကြောင့် အနီကြယ်ကို အသုံးပြုထိုက်ပါသနည်း။
(၁) အနီရောင်သည် ရဲရင့်ခြင်း အထိမ်းအမှတ် ဖြစ်၏။
(၂) လူထုများ၏ အရောင်အဆင်းလည်းဖြစ်၏။
(၃) ကမ္ဘာပေါ်ရှိ အားလုံးသောလူမျိုးအပေါင်း တို့၏ သွေးစည်းရေးလည်း မည်၏။
(၄) ထင်ရှားပေါ်လွင်ပြီးလျှင် အလွယ်တကူ လည်း သိမြင်နိုင်၏။
(၅) ကြယ်ပွင့်အဓိပ္ပာယ်သည် လွတ်လပ်ရေးကို လည်းကောင်း၊ တိုးတက်သောယဉ်ကျေးမှု ကိုလည်းကောင်း လမ်းညွန်ရာ ကြယ် တာရာအဖြစ်ကို
ဆောင်နေသည်။
ငါတို့တစ်မျိုးလုံးသည် အနီရောင်နှင့် ကြယ်ပွင့် အောင်လံတော်ကို လွှင့်ထူ၍ တကယ့်လွတ်လပ်ရေး စခန်းသို့ အတူတကွ ချီတက်ကြကုန်အံ့။
ရဲဘော်တို့ -
လွတ်လပ်လိုသလား၊ ငြိမ်းချမ်းလိုသလား၊ ဝဝလင်လင် စားလိုသလား၊ ခိုးသား ဓားပြဘေး မှ ကင်းလွတ်လိုသလား၊ နယ်ချဲ့ဖက်ဆစ်ဂျပန်
လူရိုင်းတပ်တွေကို မောင်းထုတ်ကြ။
လွတ်လပ်တဲ့ ပြည်သူ့အစိုးရ ထောင်ကြ။
သွေးစည်းရေး၊ လွတ်လပ်ရေး၊ အဝတ် အစား၊ ငြိမ်ဝပ်ရေးနှင့် ငြိမ်းချမ်းရေးတို့ကို အရ ဆောင်ယူကြလော့။
ဖက်ဆစ်ဝါဒကို ဖျက်ဆီးလော့။
ဒီမိုကရေစီ မဟာမိတ်အဖွဲ့နှင့် ပူးပေါင်း လော့။
ဖက်ဆစ်ဝါဒကို ဖျက်ဆီးလော့။
ဒီမိုကရေစီ မဟာမိတ်အဖွဲ့နှင့်
ပူးပေါင်းလော့...။
ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့အဖွဲ့ချုပ်
x x x
အထက်ပါစာတမ်းကို ဗိုလ်ချုပ်အောင်ဆန်းက ကြိုတင်ရေးသား ပြုစုပြီး ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်ဝင်များ၏ သဘောတူညီချက်ဖြင့်
လျှို့ဝှက်ဖြန့်ချိခဲ့ခြင်းဖြစ်သည်။ စာတမ်းသည် ဖက်ဆစ် တော်လှန်ရေးအတွက် တပ်လှန့်နှိုးဆော်သည်သာမက နိုင်ငံ၏ အနာဂတ်အရေးကိုပါ ဖော်ပြထားသည်။
လယ်သမား၊ အလုပ်သမား၊ တိုင်းသူပြည်သားတို့၏ စီးပွားရေး၊ လူမှုရေး၊ တရားစီရင်ရေးကအစ ရှေ့ လုပ်ငန်းစဉ်များကို ရေးဆွဲထားသည်။ ဂျပန်လူမျိုးများ အား
မုန်းတီးရေးသို့မရောက်စေရန် လမ်းညွန်ထားပြီး နယ်ချဲ့ဝါဒနှင့် ဖက်ဆစ်ဝါဒကိုသာ တိုက်ဖျက်ရန် ဖော်ပြထားသည်။ စာတမ်းတစ်ခုလုံးကို အဓိကစင်ပြိုင်
အင်အားစုနှစ်ခုဖြစ်နေသော ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံပါတီတို့က သဘောတူကြသည်။ ထို့နောက် ပုန်ကန်ထကြွရေး ညွန်ကြားချက်အမှတ်(၁) ကို
ထုတ်ပြန်ပြီး (၁) ပုန်ကန်ရန် ပြင်ကြစို့၊ (၂) ပြောက်ကျားစစ်ပရိယာယ်၊ (၃) တရုတ်ပြည်နှင့် ကြယ်နီတပ်၊ (၄) မီးလောင်မြေ ပ-ဒု၊ (၅) ပြောက်ကျား စစ်ဆိုတာ ဘာလဲ၊
(၆) ကျွန်မနှင့် ရဲနီတပ်၊ (၇) ပုန်ကန် ရန် အချိန်ကျပြီနှင့် ပြည်သူ့စစ်အဖွဲ့မှ ထုတ်ဝေသည့် ကြေညာစာတမ်း ၁၊ ၂၊ ၃၊ ၄ တို့ကို လေ့လာရန် လမ်းညွန်ထားသည်။
ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံအဖွဲ့ ပူးပေါင်းခြင်း
ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်သည် ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်စည်းရုံးမှုဖြင့် တပ်မတော်၊ ပြည်သူ့အရေးတော်ပုံအဖွဲ့နှင့် ကွန်မြူနစ် ပါတီတို့ကို
