ပြည်တွင်းသောင်းကျန်းမှုသမိုင်း (အပိုင်း ၁၁)




ကြိုတင်တော်လှန်ရေးများ

ရခိုင်ပြောက်ကျားတို့၏ ဖက်ဆစ်တော်လှန်ရေး

အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသော ကိုသိန်းဖေ၊ သခင်တင်ရွှေတို့လူစုနှင့် မြန်မာပြည်တွင်းရှိ ခေါင်း ဆောင်များ၏ ဆက်သွယ်ရေးကို အဓိက တာဝန်ယူ ရသူများမှာ

ရခိုင်မျိုးချစ်ပုဂ္ဂိုလ်များဖြစ်သည်။ ဦးပညာ သီဟ၊ ဦးစိန္တာ၊ ဗုံပေါက်သာကျော်၊ ဦးကြာလှအောင် စသော ရခိုင်မျိုးချစ်များသည် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊

သခင်သန်းထွန်း၊ ဗိုလ်ရန်အောင်၊ ဗိုလ် ဖိုးကွန်း၊ သခင်ကိုယ်တော်မှိုင်း စသော ခေါင်းဆောင် များနှင့် မကြာခဏတွေ့ဆုံ၍ နယ်ချဲ့ဆန့်ကျင်ရေး၊

ဖက်ဆစ်တိုက်ဖျက်ရေး မြေအောက်လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။ အိန္ဒိယနိုင်ငံရှိ ကိုသိန်းဖေထံ သို့လည်း ရခိုင်လူငယ်များကို မကြာခဏစေလွှတ်၍

သင်တန်းများတက်ရောက်စေခဲ့သည်။

ဂျပန်များသည် ဘီအိုင်အေကို ဖျက်သိမ်းပြီး ဘီဒီအေဖြင့် အစားထိုးခဲ့သော်လည်း ရခိုင်တိုင်းတွင်မူ ဘီဒီအေကို ဖွဲ့ခွင့်မပေးခဲ့ပေ။ ထို့ကြောင့် ရခိုင်

ခေါင်းဆောင်များသည် တရားဝင် လက်နက်ကိုင်အဖွဲ့ အစည်းတစ်ရပ် ထူထောင်ရန် ကြိုးစားခဲ့ကြရသည်။ အင်္ဂလိပ် အဆုတ်တွင်ကျန်ခဲ့သည့် လက်နက်ခဲယမ်း

များကိုလည်း သိုဝှက်ထားဆဲပင် ဖြစ်သည်။ ၁၉၄၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်တွင် မြို့ဟောင်း၌ ရခိုင်တိုင်းရင်းသားအစည်းအရုံး ခေါင်းဆောင်များ ဆွေးနွေးကြရာ

ဆွေးနွေးပွဲသို့ ခရိုင်ဝန် ဦးအောင်ထွန်းဦးနှင့် ဦးပညာသီဟတို့ တက်ရောက်ကြသည်။

ယင်းဆွေးနွေးပွဲတွင် ရခိုင်ကာကွယ်ရေးတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းရန် သဘောတူခဲ့ကြသည်။ သို့သော် ဂျပန်စစ်ရုံးက ကာကွယ်ရေးတပ်ဖွဲ့စည်းရန်

ခွင့်မပြုပေ။ ထို့ကြောင့် နောက် လေးရက်တွင် အပျော်တမ်းတပ်အသွင် ပြောင်းလိုက်ရသည်။ ထိုအချိန် တွင် ဂျပန်စစ်ဗိုလ် တာနာကာက ရှေ့တန်းစစ်မြေပြင်

အတွက် ရခိုင်လူငယ်များကို စုစည်းလေ့ကျင့်ပေးလျက် ရှိသည်။ ဂျပန်စစ်ဗိုလ် နာဂါမီ၊ မီကီနှင့် ကိုဂါတို့ကလည်း ပလက်ဝတွင် အထူးအစီအစဉ်ဖြင့်

ကာကွယ်ရေးတပ်ဖွဲ့ တစ်ခုကိုဖွဲ့စည်းရာ တပ်ဗိုလ်မှာ ပလက်ဝ ရှိ ကိုစောဦး ဖြစ်သည်။ ယင်းတပ်ဖွဲ့များမှာ ဂျပန်ကသင်တန်းပေးပြီး ထောက်လှမ်းရေးလုပ်ငန်းအဖြစ်

သုံးစွဲရန်ဖြစ်သည်။ နောင်တွင် အပျော်တမ်းကာကွယ် စောင့်ရှောက်ရေး အဖွဲ့အဖြစ် ဂျပန်က အသိအမှတ်ပြုလာခဲ့သည်။

ဗြိတိသျှတပ်များသည် ၁၉၄၂ ခုနှစ်၊ ဒီဇင်ဘာလ လယ်ခန့်ကတည်းက နတ်မြစ်ကို ဖြတ်ကျော်၍ ပထမ ထိုးစစ်ကို ဆင်နွှဲသော်လည်း အောင်မြင်မှုမရခဲ့ကြ ပေ။

ထို့ကြောင့် ဂျပန်တပ်များအား လေကြောင်းမှသာ ရံဖန်ရံခါ ဗုံးကြဲတိုက်ခိုက်နေကြရသည်။ ၁၉၄၃ ခုနှစ်၊ မေလ ၃ ရက်တွင် စစ်တွေထောင်ကို အင်္ဂလိပ်

လေယာဉ်ငါးစင်းက ဗုံးကြဲတိုက်ခိုက်ရာ ထောင်ပိုင်နှင့် ခရိုင်ဝန်တို့ သေဆုံးခဲ့ကြရသည်။ ခရိုင်ဝန်အသစ်မှာ ဦးကျော်ထွန်းဦးဖြစ်ပြီး နောင်တွင် ဦးထွန်းဦးက

တာဝန်ယူသည်။ ထို့နောက် ဦးသာဇံလှက တာဝန်ယူ သည်။ ဦးသာဇံလှ သေဆုံးသောအခါ ဗိုလ်ချုပ် အောင်ဆန်းနှင့် ဒေါက်တာဘမော်တို့ အသုဘအခမ်း အနားသို့

တက်ရောက်ခဲ့ကြသည်။

၁၉၄၃ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်မှစ၍ ရခိုင် စစ်မျက်နှာတွင် အင်္ဂလိပ်တပ်များနှင့် ဂျပန်တပ်များ တိုက်ပွဲစတင်ဖြစ်ပွားနေပြီ ဖြစ်သည်။ ၁၉၄၃ ခုနှစ်၊ ဧပြီလထဲတွင်

ဗြိတိသျှဗိုလ်မှူးကြီးကဗန်းဒစ်၏ တပ်ရင်း (၆)သည် မယူတောင်ကိုကျော်၍ ချီတက်လာရာ ဂျပန် နှင့် ရခိုင်ကာကွယ်ရေးများက ခုခံတိုက်ခိုက်သဖြင့် မောင်တောသို့

ဆုတ်သွားရသည်။ အင်္ဂလိပ်တပ်များ သည် ဇန်နဝါရီလ ၁၇ ရက်တွင် ပလက်ဝဘက်သို့ လှည့်၍ ကျောက်တော်မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့ သည်။

ဗြိတိသျှစစ်ဌာနချုပ်မှာ အပေါက်ဝတွင် ဖွင့်လှစ် ထားသည်။

မြောက်ဦးတွင် ဂျပန်တို့၏အစီအစဉ်ဖြင့် ရခိုင် ပြောက်ကျားသင်တန်းကျောင်းတစ်ကျောင်းရှိလေရာ ဂျပန်များသည် စစ်ချီရာတွင် ပြောက်ကျားသင်တန်း

