ပြည်တွင်းသောင်းကျန်းမှု သမိုင်း(အပိုင်း ၁၅)




ဖဆပလ အဖွဲ့ချုပ်

နေသူရိန်ညီလာခံ

၁၉၄၅ ခုနှစ်၊ နောက်ဆုံးပတ်တွင် ဗိုလ်ချုပ် အောင်ဆန်းသည် အာလံမြို့ (ယခု မြေထဲမြို့)မှ ရန်ကုန်မြို့သို့ ဆိုက်ရောက်လာသည်။ ထိုအချိန်တွင် ကွန်မြူနစ်ပါတီသည် အင်္ဂလိပ်ပြန်အဝင်၌ တရားဝင် ပါတီအဖြစ် ရပ်တည်ခွင့်ရရှိရေးအတွက် ဆိုင်းဘုတ် များထောင်၍၊ ပါတီရုံးများ ဖွင့်လှစ်၍ ပြီးလေပြီ။ ဖတပလအဖွဲ့ကြီးမှာမူ ဖက်ဆစ်ဂျပန်ကို တော်လှန်ရန် လျှို့ဝှက်ဖွဲ့စည်းခဲ့ရသည့်အလျောက် တရားဝင်ရပ်တည် ခွင့် မရသေးပေ။ မဟာမိတ်တပ်များက အသိအမှတ် ပြုရန်ပင် ခဲယဉ်းစွာ ကြိုးစားနေရချိန်ဖြစ်သည်။ မဟာမိတ် တို့သည် ဖတပလကိုအသိအမှတ်ပြုရန် လွယ်ကူစွာ ဆုံးဖြတ်ခြင်း မရှိခဲ့ကြပေ။ မြန်မာပြည်အတွင်းရှိ ဂျပန် တပ်များကို တိုက်ထုတ်အကူအညီပေးမည့် ပဉ္စမံ တပ်သားများအဖြစ်သာ သဘောထားခဲ့သည်။ ဖတပလ နှင့် တပ်မတော်၏တော်လှန်ရေးကို မျက်ဝါးထင်ထင် မြင်ရပြီးသောအခါ မတတ်သာ၍ ဆက်ဆံရသော်လည်း စစ်ကြီးအပြီးတွင် ဖျက်သိမ်းပစ်လိုသောသဘောထား များရှိနေသည်။