စုစည်းဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ တပ်မတော် သည် ၁၉၄၄ ခုနှစ်၊ ဩဂုတ်လတွင် ဖက်ဆစ်ဂျပန် များအား စတင်တော်လှန်ရန် စီစဉ်ခဲ့ပြီးဖြစ်သော် လည်း
ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ချုပ်၏ဆန္ဒအရ ရက်ရွှေ့ဆိုင်းခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မတော်အတွင်းတွင် ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ဆိုရှယ်လစ်ရေး
အခြေခံသဘောတရားများရရှိလာရန် စည်းရုံးခဲ့သည်။ ကွန်မြူနစ်ပါတီမှ စည်းရုံးရေးမှူး အချို့သည် ဗိုလ်ချုပ်အောင်ဆန်း၏ အမိန့်အရ တပ်မတော်တွင်
ခန့်အပ်ခြင်းခံရသည်။ ထိုသူများသည် လျှို့ဝှက်နိုင်ငံရေးမှူးများအဖြစ် တာဝန်ယူကြရသည်။
ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်ကို ဖွဲ့စည်း၍ ဖက်ဆစ်တော်လှန်ရေးအတွက် စည်းရုံး လှုပ်ရှားလျက်ရှိသော်လည်း တပ်မတော်၊ ပြည်သူ့
အရေးတော်ပုံအဖွဲ့နှင့် ကွန်မြူနစ်ပါတီတို့သည် လုံးဝ ပူးပေါင်းသွားသည်ဟု မဆိုနိုင်သေးပေ။ အဖွဲ့လိုက် သီးခြားစီ လျှို့ဝှက်ဆောင်ရွက်မှုများ ရှိနေဆဲပင်ဖြစ် သည်။
ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် တစ်ပါတီ တည်းဖြစ်လာရေးကို ဦးတည်ကြိုးစားခဲ့ရသည်။ ဗိုလ်မှူးကြီးနေဝင်း၊ ဗိုလ်မှူးရဲထွဋ်၊ ကိုဗဆွေနှင့် ကို ကျော်ငြိမ်းတို့သည်
သခင်စိုးနှင့် တိုက်ရိုက်ဆွေးနွေးရန် ကြိုးစားခဲ့သည်။ ဗိုလ်မှူးကြီးနေဝင်းခေါင်းဆောင်သော တပ်မတော်နှင့် ပြည်သူ့အရေးတော်ပုံအဖွဲ့မှ ခေါင်း ဆောင်များသည်
သခင်စိုးနှင့် ဒေးဒရဲမြို့တွင် လျှို့ဝှက် ဆွေးနွေးခဲ့ကြသည်။ ဆိုရှယ်လစ်ဝါဒသဘောထားများ ကို ယုံကြည်သော ဖက်ဆစ်ဆန့်ကျင်ရေး နိုင်ငံရေး အင်အားစုအားလုံးက
တစ်ပါတီတည်းဖြစ်ရေးကို သဘောတူကြသည်ဟု ဆိုသည်။
ဗိုလ်ချုပ်အောင်ဆန်းကလည်း ကိုစံညွန့်ကို ဗိုလ်မှူးဗထူး၏ အထက်မြန်မာပြည် တိုင်းစစ်ဌာနချုပ် တွင်လည်းကောင်း၊ ကိုချစ်လှိုင်အား ဗိုလ်ရန်အောင်၏
အနောက်မြောက်တိုင်းစစ်ဌာနချုပ်တွင်လည်းကောင်း၊ ဗိုလ်သိန်းတန်နှင့် ဗိုလ်လှမော်(တောခို/သေဆုံး)တို့ အား စစ်ဝန်ကြီးရုံးတွင်လည်းကောင်း၊ ကိုဌေးမြိုင်
(တောခိုလက်နက်ချ)နှင့် ဗိုလ်စိုးမောင် (တောခို/ သေဆုံး)တို့အား မင်္ဂလာဒုံဗိုလ်သင်တန်းကျောင်းတွင် လည်းကောင်း လျှို့ဝှက်နိုင်ငံရေးမှူးများအဖြစ် တာဝန်
ပေးခဲ့သည်။ နိုင်ငံရေးမှူးများအား တပ်မတော်အတွင်း တွင် အခြားရာထူးများဖြင့် ဟန်ပြခန့်ထားပေးပြီး ဆောင်ရွက်ရန်ဖြစ်သည်။ နိုင်ငံရေးမှူးအားလုံးကို
သခင်စိုးက သီးသန့်ခေါ်ယူ၍ သင်တန်းပေးပြီးမှ စေလွှတ်သည်။ ဗိုလ်ချုပ်အောင်ဆန်းကလည်း ခေါ်ယူ တွေ့ဆုံ၍ လိုအပ်သော ညွန်ကြားချက်များကို အသေး စိတ်
မှာကြားသည်။ ၁၉၄၄ ခုနှစ်၊ ဩဂုတ်လကုန်ခန့် တွင် အိန္ဒိယသို့ရောက်ရှိနေသော ကိုသိန်းဖေ၊ သခင် တင်ရွှေ၊ သခင်တင်ရွှေ၏ဇနီး မမြရီနှင့် ကိုညိုထွန်းတို့ အနက်