ဆင်းများကိုပါ ပါဝင်ချီတက်စေသည်။ ဗိုလ်ကြာနီ အောင်နှင့် ဗိုလ်စံလှဦးတို့ခေါင်းဆောင်သော ရခိုင် ပြောက်ကျား ၂ဝဝ ခန့်သည် ဂျပန်တို့နှင့်ပူးပေါင်း၍

အင်္ဂလိပ်တပ်များကိုတိုက်ရာ အင်္ဂလိပ်တပ်များ ဘူးသီး တောင်သို့ ဆုတ်ခွာသွားရသည်။ ပြောက်ကျားခေါင်း ဆောင်များတွင် ဦးဘစံ၊ ဦးမောင်နီ၊ ဦးထွန်းဝင်း၊

ဦးကျော်မြ(တောခို၊ ကွန်မြူနစ်ဗဟိုကော်မတီဝင်)၊ ဗိုလ် မောင်စောဦးတို့ ပါဝင်သည်။ ရခိုင်ပြောက်ကျားများ သည် ဂျပန်တပ်များမပါဝင်ဘဲ ပလက်ဝကို အင်္ဂလိပ်

လက်မှ ပြန်သိမ်းနိုင်ခဲ့ကြသည်။ ဗိုလ်တာနာကာ၏ အစီအစဉ်ဖြင့် ဦးပညာသီဟနှင့် ဗိုလ်ကြာလှအောင်တို့ ဦးစီးသော ပြောက်ကျားအဖွဲ့တစ်ဖွဲ့ ဖွဲ့ပြန်သည်။

ယင်းတပ်ဖွဲ့တွင် တာနာကာနှင့် နာဂါမီက အကြံပေး အရာရှိများအဖြစ် ဆောင်ရွက်သည်။ ရခိုင်ပြောက်ကျား များသည် ဂျပန်နှင့် ပူးပေါင်းနေကြသော်လည်း

ဖက်ဆစ်တော်လှန်ရေးအတွက် ကြိုတင်ပြင်ဆင်၍ လျှို့ဝှက်ဆောင်ရွက်လျက် ရှိကြသည်။

ကိုညိုထွန်း၊ ဦးဘစံ၊ ဦးထွန်းဝင်းနှင့် ဦးကျော်မြ တို့သည် ဗမာဆင်းရဲသားအစည်းအရုံးနှင့် ဆက်သွယ် ၍ ဖက်ဆစ်ဆန့်ကျင်ရေးလုပ်ငန်းများကို ဆောင်ရွက် ခဲ့ကြသည်။

ဦးညိုထွန်းသည် သခင်စိုးနှင့် မကြာခဏ အဆက်အသွယ်ရှိပြီး အိန္ဒိယမှ ပြန်လာသူဖြစ်သည်။ ရခိုင် ဖက်ဆစ်ဆန့်ကျင်ရေး အင်အားစုများသည် မြို့ဟောင်းနယ်

မောင်းဆွဲကို အခြေခံ၍ လျှို့ဝှက် လှုပ်ရှားခဲ့ကြသည်။ ၁၉၄၃ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက် တွင် စစ်တွေမြို့ကို အင်္ဂလိပ်လေယာဉ်များက နံနက် (၁၁)နာရီမှ

ည(၇)နာရီအထိ ငါးကြိမ်တိုင်တိုင် ဗုံးကြဲ တိုက်ခိုက်ရာ ဂျပန်စစ်သား ၄ဝဝ ခန့်သေဆုံးပြီး အဆောက်အအုံပစ္စည်းပစ္စယများစွာ ပျက်စီးဆုံးရှုံးခဲ့ရ သည်။

၁၉၄၃ ခုနှစ်ကုန်ပြီး ၁၉၄၄ ခုနှစ် နှစ်ဆန်းတွင် ကား ရခိုင်စစ်မျက်နှာတွင် မဟာမိတ်တို့က သိသိ သာသာ စစ်ရေးအကဲသာမှု ရရှိလာကြသည်။ သခင် တင်ရွှေသည်

၁၉၄၄ ခုနှစ်၊ ဇန်နဝါရီလ (ပြာသို လကွယ်နေ့)တွင် ဂွကမ်းခြေသို့ ရေငုပ်သင်္ဘောဖြင့် ရောက်လာခဲ့သည်။ ထို့နောက် ဖက်ဆစ်ဆန့်ကျင်ရေး အတွက်

အခြေအနေများကိုညှိနှိုင်း၍ ဖေဖော်ဝါရီလ တွင် ကိုညိုထွန်းကိုပါခေါ်ပြီး အိန္ဒိယသို့ လျှို့ဝှက်စွာ ပြန်လည်ထွက်ခွာသွားသည်။ ထိုအချိန်တွင် အင်္ဂလိပ် တပ်များသည်

ကျောက်တော်ဘက်သို့ ကုလားတန် မြစ်ကြောင်းအတိုင်း ချီတက်လာပြီဖြစ်သည်။ ပလက်ဝ တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားရာ ဂျပန်တပ်များ

စတင်ဆုတ်ခွာလာကြရသည်။

သခင်တင်ရွှေနှင့်ကိုညိုထွန်းသည် ကာလကတ္တား မြို့သို့ ရောက်ရှိသောအခါ ဆန်းဒေးဗီလာတွင် ကိုသိန်းဖေနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ကိုညိုထွန်း သည် ၁၉၄၄

ခုနှစ်၊ မေလတွင် သခင်တိုးလှနှင့် သခင်ထွန်းစိန်တို့ကိုခေါ်၍ အိန္ဒိယနိုင်ငံမှ ပြန်ထွက် လာရာ သခင်တိုးလှနှင့် သခင်ထွန်းစိန်ကို ဂျပန် ဖမ်းမိသွားပြီး သခင်တိုးလှကို

ဂျပန်က သတ်ပစ်လိုက် သည်။ သခင်ထွန်းစိန်မှာမူ ဂျပန်လက်မှ ထွက်ပြေး လွတ်မြောက်သွားသည်။ ကိုညိုထွန်းက စံသာကျော် နှင့် စံအောင်ကိုခေါ်၍ အိန္ဒိယသို့

ပြန်သွားပြန်သည်။ ကိုညိုထွန်းသည် ဗြိတိသျှတို့၏ ဂျီအက်စ်အိုင်အေအဖွဲ့ နှင့် နားလည်မှုယူလိုက်သည်။ ဗြိတိသျှတို့က ဖက်ဆစ် တော်လှန်ရေးသမားများအား

စစ်ရေးအကူအညီ တိုက်ရိုက်ပေးရန် အမှတ်(၁၃၆)တပ်ဖွဲ့ကို ဖွဲ့စည်း လေ့ကျင့်ပေးသည်။ ဦးသာကျော် (နိုင်ငံတော် ကောင်စီဝင်)နှင့်

ဗိုလ်ခင်မောင်လေးတို့သည်လည်း ကိုသိန်းဖေထံသို့ ရောက်သွားကြသည်။ ဗုံပေါက် သာကျော်ကလည်း ထွန်းအောင်ကျော် နှင့် မောင် လှကျော်ကို အိန္ဒိယသို့