ဖတပလ အတွင်းတွင် တပ်မတော်၊ ကွန်မြူနစ် ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီတို့သည် အတူတကွ ပါဝင်ဆောင်ရွက်နေကြသည်။ သို့သော်လည်း အယူ အဆမှာကွဲပြားလျက်ရှိသည်။ တပ်မတော်နှင့် ပြည်သူ့ အရေးတော်ပုံပါတီသည် လိုအပ်ပါက နယ်ချဲ့တော်လှန် ရေးကို ထပ်မံဆင်နွှဲရန် အသင့်ပြင်ထားကြသော်လည်း ကွန်မြူနစ်ပါတီက လက်နက်စွန့်ရန်သာ တွန်းအားပေး နေသည်။ နိုင်ငံရေးအရ ဆောင်ရွက်ရာတွင်လည်း နယ်ချဲ့ကို အလျှော့ပေးဆက်ဆံရေးကိုသာ ကျင့်သုံး ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဖတပလ ခေါင်းဆောင်များနှင့် တိုင်ပင်၍ နိုင်ငံ့လွတ်လပ်ရေး အတွက် ဖတပလ အဖွဲ့ကြီးကို အတိအလင်းထူထောင် ပြီး နိုင်ငံရေးအရ တိုက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ရသည်။ ထို့ကြောင့် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ် ရေးအဖွဲ့ချုပ်ကို အမှတ်(၈) ချာချီလမ်း(ယခု ကိုယ့်မင်း ကိုယ့်ချင်းလမ်း)တွင် ဌာနချုပ်ဖွင့်လှစ်၍ အတိအလင်း ထူထောင်လိုက်ကြသည်။ ၁၉၄၅ ခုနှစ်၊ ဩဂုတ်လ ၆ ရက်တွင် အမေရိကန် လေတပ်သည် ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ပေါ်သို့ အဏုမြူဗုံးတစ်လုံးကြဲချလိုက်ရာ လူသူမြောက်မြားစွာ သေကျေပျက်စီးပြီး တစ်မြို့လုံးလည်း ပြာပုံဘဝသို့ ရောက်သွားရသည်။ ၁၉၄၅ ခုနှစ်၊ ဩဂုတ်လ ၈ ရက် တွင် အမေရိကန်တို့က နောက်ထပ် အဏုမြူဗုံးတစ်လုံး ကို နာဂါဆာကီမြို့ပေါ်သို့ ထပ်မံကြဲချလိုက်ပြန်သည်။ ထိုနေ့မှာပင် ဆိုဗီယက်ယူနီယံကလည်း ဂျပန်နိုင်ငံကို စစ်ကြေညာပြီး ဂျပန်တပ်များသိမ်းပိုက်ထားသည့် မန်ချူးရီးယားနှင့် ကိုရီးယားကျွန်းဆွယ်ကို စစ်ဆင် တိုက်ခိုက်တော့သည်။ ဂျပန်တပ်များသည် မိမိသိမ်း ပိုက်ခဲ့သော အာရှနှင့် ပစိဖိတ်နယ်မြေများမှ ဆုတ်ခွာ ပေးခဲ့ရပြီးဖြစ်သည့်အပြင် မဟာမိတ်များက ဂျပန် ကျွန်းကြီးကိုပင် ကမ်းတက်တိုက်ခိုက်နေပြီ ဖြစ်သည်။ စစ်ရေးအခြေအနေမလှတော့သော ဂျပန်နိုင်ငံသည် ၁၉၄၅ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်တွင် မဟာမိတ်တပ် များအား လက်နက်ချလိုက်ရတော့သည်။ မြန်မာနိုင်ငံ တွင်လည်း ဂျပန်တပ်များလက်နက်ချပြီးနောက် မြန်မာ နိုင်ငံသည် အင်္ဂလိပ်အစိုးရ၏လက်အောက်သို့ ပြန်လည် ရောက်ရှိသွားရတော့၏။ ဖတပလအဖွဲ့ချုပ်သည် နိုင်ငံ၏အနာဂတ်အရေး အတွက် အစည်းအဝေးတစ်ရပ်ကို ၁၉၄၅ ခုနှစ်၊ ဩဂုတ် လ ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့သည်။ အစည်း အဝေးသို့ ဖတပလ ဗဟိုဦးစီးအဖွဲ့ဝင်များ တက်ရောက် ခဲ့ပြီး ဖတပလကိုယ်စားလှယ်များပါဝင်သည့် လူထု အစည်းအဝေးကြီးတစ်ရပ် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြ သည်။ တစ်ပြည်လုံးရှိ ဖတပလ ကိုယ်စားလှယ်များ သည် ရန်ကုန်မြို့သို့ စုဝေးရောက်ရှိလာကြသည်။ ထို့နောက် ဩဂုတ်လ ၁၉ ရက်တွင် ကန်တော်ကြီး စောင်း၌တည်ရှိသော နေသူရိန်ဇာတ်ရုံကြီးသို့ ဖတပလ ကိုယ်စားလှယ်များနှင့် ပြည်သူအများရောက်ရှိလာပြီး ညီလာခံကျင်းပကြသည်။ ယင်းညီလာခံကို နေသူရိန် ညီလာခံဟုခေါ်တွင်ပြီး ပြည်သူလူထုတစ်သိန်းကျော် တက်ရောက်ခဲ့သည်။ နေသူရိန်ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းက သဘာပတိအဖြစ် ဆောင်ရွက်ပြီး မိန့်ခွန်းပြောရာ 'မျိုးချစ်ပုဂ္ဂိုလ်အားလုံး၊ အမျိုးသားစိတ်ရှိသည့် နိုင်ငံရေးပါတီအားလုံးတို့အား ဖဆပလနှင့် ပူးပေါင်း ပြီး နိုင်ငံလွတ်လပ်ရေးဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့ သည်။' နေသူရိန်ညီလာခံတွင် ဖတပလကို 'ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်' (ဖဆပလ) ဟု အမည်ပြောင်းလိုက်ကြသည်။ မြန်မာ နိုင်ငံ လွတ်လပ်ရေးအတွက်လည်း ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ရာကွန်မြူနစ်များအပါအဝင် ကိုယ်စားလှယ် အားလုံးက တညီတညွတ်တည်း ထောက်ခံအတည်ပြု ခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် နေသူရိန်ညီလာခံတွင် ဖက်ဆစ်ဂျပန်အား ဖတပလအဖွဲ့နှင့် တပ်မတော်တို့ တော်လှန်တိုက်ခိုက်ခဲ့ကြပုံကို အသေးစိတ် ရှင်းပြသွား သည်။