ကိုညိုထွန်းသည် ရခိုင်တိုင်းအတွင်းသို့ ဝင် ရောက်လာသည်။ ကိုညိုထွန်းထံမှ ပေးပို့သော သတင်း အရ ဗြိတိသျှတို့သည် မြန်မာဖက်ဆစ်ဆန့်ကျင်ရေး
အင်အားစုများကို ကူညီရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ သို့သော် ကိုညိုထွန်းသည် ဂျပန်ကင်ပေတိုင် များ၏ အန္တရာယ်ကြောင့် အိန္ဒိယသို့ ပြန်လှည့်သွား
ရသည်။
ကိုညိုထွန်းကို ပလက်ဝနယ် ကာကွယ်ရေး ခေါင်းဆောင် ကိုကြာလှအောင်က အိန္ဒိယနယ်စပ် အထိ လိုက်ပို့ပေးသည်။ ရခိုင်မှ ဖက်ဆစ်ဆန့်ကျင်ရေး
စိတ်ထားရှိသူများမှာလည်း ဂျပန်၏ စောင့်ကြည့်ခြင်း ကို ခံနေကြရသည်။ ဆရာတော် ဦးစိန္တာသည် ဂျပန် ဖမ်းဆီးနှိပ်စက်ခြင်းကို ခံခဲ့ရသည်။ သို့သော် တော်လှန်
ရေးအင်အားစုများမှာ ဗြိတိသျှတို့၏ထောက်ခံမှုရလာ သောကြောင့် ပိုမို၍ စိတ်ဓာတ်တက်ကြွလာကြသည်။
အိန္ဒိယပြည်မှ ကိုသိန်းဖေနှင့် အမှတ် ၁၃၆ မဟာမိတ်တပ်ဖွဲ့တို့၏ မှာကြားချက်အရ ဖက်ဆစ် တိုက်ဖျက်ရေးပြည်သူ့အဖွဲ့ချုပ်မှ ရဲဘော် ခြောက် ယောက်ကို
ပထမအသုတ်အဖြစ် သင်တန်းတက်ရန် အိန္ဒိယသို့ စေလွှတ်ရသည်။ ထိုအဖွဲ့ကို သခင်ဗိုလ် ကခေါင်းဆောင်ပြီး ဒုတိယခေါင်းဆောင်အဖြစ် မန်း ဝင်းမောင်
(သမ္မတဟောင်း)၊ ကိုကျော်ရင်(ပါမောက္ခ ဟောင်း)၊ စစ်ဝန်ကြီးရုံးမှ ကိုစိုးမောင် (တောခို/ သေဆုံး)၊ ကိုအုံးမောင်၊ မောင်သန်းတို့ ပါဝင်ကြသည်။ သခင်ဗိုလ်တို့လူစုသည်
၁၉၄၄ ခုနှစ်၊ စက်တင်ဘာလ တွင် အိန္ဒိယသို့ ထွက်ခွာသွားကြရသည်။
၁၉၄၄ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်တွင် ပြည်သူ့အရေးတော်ပုံအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ သခင်ချစ် (တောခို/သေဆုံး)က သခင်သန်းထွန်းမှ တစ်ဆင့်
သခင်စိုးနှင့် လက်ဝဲညီညွတ်ရေးအတွက် ဆွေးနွေးလိုကြောင်း ကမ်းလှမ်းလာသည်။ စက်တင်ဘာ လကုန်ခါနီးတွင် ကိုဘဆွေလေး(စာရေးဆရာ ရန်ကုန် ဘဆွေ)၏
စီစဉ်ပေးမှုဖြင့် သခင်ချစ်၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီး၊ ဗိုလ်ခင်မောင်ကလေးနှင့် သခင်စိုး တို့သည် ဖျာပုံနယ်ထဲတွင် လျှို့ဝှက်ဆွေးနွေးခဲ့သည်။ ထို့နောက်
ပြည်သူ့အရေးတော်ပုံအဖွဲ့နှင့် ကွန်မြူနစ် ပါတီသည် ကွန်မြူနစ်ပါတီအမည်ဖြင့် တစ်ပါတီတည်း ဖွဲ့စည်းရန် သဘောတူလိုက်ကြသည်။ ကွန်မြူနစ်ပါတီ
ဗဟိုကော်မတီတွင် တပ်မတော်ခေါင်းဆောင်များဖြစ် သော ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်မှူးကြီးနေဝင်း၊ ပြည်သူ့အရေးတော်ပုံအဖွဲ့ခေါင်းဆောင် ဦးကျော်ငြိမ်း တို့ကို
ထည့်သွင်း၍ တိုးချဲ့ဖွဲ့စည်းလိုက်သည်။ ထို့နောက် အဖွဲ့အစည်းနှစ်ရပ်သည် အောက်ခြေအဆင့် မှစ၍ အဆင့်တိုင်းတွင် တစ်ပါတီတည်းဖြစ်လာစေရေး အတွက်
ညွန်ကြားချက်များကို ထုတ်ပြန်ကြသည်။
နှစ်ပါတီကို ပူးပေါင်းပြီးဖြစ်သော ကွန်မြူနစ်ပါတီ က တော်လှန်ရေးတပ်ဦးအမည်ရှိ စာတမ်းကို ထုတ်ပြန် ကြေညာ၍ နှစ်ပါတီစလုံးနှင့် တပ်မတော်အတွင်းတွင် ပါ