သင်တန်းတက်ရန် စေလွှတ်ခဲ့ သည်။

ရခိုင်စစ်မျက်နှာအခြေအနေတွင် မဟာမိတ်များ က စစ်ရေးအကဲသာလာသည်နှင့်အမျှ ရခိုင်တိုင်းတွင် ဖက်ဆစ်တော်လှန်ရေးကို ကြိုတင်ဆင်နွှဲရန် အခြေ အနေ

ဖြစ်ပေါ်လာတော့သည်။ ဗိုလ်ရန်အောင်သည် ရခိုင်တိုင်း ဖက်ဆစ်တော်လှန်ရေး စတင်ရန်အတွက် အနောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိအချို့ဖြင့် ရခိုင်

ဖက်ဆစ်ဆန့်ကျင်ရေးအင်အားစုများကို အင်အားဖြည့် တင်းပေးခဲ့သည်။ ထို့နောက် တော်လှန်ရေးအတွက် အခြေခံနယ်မြေတည်ဆောက်ခြင်း၊ လူသူစုဆောင်း ခြင်း၊

လျှို့ဝှက်သင်တန်းများပေးခြင်း၊ လက်နက်များ သိုဝှက်ခြင်းတို့ကို ဂျပန်ကင်ပေတိုင်များ၏ အန္တရာယ် ကြားမှ စွန့်စား၍ ဆောင်ရွက်ကြသည်။ မဟာမိတ်များ

လေထီးဖြင့်ချပေးခဲ့သည့် ဆက်သွယ်ရေးစက်များကို အသုံးပြု၍လည်း မဟာမိတ်စစ်ဌာနချုပ်သို့ ဂျပန် စစ်တပ်လှုပ်ရှားမှုသတင်းများကို ပို့ပေးခဲ့ကြသည်။

၁၉၄၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်တွင်မဟာမိတ် တို့သည် မေယုဒေသကို စတင်၍ ထိုးစစ်ဆင်နွှဲတော့ သည်။ ထိုလတွင် မေဂျာကရူး(ကြူ)၊ ကိုညိုထွန်း၊ မောင်စောဖြူ၊

သာထွန်းအောင်၊ မောင်ကလေး၊ သာကျော် (နိုင်ငံတော်ကောင်စီဝင်)၊ စံသာကျော် (ဗိုလ်မှူးဟောင်း) စသော ပြောက်ကျားများသည် တစ်သုတ်ပြီးတစ်သုတ်

လေထီးဖြင့် ဆင်းလာကြတော့ သည်။ ဗြိတိသျှတပ်မှ ကပ္ပတိန်ကော့သည်လည်း ပြောက်ကျားများနှင့်အတူ ပါလာသည်။ မဟာမိတ် တပ်များကလည်း ဒီဇင်ဘာလ ၁၄

ရက်တွင် ဘူးသီး တောင်ကို သိမ်းပိုက်ပြီး ဒီဇင်ဘာလ ၃၁ ရက်တွင် ရသေ့တောင်ကို သိမ်းပိုက်နိုင်ခဲ့ကြသည်။

၁၉၄၄ ခုနှစ်၊ ဒီဇင်ဘာလမှာပင် ဗိုလ်ကြာလှ အောင်နှင့် ဗိုလ်စောဦး(အောင်ကျော်)တို့၏ ကာကွယ် ရေးတပ်ဖွဲ့များ စတင် တပ်ဖျောက်သွားကြသည်။ ၁၉၄၄ ခုနှစ်၊

ဒီဇင်ဘာလ ၂၅ ရက်တွင် ဦးပညာသီဟ နှင့် ဗုံပေါက်သာကျော်တို့ဦးဆောင်သော ပြောက်ကျား များသည် မြို့ဟောင်းမြို့နယ် ပြတေးရွာရှိ ဂျပန်တပ် အား

စတင်တိုက်ခိုက်၍ ဖက်ဆစ်တော်လှန်ရေး စတင် လိုက်ကြသည်။ နောက်တစ်နေ့တွင် ဗုံပေါက်သာကျော် တို့လူစုသည် မေဂျာကရူး (Major Crew)၊ ကိုညိုထွန်း၊

ဗိုလ်ကြာလှအောင်တို့နှင့် တွေ့ဆုံပြီး ကြူတပ်ဖွဲ့နှင့် ခြင်္သေ့အောင်တပ်ဖွဲ့အမည်ရှိ ပြောက်ကျားတပ်ဖွဲ့များ ကို စတင်ဖွဲ့စည်းလိုက်ကြသည်။ ကြူတပ်ဖွဲ့ကို ဗိုလ်ကြာ

လှအောင်က ခေါင်းဆောင်ပြီး ခြင်္သေ့အောင်တပ်ဖွဲ့ကို ဗုံပေါက်သာကျော်က ခေါင်းဆောင်သည်။

၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလထဲတွင် ဦးဘစော (ရုရှားနိုင်ငံ သံအမတ်ဟောင်း)၊ ရဲအောင် (ခေါ်) စောဖြူ၊ အောင်စောနှင့် အင်္ဂလိပ်စစ်တပ်မှ မေဂျာ ကင်းဘဲလ်တို့

လေထီးဖြင့် ဆင်းလာပြီး ဖက်ဆစ် တော်လှန်ရေးတပ်သားများအား အင်အားဖြည့်ပေး ကြသည်။ ၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလဆန်း ၄ ရက်တွင် မဟာမိတ်တပ်များက

စစ်တွေမြို့ကို သိမ်းပိုက်နိုင် သကဲ့သို့ ဗုံပေါက်သာကျော်နှင့် ခြင်္သေ့အောင် ပြောက်ကျားတပ်ဖွဲ့ကလည်း တစ်နေ့တည်း တစ်ရက်တည်းမှာ ပင် ပေါက်တောမြို့ကို

သိမ်းပိုက်နိုင်ခဲ့သည်။ ကြူ တပ်ဖွဲ့သည်လည်း မဟာမိတ်တပ်မှ လေထီးဖြင့်ချပေး သည့်လက်နက်များကို ကိုင်စွဲ၍ ဂျပန်တပ်များအား လိုက်လံတိုက်ခိုက်လျက်ရှိသည်။

ရခိုင်ပြောက်ကျား အင်အားမှာလည်း တစ်စတစ်စ တိုးပွားလာရာ ရာနှင့် ချီ၍ ရှိလာသည်။

မဟာမိတ်တပ်များသည် ရခိုင်ဒေသတစ်ခုလုံးကို သိမ်းပိုက်မိသွားချိန်တွင် ရခိုင်ပြောက်ကျားတို့၏ ဖက်ဆစ်တော်လှန်ရေးမှာ ၁၉၄၅ ခုနှစ်၊ မတ်လ ပထမ

ပတ်ထဲမှာပင် ပြီးဆုံးသွားရသည်။ အင်္ဂလိပ်စစ်တပ် များသည် ရခိုင်ပြောက်ကျားများအား စိတ်မချသဖြင့် လက်နက်သိမ်းခြင်း၊ ဖမ်းဆီးနှိပ်ကွပ်ခြင်းတို့ကို ပြုလုပ်

လာသည်။ ရခိုင်ပြောက်ကျားများနှင့် ရခိုင်တိုင်းရင်းသား များအပေါ် အင်္ဂလိပ်တပ်များ၏ ဆက်ဆံပုံနှင့် ပတ်သက်၍ ဗုံပေါက်သာကျော်က တော်လှန်ရေးခရီး