အထွေထွေအတွင်းရေးမှူး သခင်သန်းထွန်းက 'ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လွတ်လပ်သောဗမာပြည်' အမည်ရှိ စာတမ်းကို ဆက်လက်ဖတ်ကြားသည်။ ထို စာတမ်းမှာ ဖဆပလ၏ သဘောထားကြေညာချက် ဖြစ်သည်။ အဆို အမှတ်(၁)အဖြစ် ဗမာ့တပ်မတော် အဆိုကို ဒီးဒုတ်ဦးဘချိုက တင်သွင်းပြီး ဦးအေး (ဝန်ကြီးဟောင်း ဦးအေး)က ထောက်ခံသည်။ ကရင် ခေါင်းဆောင် မန်းဘခိုင်ကလည်း တပ်မတော်ကို ကျေးဇူးရှင်အဖြစ် ထောက်ခံခဲ့သည်။ ထို့နောက် အဆို အမှတ်(၂)အဖြစ် ဦးဘဖေက တိုင်းပြုပြည်ပြု လွှတ်တော်အဆိုကို တင်သွင်းသည်။ ဦးကျော်ငြိမ်းက ထောက်ခံသည်။ ထို့နောက် ဗမာ့တပ်မတော် တိုင်း အမှတ်(၄)၏ တိုင်းမှူးဖြစ်သူ ဗိုလ်မှူးကျော်ဇောက အဆိုအမှတ်(၃)ဖြစ်သော တစ်နိုင်ငံလုံးညီညွတ်ရေးကို တင်သွင်းရာ ပျော်ဘွယ်ဦးမြက ထောက်ခံသည်။ တိုင်းအမှတ်(၆) တိုင်းမှူးဖြစ်သူ ဗိုလ်မှူးရဲထွဋ်ကလည်း ထောက်ခံသည်။ အဆိုသုံးရပ်စလုံးကို တက်ရောက်လာသူ လူထု ကြီးက ကန့်ကွက်သူမရှိဘဲ တစ်ခဲနက် ထောက်ခံခဲ့ကြ သည်။ ထို့နောက် သခင်သန်းထွန်းက အဖွဲ့ချုပ် စည်းမျဉ်းယာယီဥပဒေကို ဖတ်ကြားကြေညာသည်။ ဗဟိုဦးစီးအဖွဲ့ကိုလည်း ထပ်မံဖြည့်စွက်၍ ဖွဲ့စည်း လိုက်သည်။