ဖြန့်ဝေပေးသည်။ တော်လှန်ရေးတပ်ဦးစာတမ်းတွင် ပြည်သူ့အရေးတော်ပုံပါတီနှင့် ကွန်မြူနစ်ပါတီတို့ကို တလုံးတစည်းတည်းအဖြစ် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း
အောက်ပါအတိုင်း အစချီ ရေးသားထားသည်-
'ယခင်က ပြည်သူ့အရေးတော်ပုံအဖွဲ့အမည် တွင်ပါသော ပါတီအဖွဲ့နှင့် ကွန်မြူနစ်ပါတီ (ဗမာပြည်) နှစ်ဖွဲ့စလုံးတို့တွင် ပါဝင်သော အရေး အရာရောက်သော
ခေါင်းဆောင်တို့သည် ဆွေးနွေးတိုင်ပင်ကာ အဖွဲ့နှစ်ရပ်၏ တလုံး တစည်းတည်းဖြစ်မှုကို သဘောတူညီလျက် ပြီးမြောက်အောင် လုပ်ဆောင်လိုက်ပြီ။
(၁) ကွန်မြူနစ်ဝါဒသည် လူမျိုးရေးဝါဒဂ လွတ်လပ်ရေးကို မဆန့်ကျင်သည့်အပြင် လုံးဝ လည်း ထောက်ခံအားပေးသောကြောင့် လည်းကောင်း။
(၂) ပြည်သူ့အရေးတော်ပုံအဖွဲ့ကလည်း တကယ့် လုံးဝလွတ်မြောက်ရေးသည် လွတ်လပ် ရေး၊ ဒီမိုကရေစီရေး၊ ဆိုရှယ်လစ်ဝါဒရေး စသည့် လမ်းအတိုင်း
လိုက်မှသာလျှင် တကယ်တမ်း ဖြစ်နိုင်မည်ဟု လုံးဝယုံကြည်သောကြောင့် လည်းကောင်း စသည်တို့ကြောင့် အထက်ပါ အဖွဲ့အစည်းနှစ်ရပ်စလုံးသည် ကွန်မြူနစ်ပါတီ
ဗမာပြည်နှင့် တစ်ဖွဲ့တည်းဖွဲ့ကာ ဝါဒတစ်ခု တည်း၊ လုပ်ငန်းစဉ်တစ်ခုတည်းနှင့် လမ်းဆုံး တိုင်အောင် ထိရောက်စွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း'
တော်လှန်ရေးတပ်ဦး၏ သဘောတူညီချက် စာတမ်းတွင် ၁၉၄၄ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်၊ ရက်စွဲရေးထိုးထားသည်။ နိုင်ငံရေးသဘောထားကို လည်း
အောက်ပါအတိုင်း ဖော်ပြထားသည် -
'ဂျပန်က လွတ်လပ်ရေးပေးမည်ဟု ကတိ ဝန်ခံချက်ပေးရုံဖြင့် ငါတို့ သူတို့နှင့် မဟာမိတ် ဖွဲ့ခဲ့ခြင်းမှာ မှားသကဲ့သို့ ဗြိတိသျှတို့က
လွတ်လပ်ရေးပေးမည်ဟု ကတိမပေးတိုင်းလည်း မဟာမိတ်မဟုတ်ဟု မယူဆအပ်ပေ။'
'အရေးကြီးသောအချက်ကား မြန်မာပြည်မှ ဖက်ဆစ်ဂျပန်များကို မြန်မာပြည်မှ တိုက်ထုတ်ပြီး ပါက မဟာမိတ်တပ်များ မြန်မာပြည်ပြန်ဝင်လာ လျှင်
မည်ကဲ့သို့ ကျင့်သုံးမည်နည်း ဟူသော အချက် ဖြစ်သည်။'
'ငါတို့က ဂျပန်ကို ထိရောက်စွာ မကိုင်နိုင်ဘဲ မဟာမိတ်တို့ပယောဂကြောင့် ဂျပန်များထွက်ပြေး ရလျှင် ငါတို့သည် လွတ်လပ်ရေးစကားကို ဆိုနိုင်
မည်မဟုတ်၊ ဂျပန်ကို ငါတို့က အလုံးအရင်းနှင့် တိုက်ထုတ်နိုင်ပါက ငါတို့သည် တစ်မျိုးသားလုံး ကို စည်းရုံးမိပြီ၊ လွတ်လပ်ရေးနှင့် ထိုက်တန်ပြီ ဟု
အသိအမှတ်ပြုခံရမည်၊ မဟာမိတ်တို့ထံ လွတ်လပ်ရေးအတွက် အရေးဆိုရမည်။'
'အရေးဆိုရာတွင်
(၁) လွတ်လပ်ရေး ယာယီအစိုးရအဖွဲ့ကို အသိ အမှတ်ပြုရမည်။
(၂) ကိုယ်ပိုင်လွတ်လပ်သော မြန်မာစစ်တပ်ကို သီးခြား ထူထောင်ခွင့် ပေးရမည်။
(၃) လွတ်လပ်ရေးကို စစ်ပြီးလျှင် ပြီးချင်း ပေး ရမည်။'
'အထက်ပါ နောက်ဆုံး လိုလားချက်ကို မပေးဘဲနှင့် နှောင့်ယှက်ဖျက်ဆီးသည့် နိုင်ငံခြားသားအင်အားစုကိုမဆို ငါတို့သည် ဆက်လက်
တိုက်ခိုက်သွားမည်။'
ထို့နောက် တော်လှန်ရေးတပ်ဦးစာတမ်းတွင် ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွက် နှစ်လအတွင်း ပြင်ဆင်ရန် ညွန်ကြားထားသည်။ တပ်မတော်သည်