ဝယ်စာအုပ် စာမျက်နှာ ၁၈၈ နှင့် ၁၈၉ တွင် အောက်ပါအတိုင်း ဖော်ပြထားသည် -

'တိုင်းမင်းကြီးသည် အိုင်ဝိုင်းရွာသူကြီးနေအိမ်မှ နေပြီး ကျေးရွာသားများကို စုစည်းစေကာ အင်္ဂလိပ် ပြန်ရောက်လာပြီဖြစ်၍ ဝဝဖြိုးဖြိုး စားရမည်၊ ဝတ်ရ

မည်ဖြစ်ကြောင်း၊ မြေခွန်မြေခများကိုလည်း ပေးကြ ရမည်ဖြစ်ကြောင်း၊ ဓားပြလိုလို လုပ်နေကြသော နိုင်ငံရေးသမားများ (ဖက်ဆစ်ဂျပန်တော်လှန်ရေး သမားများကို

ဆိုလိုသည်)သည် ပခြုပ်ထဲမှ ကြက်များ သာဖြစ်ရာ သတ်စားချင်သည့်အချိန်တွင် သတ်စားမည် ဖြစ်ကြောင်းတို့ကို ပြောသွားကြောင်း သိရသည်။ အိုင်စီအက်စ်

တိုင်းမင်းကြီးပြောသွားသော စကားများ သည် ဗြိတိသျှနယ်ချဲ့၏ပေါ်လစီဖြစ်ရာ မကြာမီ ဆရာတော် ဦးနာရဒနှင့်တကွ ခေါင်းဆောင်များကို ဖမ်းခြင်း၊

ကြိုးဒဏ်အပြစ်ပေးခြင်း၊ ဖက်ဆစ်တော်လှန် ရေးထဲပါခဲ့သူများကို လူစဉ်မမီအောင် ညှဉ်းပန်း နှိပ်စက်ခြင်းများ ပြုခဲ့ကြသည်။'

စာမျက်နှာ ၁၉၆ တွင်လည်း -

'ဆရာတော် ဦးနာရဒ၊ ဦးသိန်းကျော်အောင် စသော ခေါင်းဆောင်များကိုလည်း အစီအစဉ်အရ တစ်ပြိုင်တည်း ဖမ်းသည်။ ဗြိတိသျှနယ်ချဲ့စစ်တပ်နှင့် ပုလိပ်တပ်များက

အပျို၊ အအို၊ အရွယ်ရောက်၊ အရွယ် လွန် မရွေးဘဲ ရွာလုံးချီ၍ မုဒိမ်းကျင့်ပွဲပြုလုပ်သည်။ ကျေးရွာနေအိမ်များကို မီးရှို့ဖျက်ဆီးသည်။ ဗမာ့ မျိုးချစ်တပ် လည်ဆွဲရှိသော

ဖက်ဆစ်တော်လှန်ရေး သမားများကို ရာလိုက်ချီပြီးဖမ်းကာ လူမဆန်သော ညှဉ်းဆဲမှုများဖြင့် လူစဉ်မမီအောင်၊ နာလန်မထူအောင် ညှဉ်းဆဲနှိပ်စက်သည်။ မြေခွန်၊

မြေဆီခများကို အကြမ်း ဖက်တောင်းယူသည်' စသည်ဖြင့် ရေးသားဖော်ပြ ထားသည်။

ဦးပညာသီဟနှင့် ဗိုလ်ကြာလှအောင်တို့၏ ကြူပြောက်ကျားတပ်ဖွဲ့သည် အင်္ဂလိပ် တပ်များ ရောက် လာသောအခါ လက်နက်အသိမ်းခံလိုက်ရသည်။ ခြင်္သေ့အောင်

တပ်ဖွဲ့သည် ၁၉၄၅ ခုနှစ်၊ မတ်လ ၇ ရက် တွင် စစ်တွေမြို့၌ လက်နက်အပ်ကြရသည်။ သို့သော် ရခိုင်ခေါင်းဆောင်များသည် လက်နက်အများအပြား ကို

သိုဝှက်ထားလိုက်ကြသည်။ ဦးစိန္တာနှင့် ဗုံပေါက် သာကျော်တို့သည် အခြေခံလျှို့ဝှက်စခန်းများစွာကို စတင် တည်ဆောက်ကြသည်။ ကာလကတ္တားရှိ ကိုသိန်းဖေ

ကဖိတ်သဖြင့် ဦးပညာသီဟ၊ ကြာလှအောင်၊ သာထွန်းအောင်၊ ကျော်မြ၊ အောင်ပန်း၊ မြအောင်၊ ထွန်းလှ၊ စောဖြူ၊ စိန်ထွန်း၊ ချစ်လှဖြူ၊ စောထွန်း၊ ဝေလာ၊ စံထွန်း၊

ကျော်သာ၊ မိုးသာ၊ ဘဟိန်းတို့လူစုကို အင်္ဂလိပ်များက အိန္ဒိယသို့ ပို့ပေးသည်။ ဗိုလ်ချုပ် အောင်ဆန်းသည် ရခိုင်မျိုးချစ်တပ်သားစာရင်းကို တောင်းယူပြီး

တစ်ဦးချင်းထံသို့ ဂုဏ်ပြုလက်မှတ်နှင့် ဆုများ ပေးပို့ခဲ့သည်။

မဟာမိတ်တပ်များ စစ်ရေးအကဲသာလာခြင်း

ဗိုလ်ချုပ်အောင်ဆန်းသည် ဖက်ဆစ်တော်လှန်ရေး အတွက် ကြိုတင်ပြင်ဆင်ရာတွင် တပ်မတော်ကို အင်အားတောင့်တင်းခိုင်မာစေရန် အထူးဂရုပြု၍ ကြိုးစားခဲ့သည်။

သရက်မြို့တွင် အနောက်တိုင်းကို ဖွင့်သည်။ မန္တလေးမြို့တွင်လည်း အနောက်မြောက် တိုင်း ဟူ၍ ဖွင့်သည်။ တိုးချဲ့ထားသော ခြေလျင် တပ်ရင်းများအပြင်

လေ့ကျင့်ရေးတပ်ရင်း(၁)မှ (၄) အထိကိုလည်း တိုးတက်ချဲ့ထွင်လိုက်သည်။ ထိုအချိန် တွင် ဘီဒီအေကို ဗမာ့တပ်မတော် (The Burmese Army) ဟု

အမည်ပြောင်းလဲခေါ်ပြီး ဖြစ်သည်။ ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ချုပ်၏ လျှို့ဝှက်ညွန်ကြား မှုအောက်တွင် ဗမာ့တပ်မတော်သည် လေ့ကျင့်မှုများ ကို

အပြင်းအထန်ပြုလုပ်လျက်ရှိသည်။

ရခိုင်စစ်မျက်နှာတွင် မဟာမိတ်များက ထိုးစစ် ဆင်လာသဖြင့် ရခိုင်ပြောက်ကျားများသည် ဖက်ဆစ် တော်လှန်ရေးကို ၁၉၄၄ ခုနှစ်အကုန်ကတည်းက စတင်

ဆင်နွှဲခဲ့ကြရသည်။ ထို့အတူပင် မြန်မာပြည် မြောက်ပိုင်းတွင်လည်း မဟာမိတ်များက ထိုးစစ်ဆင်လာ သဖြင့် ဖက်ဆစ်တော်လှန်ရေးသည် အချိန်ဆွဲ၍ မရ