ဗိုလ်ချုပ်အောင်ဆန်း၏ ညွန်ကြားချက်အရ ဝင်ဆာ လမ်းရှိ လေ့ကျင့်ရေးတပ်နှင့် ကျိုက္ကလို့ရှိ စစ်သား စုဆောင်းရေးတပ်တို့တွင် ရန်ကုန်၊ အင်းစိန်၊ သန်လျင်၊ ဖျာပုံ၊
ကျိုက်လတ်တို့မှ ဖဆပလအဖွဲ့ဝင် အရပ်သား များကို လျှို့ဝှက် စစ်သင်တန်းများ ပေးခဲ့သည်။
ပြည်သူ့အရေးတော်ပုံအဖွဲ့နှင့် ကွန်မြူနစ်ပါတီ ခေါင်းဆောင်များသည် ဗဟိုကော်မတီတစ်ခုတည်း ဖွဲ့စည်းပြီး နှစ်ပါတီမှ တစ်ပါတီသို့ ပူးပေါင်းလိုက်ပြီ ဆိုသော်လည်း
နယ်များ၊ အောက်ခြေအဆင့်များတွင် မူ ပူးပေါင်းရန် အခက်အခဲရှိနေသည်။ အချို့မှာ ပုဂ္ဂလိကအငြိုးများ၊ ကျောင်းတော်က ရန်စများရှိနေ ၍လည်းကောင်း၊
ဂိုဏ်းဂဏအစွဲကြောင့်လည်းကောင်း ပူးပေါင်း၍ မရကြပေ။ နယ်များတွင် နှစ်ပါတီသည် သီးခြားအဖွဲ့များအနေနှင့်သာ ရှိနေကြသည်။ နှစ်ပါတီ စလုံးပင်
မြေအောက်လျှို့ဝှက်အဖွဲ့များဖြစ်သဖြင့် ပူးပေါင်းရန် ကျယ်ပြန့်စွာ မကြိုးစားနိုင်ခဲ့ကြပေ။ ထို့ကြောင့် ဗဟိုကော်မတီသည် တစ်ခုတည်းဖြစ်သော် လည်း အောက်ခြေသို့
ညွန်ကြားရာတွင် သူ့လူကိုယ့်လူ သီးခြားစွာ ညွန်ကြားနေရလေသည်။
၁၉၄၄ ခုနှစ်၊ အောက်တိုဘာလ တတိယပတ် တွင် မစောမြသည် ဖျာပုံဘက်ရှိ သခင်စိုးထံမှ သခင် သန်းထွန်းထံသို့ ပြန်ရောက်လာသည်။ သခင်စိုးက
ဗိုလ်ချုပ်အောင်ဆန်းထံသို့ စာတစ်စောင် ရေးလိုက် ရာတွင် အမျိုးသမီးစည်းရုံးရေးတိုးချဲ့ရန်နှင့် မစောမြ သည် ဗဟိုကော်မတီဝင်တစ်ဦးဖြစ်ကြောင်း ထည့်သွင်း
ဖော်ပြထားသည်။ မစောမြအား ဗဟိုကော်မတီခန့် အပ်ခြင်းမှာ သခင်စိုး တစ်ဦးတစ်ယောက်တည်းကသာ ခန့်အပ်လိုက်ခြင်းဖြစ်ပြီး အခြားဗဟိုကော်မတီဝင်များ
ဖြစ်ကြသော ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မှူးကြီးနေဝင်း၊ သခင်သန်းထွန်း စသော ခေါင်းဆောင်များ မသိခဲ့ကြ ပေ။ ခေါင်းဆောင်များသည် သခင်စိုး၏လုပ်ရပ်ကို
မကျေနပ်ကြသော်လည်း တော်လှန်ရေးက အရေးကြီး နေသဖြင့် သည်းခံခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်း သည် မစောမြအား ဗိုလ်လကျာ်ထံ စေလွှတ်၍
အမျိုးသမီးတပ်ဖွဲ့စည်းရန် စီစဉ်စေခဲ့သည်။
နှစ်ပါတီသည် တစ်ပါတီတည်းအဖြစ် ပူးပေါင်း ဆောင်ရွက်နေသည်ဆိုသော်လည်း စင်စစ်တွင် အမည် ခံသာဖြစ်သည်။ အထူးသဖြင့် အထက်မြန်မာပြည်တွင်
နှစ်ပါတီပူးပေါင်းရေးမှာ ပိုမို၍ ခက်ခဲလာရသည်။ တပ်မတော်အတွင်းတွင်လည်း ကွန်မြူနစ်ပါတီနှင့် အဆက်အသွယ်ရှိသော တပ်မှူးများ၊ ပြည်သူ့အရေး
တော်ပုံအဖွဲ့နှင့် အဆက်အသွယ်ရှိသော တပ်မှူးများ၊ မည်သည့်ပါတီမှမဝင်သော တပ်မှူးများမှာ မညီမညွတ် ဖြစ်နေကြသည်။ အထူးသဖြင့် ကွန်မြူနစ်များမှာ ဂိုဏ်း
ဂဏစွဲပြင်းထန်သူများဖြစ်သဖြင့် စည်းရုံးရေးပျက်ပြား လာရသည်။ အထက်မြန်မာပြည် တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးဗထူးက ပါတီအကွဲအပြဲများကို တင်ပြ၍
စည်းရုံးရေးမှူး ကိုစံညွန့်တွင် တာဝန်ရှိသဖြင့် လူလဲ ပေးပါရန် အကြောင်းကြားခြင်းမျိုး ပေါ်ပေါက်လာ သည်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မှူးကြီးနေဝင်းနှင့်
သခင်သန်းထွန်းတို့သည် ကွန်မြူနစ်ခေါင်းဆောင်များ နှင့် ဆွေးနွေး၍ မကြာခဏ ဖြေရှင်းကြရသည်။
တော်လှန်ရေးပြင်ဆင်မှုအခြေအနေမှာမူ များစွာ တိုးတက်လာသည်။ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့ အဖွဲ့ချုပ်အား တိုက်ရိုက်ကူညီရန် ဗြိတိသျှတို့က အမှတ် ၁၃၆
တပ်ဖွဲ့ကို တာဝန်ပေးထားသည်။ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်သည် အိန္ဒိယ မှ ကိုသိန်းဖေတို့နှင့်လည်းကောင်း၊ အမှတ် ၁၃၆ တပ်ဖွဲ့ နှင့်လည်းကောင်း
ဝိုင်ယာလက်စက်များဖြင့် အဆက် အသွယ်ရလျက် ရှိသည်။ မြန်မာလူငယ်များ အိန္ဒိယ ပြည်သို့ တစ်သုတ်ပြီးတစ်သုတ် သွားရောက်ပြီး စစ် သင်တန်းတက်ကြရသည်။
ထို့နောက် မြန်မာပြည်တွင်း သို့ လေထီးဖြင့်ခုန်ဆင်းပြီး ပြန်လာကြသည်။ ဖက်ဆစ် တော်လှန်ရေးကြီးမှာ အမျိုးသားရေးဖြစ်သည့် အလျောက် ပြည်သူတစ်ရပ်လုံး
ပါဝင်လှုပ်ရှားလာကြ သည်။ ထိုအချိန်တွင် ကွန်မြူနစ်ပါတီနှင့် ပြည်သူ့ အရေးတော်ပုံအဖွဲ့သည် အမည်ခံမျှသာ ပူးပေါင်းခဲ့ ကြပြီး ဖက်ဆစ်ဆန့်ကျင်ရေးကို
ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်အနေနှင့်သာ ဆောင်ရွက်ခဲ့ကြ လေသည်။
သခင်စိုး၏ မိန်းမကိစ္စများ
သခင်စိုးသည် နိုင်ငံရေးမလုပ်ခင်ကပင် မိန်းမ နှစ်ယောက်(ညီအစ်မနှစ်ယောက်)အား တစ်ပြိုင်တည်း ပေါင်းသင်းနေခဲ့သူ ဖြစ်သည်။ အဆိုပါ မိန်းမ နှစ်ယောက်ကို
ငွေငါးရာပေး၍ ကွာပြီးမှ နိုင်ငံရေး လောကထဲဝင်လာသူဖြစ်သည်။ နိုင်ငံရေးလောကတွင် ထင်ရှားလာသောအခါတွင်ကား သခင်စိုးသည် မခင်စီနှင့်
အိမ်ထောင်ပြုပြီးဖြစ်သည်။ သခင်စိုးသည် ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွက် မြေအောက် လုပ်ငန်းကို ဆောင်ရွက်ရာတွင် ရန်ကုန်မြို့နှင့် မနီး မဝေးရှိ ဒေးဒရဲ၊ ဖျာပုံ၊
ကျိုက်လတ် စသောနယ်များ တွင် တစ်နေရာစီရွှေ့၍ ခိုအောင်းလှုပ်ရှားခဲ့ရသည်။ သခင်စိုးသည် မခင်စီနှင့် တောက်လျှောက်အတူနေ သည့်အခါတွင်နေပြီး
ခွဲနေသည့်အခါများလည်း ရှိခဲ့ သည်။ မခင်စီသည် သခင်စိုးနှင့် အခြားပါတီဝင်များ ဆက်သွယ်ရေးကို တာဝန်ယူခဲ့ရသည်။
သခင်စိုးက ဂွကလေးရွာတွင် ပုန်းအောင်းနေစဉ် မခင်စီက ကျိုက်ထော်ရွာတွင် နေထိုင်လျက် ရှိသည်။ သခင်စိုးသည် ဂွကလေးရွာမှ ကိုမောင်တင်နှင့် မငွေစံ
တို့၏အိမ်တွင် နေထိုင်ခြင်းဖြစ်သည်။ မငွေစံသည် နောင်သောအခါ သခင်စိုး၏ဇနီးဖြစ်လာပြီး အလံနီ ပါတီ၏ခေါင်းဆောင်ပိုင်းတွင် ပါဝင်ခဲ့သည်။ မခင်စီ နှင့်
သခင်စိုးသည် ဂွကလေးရွာ၌ မကြာခဏ စကား များရန်ဖြစ်ခဲ့ကြသည်။ ရန်ဖြစ်ရသည့်အကြောင်းရင်း ကိုကား မသိကြရပေ။ ထို့နောက် ၁၉၄၄ ခုနှစ်အတွင်း မှာပင်
သခင်စိုးသည် မခင်စီကို အဆက်အသွယ်ဖြတ် တောက်လိုက်သည်။ သခင်စိုးရှိသည့်နေရာကို မခင်စီ အား အသိမပေးတော့ပေ။