တော့သည့်အခြေအနေသို့ ဆိုက်ရောက်လာသည်။

မဟာမိတ်တို့သည် ၁၉၄၂ ခုနှစ်၊ ဒီဇင်ဘာလ ကတည်းက ရခိုင်စစ်မျက်နှာတွင် ပထမအကြိမ် ထိုးစစ်ကိုဆင်နွှဲသော်လည်း မအောင်မြင်ခဲ့ပေ။ ၁၉၄၃ ခုနှစ်၊

ဖေဖော်ဝါရီလတွင် ဗိုလ်မှူးချုပ်ဝင်းဂိတ်သည် လက်ရွေးစင် လူ ၃ဝဝဝ ဖြင့် အင်ဖားမြို့မှ စတင် ချီတက်၍ ဂျပန်တပ်တို့၏နောက်ပိုင်းကို ဝင်ရောက်

ထိုးနှက်တိုက်ခိုက်ခဲ့သည်။ ဝင်းဂိတ်၏တပ်များသည် လမ်းပန်းမရှိသော တောကြီးမျက်မည်းများကို ဖြတ် ကျော်၍ ခက်ခဲစွာ တိုက်ခိုက်ခဲ့ရသည်။ သုံးလအတွင်း တွင်

ဝင်းဂိတ်၏ လူ ၃ဝဝဝ အနက် ၁ဝဝဝ ခန့်မှာ သေကျေပျက်စီးခဲ့ရသည်။ ၁၉၄၃ ခုနှစ်၊ ဧပြီလတွင် ဝင်းဂိတ်၏ လူ ၂ဝဝဝ ခန့်သာ အင်ဖားသို့ ပြန်လည်

ရောက်ရှိနိုင်ခဲ့ကြသည်။

ဂျင်နရယ်ဝီလျံစလင်း၏ အမှတ်(၁၄)တပ်မတော် သည် စစ်ကြောင်းသုံးကြောင်းဖြန့်ခွဲ၍ ဒုတိယထိုးစစ် စတင်ရန် ရခိုင်ဒေသသို့ ဝင်ရောက်ပြန်သည်။ မယု

တောင်တန်းပေါ်တွင် အမှတ်(၇)တပ်မှာ ဂျပန်အဝိုင်း ခံရလေရာ ရက်ပေါင်း(၂ဝ)ခန့် တိုက်ပွဲပြင်းထန်ခဲ့ သည်။ စစ်ကူတပ်များ၏အကူအညီဖြင့် အမှတ်(၇)တပ် သည်

ဖောက်ထွင်းထွက်ခဲ့ရသည်။ ဂျပန်များလည်း စစ်နှစ်ဖက်ညှပ်သဖြင့် လူ ၆ဝဝဝ ကျော်တွင် တစ်ဝက် ကျော်ကျော်ခန့် သေဆုံးခဲ့ကြသည်။ အမှတ်(၁၄) တပ်မတော်၏

ဒုတိယထိုးစစ် ရခိုင်တွင်ဆင်နွှဲနေစဉ် ဂျပန်များသည် ၁၉၄၄ ခုနှစ်၊ မတ်လ၌ အိန္ဒိယနိုင်ငံ သို့ ချင်းနင်းဝင်ရောက်လာသည်။ ထို့နောက် အင်ဖား နှင့် ကိုဟီးဒမားကို

ဝိုင်းလိုက်ကြသည်။ သို့သော် ဂျပန် တပ်များသည် ဆက်သွယ်ရေးညံ့ဖျင်းခြင်း၊ နောက်ပိုင်း ပို့ဆောင်ထောက်ပံ့မှု မရှိခြင်း၊ စစ်ရေးသတင်းများ

ကြိုတင်ပေါက်ကြားနေခြင်း စသည့် အကြောင်း အမျိုးမျိုးကြောင့် ဖရိုဖရဲဖြစ်ပြီး တပ်လန်သွားခဲ့ရသည်။

အင်ဖားနှင့် ကိုဟီးဒမားတိုက်ပွဲများ ဖြစ်ပွားနေ ချိန်မှာပင် ဗိုလ်မှူးချုပ်ဝင်းဂိတ်၏ ချင်းဒစ် (Chindits) တပ်ဖွဲ့ဝင် ၁၂ဝဝဝ သည် ဝန်တင်တိရစ္ဆာန်ပေါင်း ၁၂ဝဝ

ခန့်နှင့်အတူ အင်းတော်၊ ဗန်းမော်၊ ကသာ နယ်မြေများသို့ လေကြောင်းမှဆင်းသက်ပြီး အခိုင်အမာ စခန်းများ တည်ဆောက်ထားလိုက်သည်။ ဂျင်နရယ် စတီးဝဲလ်၏

အမေရိကန်တပ်များကလည်း တရုတ်တပ် များနှင့်အတူ ဟူးကောင်းနှင့် မိုးကောင်းနယ်ကို သိမ်း ယူ၍ မြစ်ကြီးနားလေယာဉ်ကွင်းကို ဂျပန်များလက်မှ

တိုက်ခိုက်ယူနိုင်ခဲ့သည်။ ထိုအချိန်တွင် အင်ဖားနှင့် ကိုဟီးဒမားမှ ဂျပန်တပ်များမှာ ကစဉ့်ကလျားနှင့် ဆုတ်ခွာကြရာ မဟာမိတ်တပ်များသည် မြန်မာပြည်

မြောက်ပိုင်းကို ဖိထိုး၍ ချီတက်လာနိုင်ကြသည်။

ဗိုလ်ချုပ်ကြီးစလင်း၏ အမှတ်(၁၄)တပ်မတော် သည် မန္တလေးကို ရည်မှန်းချက်ထားပြီး ချီတက်လာ သည်။ မဟာမိတ်တပ်များသည် ဖောင်းပြင်မှ ၁၉၄၄ ခုနှစ်၊

နိုဝင်ဘာလ ၂၉ ရက်တွင် စတင်ချီတက်ရာ ဗန်းမောက်မြို့ကို ဒီဇင်ဘာလ ၁၄ ရက်တွင် သိမ်းပိုက် လိုက်နိုင်သည်။ ဒီဇင်ဘာလ ၁၉ ရက်တွင် ဝန်းသိုမြို့ သို့ရောက်ရှိပြီး

၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်တွင် ရွှေဘိုမြို့သို့ ရောက်ရှိလာသည်။ ကလေးဝမြို့မှ ၁၉၄၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်တွင် စတင်ထွက်ခွာလာ သော

စစ်ကြောင်းသည် ရေဦးသို့ ၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်တွင် ရောက်ရှိလာပြီး ဝန်းသိုမှ ဆင်းလာသောတပ်နှင့် ရွှေဘိုတွင် ဆုံသည်။ ထို့နောက်

မန္တလေးကိုသိမ်းပိုက်ရန် စစ်ကြောင်းနှစ်ကြောင်း ခွဲ လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် တရုတ်ဖြူဘက် မှ ဂျင်နရယ်ဒင်နီရယ်စူလတန်ကြီးမှူးသော တပ်များ ကလည်း

အရှေ့မြောက်မှဝင်ရောက်၍ မိုးကုတ်၊ နမ္မတူ နှင့် လားရှိုးမြို့များကို တိုက်ခိုက်လာသည်။

မဟာမိတ်တပ်များ မြန်မာပြည်မြောက်ပိုင်းမှ ဖြန့်ခွဲ၍ ထိုးစစ်ဆင်လာသောကြောင့် ဂျပန်ဗိုလ်ချုပ်ကြီး ကီးမူရားသည် ရှမ်းပြည်မြောက်ပိုင်းတွင်ရှိနေသော

ဂျပန်တပ်များနှင့် တောင်ကုတ်နယ်မှ ဂျပန်တပ်များ အပါအဝင် ရှိရှိသမျှ ဂျပန်တပ်များကို မန္တလေးတွင် ပြင်ဆင်စုရုံး၍ ခံစစ်ဆင်ရန် ပြင်ဆင်တော့သည်။

ထိုအချိန်တွင် မန္တလေး၌စုထားသော ဒီဝီဇံတပ်မကြီး မှာ ခြောက်တပ်မျှပင် ရှိသည်။

ကလေးမြို့မှ မဟာမိတ်စစ်ကြောင်းသည် ဂျပန် တို့၏အလစ်အငိုက်ကိုယူ၍ ၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်တွင် ဂန့်ဂေါ၊ ဇန်နဝါရီလ ၂၇ ရက်တွင် ပေါက်၊

ဖေဖော်ဝါရီလ ၁၈ ရက်တွင် ပခုက္ကူမြို့တို့အား ဝင်ရောက်သိမ်းပိုက်လိုက်ကြသည်။ ထို့နောက် ပုဂံ၊ ညောင်ဦးကိုဖြတ်၍ မိတ္ထီလာသို့ အပြင်းချီတက်တော့ သည်။

ဂျပန်တို့သည် မန္တလေးတွင် စုရုံးထားသောတပ် များကို မိတ္ထီလာသို့ စေလွှတ်၍ ခုခံစေရာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားပြီး မိတ္ထီလာလေယာဉ်ကွင်းကို မဟာမိတ်များ

သိမ်းပိုက်လိုက်နိုင်သည်။ ဂျပန်စစ်သား ၃၅ဝဝ ကျော်ခန့်လည်း ကျဆုံးသွားသည်။

ထိုသို့သော အခြေအနေမျိုးတွင် ဖက်ဆစ် တော်လှန်ရေးဆင်နွှဲရန်မှာ အမြန်ဆုံး လိုအပ်၍လာ သည်။ မန္တလေးမြို့မှ မဟာမိတ်များလက်သို့ ကျလု ကျခင်ရှိနေလေရာ

မန္တလေးမြို့တွင် ဖွင့်လှစ်ထားသော ဗမာ့တပ်မတော် အနောက်မြောက်တိုင်းစစ်ဌာနချုပ် သည် ကြိုတင်၍ တော်လှန်ရေးစတင်ရန် လိုအပ်လာ သည်။

ဗိုလ်ချုပ်အောင်ဆန်းသည်လည်း မဟာမိတ် များကို တိုက်ခိုက်ရန်အကြောင်းပြ၍ တပ်ဖြန့်ရန်အမိန့် ကို ထုတ်ပြန်လိုက်ရသည်။

ဂျပန်စစ်ဌာနချုပ်၏ စစ်ထွက်အမိန့်ကို အကာ အကွယ်ယူ၍ ဗိုလ်ချုပ်အောင်ဆန်းထုတ်ပြန်သော တပ်ဖြန့်ရန်အမိန့်မှာ အောက်ပါအတိုင်း ဖြစ်သည်။

စစ်ကြောင်းဖြန့်ရန်အမိန့်

အထက်မြန်မာပြည် တိုင်းမှူး ဗိုလ်မှူးဗထူးသည် အထက်မြန်မာပြည်တပ်များကို အုပ်ချုပ်ကာ ဂျပန်တပ် များနှင့်အတူ စစ်ကြောင်းဖွင့်ရမည်။

ရှေ့တန်းစစ်ဌာနချုပ်စစ်ကြောင်းကို ဗိုလ်မှူးကြီး ဇေယျဦးစီး၍ စစ်ဌာနချုပ် ရုံးအဖွဲ့နှင့် စစ်ဝန်ကြီး ရုံးအဖွဲ့အားလုံး စုပေါင်း၍ သရက်စခန်းမှ မင်းတုန်း စခန်းသို့

ချီတက်ရမည်။

တိုင်းအမှတ်(၁) ဗိုလ်မှူးမောင်မောင် ဦးစီး၍ သာယာဝတီ၊ ပေါင်းတည် စစ်ကြောင်းသို့ ချီတက်ရ မည်။ ခြေလျင်တပ်ရင်း(၄)သည် တိုင်းအမှတ်(၁)နှင့် အတူ

ပူးပေါင်းကာ လိုက်ပါချီတက် တိုက်ခိုက်ရမည်။

တိုင်းအမှတ်(၂) စစ်ကြောင်းကို ဗိုလ်မှူးကြီး နေဝင်းဦးစီး၍ ဖျာပုံ မြစ်ဝကျွန်းပေါ် စစ်ကြောင်းသို့ ချီတက်ရမည်။

တိုင်းအမှတ်(၃) စစ်ကြောင်းကို ဗိုလ်မှူးကြီး စောကြာဒိုးဦးစီး၍ မအူပင် မြစ်ဝကျွန်းပေါ်ဒေသသို့ ချီတက်ရမည်။

ဗိုလ်မှူးကြီးလကျာ်သည် တိုင်းအမှတ်(၂)၊ (၃) ဆက်သွယ်ရေး၊ စီမံရေး ဦးစီးဆောင်ရွက်ရမည်။

တိုင်းအမှတ်(၄) စစ်ကြောင်းကို ဗိုလ်မှူးကျော်ဇော ဦးစီး၍ ပဲခူးစခန်းမှ ရန်သူကို ခုခံတိုက်ခိုက်ရန် အသင့် စီစဉ်ထားရမည်။

တိုင်းအမှတ်(၅) စစ်ကြောင်းကို ဗိုလ်ကြီးတင်ထွန်း ဦးစီး၍ တနင်္သာရီ-ထားဝယ်စစ်ကြောင်းသို့ ချီတက် ရမည်။

တိုင်းအမှတ်(၆) စစ်ကြောင်းကို ဗိုလ်မှူးရဲထွဋ် ဦးစီး၍ ရထားလမ်းတစ်လျှောက် ပျဉ်းမနား၊ မိတ္ထီလာ စစ်ကြောင်းသို့ ချီတက်ရမည်။

တိုင်းအမှတ်(၇)စစ်ကြောင်းကို ဗိုလ်မှူးအောင် ဦးစီး၍ သရက်မှသည် မင်းဘူးစစ်ကြောင်းတိုင်အောင် တာဝန်ခံအုပ်ချုပ်တိုက်ခိုက်ရန် ချီတက်ရမည်။

စစ်သေနာပတိက ရှေ့တန်းစစ်ဌာနချုပ်နှင့်အတူ မင်းတုန်းဘက်သို့ လိုက်ပါချီတက်တိုက်ခိုက်ရမည်။

တပ်မတော်တစ်ခုလုံးကို အထူးဆက်သားများ စေလွှတ်၍ စစ်ဆင်ရေးကိစ္စအဝဝကို စီစဉ်မည်။

အောင်ဆန်း

စစ်ဝန်ကြီးနှင့် စစ်သေနာပတိ

ဗမာ့တပ်မတော်။

ကွန်မြူနစ်ပါတီ၏ ပါတီကွန်ဖရင့်

ဖက်ဆစ်တော်လှန်ရေး နီးကပ်လာချိန်တွင် ကွန်မြူနစ်ပါတီသည် ပါတီကွန်ဂရက်ကျင်းပရန် အခြေ အနေမပေးသဖြင့် ပါတီကွန်ဖရင့်ကျင်းပရန် ပြင်ဆင် တော့သည်။