၁၉၄၄ ခုနှစ် အကုန်ပိုင်းခန့်တွင် သခင်စိုးသည် ဒေးဒရဲ၌ ပုန်းအောင်းနေရာမှ မနှင်းမေနှင့် တိတ်တိတ် ပုန်း ပေါင်းသင်းတော့သည်။ မနှင်းမေမှာ သခင်စိုးက
လက်နှိပ်စက်ရိုက်ရန် ခေါ်ယူတာဝန်ပေးထားသူဖြစ် သည်။ သခင်စိုးတစ်ယောက် ပထမအိမ်ထောင်နှင့် ပြတ်ပြတ်စဲစဲ ကွာရှင်းခြင်းမပြုရသေးမီ နောက်အိမ်
ထောင်သစ်ထူကြောင်း သတင်းမှာ မကြာခင်ပင် ပြန့်၍သွားသည်။ ပါတီခေါင်းဆောင်ပိုင်းသည် သခင် စိုးအား ပါတီ၏ အိမ်ထောင်ရေးစည်းကမ်းဖောက်ဖျက် သူဟု
မြင်လာကြသည်။ သခင်စိုးကလည်း အပြစ်ကို ဝန်ခံသည်။ ဇနီးကြီးဖြစ်သူ မခင်စီနှင့် စိတ်သဘော ထားချင်းမတိုက်ဆိုင်သဖြင့် အကြီးအကျယ်ရန်ဖြစ်ကြ ကြောင်း၊
မခင်စီနှင့် လင်ခန်းမယားခန်းပြတ်စဲပြီး အဆက်အသွယ်မရှိတော့ကြောင်း၊ ဤကိစ္စကို ပါတီသို့ မတင်ပြခဲ့သည်မှာ မှားယွင်းကြောင်း သခင်စိုးက ရှင်းပြ ခဲ့သည်။
ပထမဇနီးနှင့် ပြတ်စဲသည့်ကိစ္စ၊ မနှင်းမေနှင့် နီးစပ်ရာမှ အိမ်ထောင်သစ်ထူသည့်ကိစ္စများကို ပါတီ သို့ အသိမပေးဘဲထားခြင်းသည် အပြစ်ရှိကြောင်း
သခင်စိုးကိုယ်တိုင် ဝန်ခံခဲ့သည်။
ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်များသည် သခင်စိုး၏ကိစ္စနှင့်ပတ်သက်၍ ထိပ်ဆုံးခေါင်းဆောင် တစ်ယောက်အနေနှင့် မဖြစ်သင့် မဖြစ်ထိုက်ဟု ယူဆ ကြသည်။
ယင်းကိစ္စသည် သခင်စိုး၏ ခေါင်းဆောင်မှု ကို များစွာကျဆင်းစေပြီး ဖက်ဆစ်တော်လှန်ရေးကိုပါ ထိခိုက်နိုင်သည်ဟုလည်း သုံးသပ်ကြသည်။ သခင်စိုး က
ပါတီကပေးသည့်အပြစ်ကို ခံယူပါမည်ဟု ပြော ကြားသဖြင့် သခင်သန်းထွန်းနှင့် ဗဟိုကော်မတီဝင် များက သခင်စိုးအား ပြင်းထန်စွာ သတိပေးရှုတ်ချ သောပြစ်ဒဏ်ကို
ချမှတ်ကြသည်။ သခင်စိုးသည် တော်လှန်ရေးအတွက် မရှိမဖြစ် လိုအပ်သော ခေါင်းဆောင်ဖြစ်သဖြင့် သက်ညှာစွာ ဆုံးဖြတ်ခြင်း ဖြစ်သည်ဟု ဆိုကြသည်။
သခင်စိုးသည် မိန်းမကိစ္စ ကြောင့် ခေါင်းဆောင်မှု ကျဆင်းသွားရပြီး သခင် သန်းထွန်း၏ခေါင်းဆောင်မှုမှာ ကွန်မြူနစ်ပါတီအတွင်း တွင် တိုးတက်လာရတော့သည်။
ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံအဖွဲ့ ပြန်လည်ကွဲကွာသွားခြင်း
၁၉၄၄ ခုနှစ်၊ ဩဂုတ်လတွင် ဗိုလ်ချုပ်အောင်ဆန်း ၏ဦးဆောင်မှုဖြင့် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့ အဖွဲ့ချုပ်ကြီး ပေါ်ပေါက်လာပြီး ၁၉၄၄ ခုနှစ်၊
အောက်တိုဘာလတွင် ကွန်မြူနစ်ပါတီနှင့် ပြည်သူ့ အရေးတော်ပုံပါတီသည် တစ်ပါတီတည်းအဖြစ် ပူးပေါင်းခဲ့ကြသည်။ သို့သော် တစ်ပါတီတည်းဖွဲ့စည်း ခါစ၌သာ
ပါတီခေါင်းဆောင်များသည် စိတ်အား ထက်သန်စွာ ဆောင်ရွက်ကြသော်လည်း မကြာမီပင် ဂိုဏ်းဂဏကွဲပြား၍ လာပြန်သည်။ အောက်တိုဘာလ တွင်
အခက်အခဲများကို လိုက်လျောစွာ ညှိနှိုင်းခြင်း ဖြင့် ဆောင်ရွက်နိုင်ခဲ့ကြသော်လည်း နိုဝင်ဘာလ ရောက်သောအခါ တစ်ဖက်နှင့်တစ်ဖက် ဂိုဏ်းဂဏစွဲ များကြောင့်
ဆက်ဆံရေး မပြေမလည်ဖြစ်လာသည်။ ခေါင်းဆောင်ပိုင်းတွင် နိုင်ငံရေးသဘောတူညီချက်ရ နေသော်လည်း အောက်ခြေအဆင့်တွင်မူ နှစ်ပါတီ သည်
တစ်ပါတီတည်း ဖြစ်မလာဘဲ သီးခြားစီသာ လှုပ်ရှားနေကြသည်။
ကြာသောအခါ ဗဟိုခေါင်းဆောင်များသည် အောက်ခြေခေါင်းဆောင်များ၏ မညီညွတ်မှု၊ ဂိုဏ်း ဂဏစွဲပြင်းထန်မှုများကို မတိုက်ဖျက်နိုင်ရုံသာမက
ဗဟိုခေါင်းဆောင်များကိုယ်တိုင်က ဂိုဏ်းဂဏစွဲ ပြင်းထန်မှုနောက်ကို လိုက်ပါကုန်ကြသည်။ ဒီဇင်ဘာ လကုန်ခန့်တွင် မြေအောက်၌ရှိနေသော သခင်စိုးထံ မှ
စာတစ်စောင်ပေးပို့လိုက်ရာ စာမှာ တော်လှန်ရေး တပ်ဦးသဘောတူညီချက်ဖြင့် တစ်ပါတီတည်းအဖြစ် ပူးပေါင်းဖွဲ့စည်းခဲ့သော လက်ဝဲညီညွတ်ရေးကို သခင်
စိုးတစ်ဦးတည်း၏သဘောဖြင့် ဖျက်သိမ်းလိုက်ခြင်းပင် ဖြစ်သည်။
ပြည်သူ့အရေးတော်ပုံပါတီနှင့် တစ်ပါတီတည်း အဖြစ် ပူးပေါင်းဖွဲ့စည်းခဲ့ခြင်းကို ပယ်ဖျက်လိုက်ရခြင်း ၏ အကြောင်းရင်းများအဖြစ် သခင်စိုး၏စာတွင်
အောက်ပါအတိုင်း ဖော်ပြထားသည် -
'ပြည်သူ့အရေးတော်ပုံပါတီ ခေါင်းဆောင် များသည် သူတို့၏ပါတီကို ဖျက်သိမ်းပြီး ကွန်မြူနစ်ပါတီတွင် တစ်ပါတီတည်းအဖြစ် ပါဝင် ဆောင်ရွက်ကြမည်။
သီးခြား စည်းရုံးမှုများ မပြုလုပ်ပါဟု ကတိပြုခဲ့ကြသော်လည်း ပြည်သူ့ အရေးတော်ပုံပါတီအနေဖြင့် အမည်မခံတော့ စေကာမူ သီးခြားစည်းရုံးရေးများကို ဆက်လုပ်
နေကြသည်။ အထက်မြန်မာပြည်နှင့် မြစ်ဝ ကျွန်းပေါ် ဘိုကလေး၊ ကျိုက်လတ်ဘက်တွင် သီးခြားစည်းရုံးနေခဲ့ကြသည်။ ဤသို့ သီးခြား စည်းရုံးနေကြခြင်းသည်
တစ်ပါတီတည်းတွင် ဂိုဏ်းအစုဖွဲ့နေခြင်း ဖြစ်သည်။ ထို့ကြောင့် စည်းရုံးရေးအခြေခံမူများအရ သည်းခံနေ၍ မဖြစ်။ ဂိုဏ်းအစုဖွဲ့နေသူများနှင့် တစ်ပါတီ တည်း
ညီညွတ်နေပါက ပါတီ၏ညီညွတ်မှု ပျက်စီးလာမည်ဖြစ်သည်။ ထို့ကြောင့် ပါတီ၏ ညီညွတ်ရေးကို ထိန်းသိမ်းရန်အတွက် ဂိုဏ်းဖွဲ့ နေသော
ပြည်သူ့အရေးတော်ပုံပါတီဝင်များနှင့် လမ်းခွဲလိုက်ခြင်း ဖြစ်သည်။'
သခင်စိုးသည် တော်လှန်ရေးတပ်ဦး သဘော တူညီချက်ဖြင့် တစ်ပါတီတည်းအဖြစ် ဖွဲ့စည်းထား သော လက်ဝဲညီညွတ်ရေးကို မိမိတစ်ဦးတည်း၏ သဘောဖြင့်
ဖျက်သိမ်းကြောင်းကို ကွန်မြူနစ်ပါတီဝင် များထံသို့ ပထမဦးစွာ အကြောင်းကြားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မှူးကြီးနေဝင်းနှင့် ကိုဗဆွေ တို့ မသိရှိစေရန်ကိုမူ
လျှို့ဝှက်ထားခဲ့သည်။ ၁ဝ ရက် ခန့်ကြာမှ ဗိုလ်ချုပ်အောင်ဆန်းကို အကြောင်းကြား သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် မိမိကြိုးစားခဲ့သည့် လက်ဝဲညီညွတ်ရေး
ပျက်စီးသွားသဖြင့် များစွာ ဒေါသ ထွက်ခဲ့သော်လည်း ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့ အဖွဲ့ချုပ်ကြီးကိုမူ ညီညွတ်မှုမပျက်ပြားစေရန် ခက်ခဲ စွာ ကြိုးစားခဲ့ရသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ဖက်ဆစ်တော်လှန်ရေးအောင်မြင်စေရန် တပ်မတော် ကို အဓိကအင်အားအဖြစ်ထား၍ လျှို့ဝှက် ပြင်ဆင် ခဲ့ရသည်။