ပါတီကွန်ဖရင့် မကျင်းပမိမှာပင် အိန္ဒိယ မှ ကိုသိန်းဖေက 'ဖက်ဆစ်ကျွန်ဘဝမှ လွတ်မြောက် ရေးသို့' အမည်ရှိ စာတမ်းကို ပေးပို့လိုက်သည်။ ကိုသိန်းဖေ၏စာတမ်းကို

သခင်စိုးက အကြွင်းမဲ့လက်ခံ လိုက်ပြီး ကွန်ဖရင့်တွင် ဆွေးနွေးရန် အကြံပေးသည်။ ပါတီကွန်ဖရင့်ကို ၁၉၄၅ ခုနှစ်၊ ဖေဖော်ဝါရီလကုန် တွင်

ရန်ကုန်မြို့၌ကျင်းပရန် စီစဉ်လိုက်ကြသည်။ သခင်စိုးကိုယ်တိုင်မှာမူ ကွန်ဖရင့်သို့ မတက်ရောက်နိုင် ဟုဆိုသဖြင့် သခင်သန်းထွန်းက ဦးဆောင်၍ ကျင်းပရန်

စီစဉ်ရသည်။

ပါတီကွန်ဖရင့်သည် ၁၉၄၅ ခုနှစ်၊ ဖေဖော်ဝါရီ လလယ်ခန့်တွင် ရန်ကုန်မြို့ အလုံ အာရ်အီးတီ အဆောက်အအုံ (ယခု ရန်ကုန်တိုင်း လျှပ်စစ်ဓာတ် အားပေးရေးအဖွဲ့ရုံး)

အလယ်ထပ်၌ ကျင်းပဖြစ်သည်။ ကွန်ဖရင့်၏ လုံခြုံရေးအတွက် လက်နက်ကိုင် ၁ဝ ဦး အစောင့်ချပြီးမှ ကျင်းပခြင်းဖြစ်သည်။ ပါတီကွန်ဖရင့် သို့

တက်ရောက်ကြသူများမှာ -

၁။ သခင်သန်းထွန်း

၂။ ဗိုလ်မှူးဗထူး

၃။ ဗိုလ်မှူးကျော်ဇော

၄။ ဗိုလ်မှူးရန်အောင်

၅။ ဗိုလ်မှူးရဲထွဋ်

၆။ သခင်တင်မြ

၇။ ကိုထွန်းစိန်

၈။ မစောမြ

၉။ မနှင်းဆီ

၁ဝ။ ကိုဌေးမြိုင်

၁၁။ ကိုညီလေး (ဂျပန်တော်လှန်ရေးတွင်ကျဆုံး)

၁၂။ ကိုထွန်းသန်း

၁၃။ ကိုကျော်ငြိမ်း(အာရ်အီးတီ)

၁၄။ ကိုချစ်လှိုင်

၁၅။ ကိုထွန်း တို့ဖြစ်သည်။

ကွန်ဖရင့်၏သဘာပတိမှာ သခင်သန်းထွန်းဖြစ်ပြီး အတွင်းရေးမှူးအဖြစ် သခင်တင်မြက ဆောင်ရွက် သည်။ သခင်သန်းထွန်းက မဟာမိတ်တပ်များနှင့်ဂျပန်

တပ်များ၏ စစ်သတင်းများ၊ ရခိုင်တွင် ပြောက်ကျား များက ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲနေပုံများကို တင်ပြပြီး သခင်တင်မြက ဖက်ဆစ်တော်လှန်ရေး အတွက်

မြေအောက်စည်းရုံးရေးတိုးတက်မှု အခြေ အနေကို အစီရင်ခံရသည်။

ဗိုလ်မှူးဗထူးက အထက်မြန်မာပြည်၏ စစ်ရေး အခြေအနေများကို အစီရင်ခံသည်။ ထိုအချိန်တွင် ဗိုလ်မှူးဗထူးသည် အမေရိကန် အမှတ်(၁ဝ၁) တပ်မတော်နှင့်

အဆက်အသွယ်ရနေပြီ ဖြစ်သည်။ ဗိုလ်မှူးဗထူးက အထက်မြန်မာပြည် ဖက်ဆစ်ဆန့်ကျင် ရေး မြေအောက်စည်းရုံးမှုအခြေအနေနှင့် အမေရိကန် တပ်များနှင့်

အဆက်အသွယ်ကို ရှင်းပြသည်။ ကွန်ဖရင့် တွင် အဓိကဆွေးနွေးကြသည်မှာ ကိုသိန်းဖေပေးပို့ သော 'ဖက်ဆစ်ကျွန်ဘဝမှ လွတ်မြောက်ရေးသို့' စာတမ်းဖြစ်သည်။

ယင်းစာတမ်းသည် ဖက်ဆစ် တော်လှန်ရေးအတွက် အရေးတကြီး လမ်းညွန်ချက် များမဟုတ်ဘဲ တော်လှန်ရေးပြီးဆုံးပါက မဟာမိတ် များနှင့် ပူးပေါင်း၍ မည်ကဲ့သို့

ဆောင်ရွက်ရမည်ကို လမ်းညွှန်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ဗိုလ်မှူးဗထူး က ဤစာတမ်းမှာ တော်လှန်ရေးပြီးမှ ဆောင်ရွက်ရ မည့် လုပ်ငန်းစဉ်ဖြစ်သည်။

ယခုလောလောဆယ် ပြဿနာမှာ ဖက်ဆစ်ဂျပန်တို့ကို မည်သို့တော်လှန် တိုက်ခိုက်ကြမည်။ တော်လှန်တိုက်ခိုက်ရာတွင် တစ်ပြည်လုံး တစ်ပြိုင်တည်း

ထချကြမည်လော၊ သို့မဟုတ် စစ်မျက်နှာအလိုက် တစ်ဆင့်ပြီးတစ်ဆင့် တော်လှန်တိုက်ခိုက်ကြမည်လော ဆိုသည်ကိုသာ ဆွေးနွေးကြရန် တင်ပြလိုက်သည်။

မဟာမိတ်တပ်များမှာ မန္တလေးကို တိုက်ခိုက်ရန် တာစူနေပြီဖြစ်သည်။ မုံရွာမြို့ကို မဟာမိတ်တပ်များက သိမ်းလိုက်သဖြင့် စနစ်တကျ ဖွဲ့စည်းထားသော ရဲဘော်များမှာ

တော်လှန်ရေးကို မဆင်နွှဲရသေးခင် စစ်ကိုင်းသို့ ဂျပန်များနှင့်အတူ ဆုတ်ခွာခဲ့ရသည်။

ဗိုလ်မှူးဗထူးက တော်လှန်ရေးနောက်ကျနေလျှင် မြန်မာပြည်တစ်ဝက်ကို မဟာမိတ်တို့ သိမ်းပိုက်ပြီး ဖြစ် သွားမည်ဟု တင်ပြလာသည်။ ကွန်မြူနစ်ပါတီကွန်ဖရင့် သည်

ဗိုလ်မှူးဗထူး၏တင်ပြချက်ကို စဉ်းစားဆွေးနွေး ၍ ဆုံးဖြတ်ချက် မချနိုင်ခဲ့ပေ။ သခင်စိုးထံမှတစ်ဆင့် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ် ဥက္ကဋ္ဌ

ဗိုလ်ချုပ်အောင်ဆန်းနှင့် ပြည်သူ့အရေးတော်ပုံပါတီ ခေါင်းဆောင်များကိုပါ ညှိနှိုင်းဆွေးနွေးပြီး ဆုံးဖြတ် မည်ဟူ၍သာ သဘောတူလိုက်ကြရသည်။

ဗိုလ်မှူးကျော်ဇောက မဟာမိတ်တပ်များ ဝင်လာ ၍ တော်လှန်ရေးတပ်သားများထံမှ လက်နက်သိမ်းခြင်း၊ ပြည်သူလူထုကို နှိပ်စက်ခြင်းများ ပြုလုပ်လာလျှင်

မဟာမိတ်များကိုပါ တိုက်ခိုက်ရမည်လော ဟူသည့် ပြဿနာကို တင်ပြသည်။ ထိုအချိန်က ကွန်မြူနစ်ပါတီ သည် ရုရှားကွန်မြူနစ်၊ အိန္ဒိယကွန်မြူနစ်များကဲ့သို့

မဟာမိတ်များနှင့် ပူးပေါင်းရေးကိုသာ တရားသေ စွဲကိုင်ထားလေရာ မဟာမိတ်တပ်များ ပြည်သူလူထု ဆန့်ကျင်ရေးကို လုပ်လာပါက လူထုတိုက်ပွဲနည်းဖြင့်

ဖြေရှင်းရန်၊ မဟာမိတ်အာဏာပိုင်များထံ တိုင်ကြားရန် ကိုသာ ဆုံးဖြတ်ခဲ့ကြသည်။ ကွန်ဖရင့်မှာ တစ်ရက် တည်းနှင့် ပြီးဆုံးသွားသည်။

ထိုအချိန်တွင် ရခိုင်ပြောက်ကျားများအား အင်္ဂလိပ်တပ်များက လက်နက်အပ်ရန် အရေးဆိုလာ ချိန်ဖြစ်သည်။ ကွန်မြူနစ်များမှာမူ မဟာမိတ်များနှင့်

လုံးဝပူးပေါင်းရေးကိုသာ အရေးဆိုနေကြလေသည်။ ဗိုလ်မှူးဗထူးသည် ပါတီကွန်ဖရင့်အပြီးတွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် သွားရောက်တွေ့ဆုံရာ ဗိုလ်ချုပ်

အောင်ဆန်းက အင်္ဂလိပ်များနှင့် နီးလာသည်နှင့် ဂျပန် များကို စတင်တိုက်ခိုက်ရန် အမိန့်ပေး ညွှန်ကြား လိုက်သည်။

ဗိုလ်မှူးဗထူး၏ ကြိုတင်တော်လှန်ရေး

၁၉၄၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်တွင် သခင်စိုးသည် ဒေးဒရဲတွင် ခိုအောင်းနေရာမှ ဗိုလ်မှူး ရဲထွဋ်နှင့်အတူ ရန်ကုန်သို့ ရောက်လာသည်။ ထို့နောက်

သခင်သန်းထွန်း၊ သခင်တင်မြတို့နှင့် ဆွေးနွေးသည်။ နောက်တစ်နေ့တွင် ဗိုလ်မှူးကြီးလကျာ်၊ ဗိုလ်မှူးကျော်ဇော၊ ဗိုလ်မှူးရန်အောင်၊ ဗိုလ်မှူးရဲထွဋ် နှင့်

ဗိုလ်မှူးဗထူး စသော တပ်မတော်ခေါင်းဆောင် များနှင့် တွေ့ဆုံ၍ တပ်မတော်အတွင်း ဖက်ဆစ် ဆန့်ကျင်ရေးအခြေအနေကို ဆွေးနွေးကြသည်။ သခင် စိုး

ရန်ကုန်ရောက်ရှိချိန်တွင် မဟာမိတ်လေယာဉ်ပျံ များသည် ရန်ကုန်မြို့ကို မကြာခဏ ဗုံးကြဲတိုက်ခိုက် လျက်ရှိသည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း၊ သခင် စိုး၊

သခင်သန်းထွန်း စသောခေါင်းဆောင်များသည် သခင်စိုးတည်းခိုနေသော ဂျပန်ပြန် ဗိုလ်မှူးမြင့်အောင် အိမ်တွင် ဖက်ဆစ်တော်လှန်ရေးအတွက် လျှို့ဝှက်စွာ

ဆွေးနွေးကြပြန်သည်။

ဖက်ဆစ်ဂျပန်များအား ဧပြီလ ၂ ရက်တွင် စတင်တော်လှန်ရန် သတ်မှတ်ထားလေရာ အထက် မြန်မာပြည်တွင်ရှိနေသော တပ်များမှာ မဟာမိတ်များ နှင့်

ဂျပန်တို့၏အကြားတွင် စစ်နှစ်ဖက်ညှပ်မည်ကဲ့သို့ ဖြစ်လာသည်။ မဟာမိတ်များနှင့် နားလည်မှုရယူ ထားပြီးဖြစ်ရာ မဟာမိတ်တပ်များ၏ အထင်အမြင်

လွဲမှားမည်ကိုလည်း စိုးရိမ်နေရသည်။

ထို့ကြောင့် ၁၉၄၇ ခုနှစ်၊ မတ်လ ၈ ရက်တွင် တိုင်းမှူးဖြစ်သူ ဗိုလ်မှူးဗထူးသည် မန္တလေး၊ စစ်ကိုင်း နှင့် မြစ်ငယ်မှ တပ်များကို ဖြတ်ကျော်ဖောက်ထွက်ရန်

အမိန့်ပေးလိုက်သည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အောက်မြန်မာပြည်မှ တပ်မတော်သားများ မထိခိုက်စေရန်အတွက် မိမိတို့သည် ဗိုလ်ချုပ်

အောင်ဆန်းကိုလည်းကောင်း၊ နိုင်ငံတော်အဓိပတိ (ဒေါက်တာဘမော်)ကိုလည်းကောင်း၊ ဂျပန်အာဏာ ပိုင်တို့ကိုလည်းကောင်း တော်လှန်လိုက်ပြီဖြစ်ကြောင်း

ကြေညာလိုက်သည်။ ဗိုလ်ချုပ်အောင်ဆန်းကလည်း ဗိုလ်မှူးဗထူးတို့ကို ပုန်ကန်သူများအဖြစ် ဟန်ပြ ကြေညာပေးခဲ့ရသည်။

မဟာမိတ်တပ်များသည် မတ္တရာဘက်မှ ထိုးစစ် ဆင်လာရာ မတ်လ ၂ဝ ရက်တွင် မန္တလေးကို သိမ်း ပိုက်လိုက်နိုင်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗမာ့ တပ်မတော်မှာ

မတ်လ ၁၇ ရက်တွင် စစ်ထွက်အခမ်း အနားကျင်းပ၍ တပ်ဖြန့်သွားပေပြီ။ ဗိုလ်မှူးဗထူး သည် အင်တောကျောက်ဂူဒေသသို့ ချီတက်၍ တော်လှန်ရေးလုပ်ရာမှ

ငှက်ဖျားရောဂါဖြင့် ကျဆုံး သွားရသည်။

Popular posts from this blog

ပြည်တွင်းသောင်းကျန်းမှုသမိုင်း (အပိုင်း ၁၈)

ပြည်တွင်းသောင်းကျန်းမှုသမိုင်း (အပိုင်း ၈)

ပြည်တွင်းသောင်းကျန်းမှု သမိုင်း(အပိုင်း ၁၅)