လက်ရှိဦးစီးအဖွဲ့ဝင်များ

(၁) ဗိုလ်ချုပ်အောင်ဆန်း

(၂) ဗိုလ်မှူးကြီးလကျာ်

(၃) ဗိုလ်မှူးကြီးနေဝင်း

(၄) သခင်သန်းထွန်း

(၅) သခင်မြသွင်

(၆) သခင်ဗဟိန်း

(၇) ဦးသိန်းဖေ

(၈) ဦးဘဆွေ

(၉) ဦးကျော်ငြိမ်း

(၁ဝ) သခင်ချစ်

(၁၁) သခင်ဝတင်

(၁၂) ဦးဘချို

(၁၃) ဦးချစ်မောင်

(၁၄) ဦးမြ

(၁၅) ဦးဘအုန်း

(၁၆) ဦးအေး

(၁၇) ဦးအောင်ဇံဝေ

(၁၈) ဦးဘိုးမြ (ကဿက)

(၁၉) ဦးကျော်ရင်

(၂ဝ) ဦးဘဂျမ်း

(၂၁) စောဘဦးကြီး

ထပ်မံဖြည့်စွက်သည့် ဦးစီးအဖွဲ့ဝင်များ

(၁) ဦးဘဖေ

(၂) ဦးသိမ်းမောင်

(၃) ဦးပု

(၄) ဦးဆက်

(၅) ဦးမြ (ပျော်ဘွယ်)

(၆) ဦးဘဝင်း

(၇) ဦးတင်

(၈) သရာသာထို

(၉) ဦးဘခိုင်

(၁ဝ) သခင်လေးမောင်

(၁၁) သခင်ညီ

(၁၂) မစ္စတာရာမန်

(၁၃) မစ္စတာရာရှစ် (ဦးဘတင်)

(၁၄) ဦးကြင်မှိန်

(၁၅) ဦးမျိုးရှု

ဖဆပလ အဖွဲ့ကြီးသည် နိုင်ငံရေးဂိုဏ်းပေါင်းစုံ စုဝေးပါဝင်သော အဖွဲ့ချုပ်ကြီးဖြစ်လာသည်။ ဖဆပလ ၏ နေသူရိန်ညီလာခံကြီးသည် ဗြိတိသျှနယ်ချဲ့များ အား များစွာ

တုန်လှုပ်ချောက်ချားစေခဲ့သော ညီလာခံ တစ်ရပ် ဖြစ်ခဲ့လေသည်။

ပြည်သူ့လွတ်လပ်ရေး(ဆိုရှယ်လစ်)ပါတီ

ဖဆပလ အဖွဲ့ကြီးတွင် တပ်မတော်၊ ကွန်မြူနစ် ပါတီနှင့် ပြည်သူ့အရေးတော်ပုံပါတီတို့သာမကဘဲ တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းအချို့သည်လည်း

ဗိုလ်ချုပ်အောင်ဆန်း၏ ဖိတ်ခေါ်ချက်အရ ပါဝင် ဆောင်ရွက်ကြလေသည်။ ပြည်သူ့အရေးတော်ပုံပါတီ မှာ ကွန်မြူနစ်များနှင့် ပူးပေါင်း၍ တစ်ပါတီတည်း ဖြစ်ရန်

ကြိုးစားခဲ့သေးသော်လည်း မအောင်မြင်နိုင် တော့ပေ။ ထို့ကြောင့် ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ အတွင်းတွင် သခင်မြ၊ ဦးဘဆွေနှင့် ဦးကျော်ငြိမ်းတို့ ခေါင်းဆောင်၍

ကွန်မြူနစ်ပါတီနှင့် စင်ပြိုင်ပါတီ တစ်ရပ်ကို ထူထောင်လိုက်ကြသည်။ ပြည်သူ့အရေး တော်ပုံပါတီဝင်များက ယင်းတို့၏ပါတီကို ပြည်သူ့ လွတ်လပ်ရေး(ဆိုရှယ်လစ်)

ပါတီဟု အမည်ပေးကြ သည်။ နယ်များတွင်လည်း ပါတီခွဲများထူထောင်ရန် ညွန်ကြားချက်ထုတ်ပြန်လိုက်သည်။ ဖျာပုံမြို့နယ်လုံး ဆိုင်ရာ ပြည်သူ့လွတ်လပ်ရေး

(ဆိုရှယ်လစ်)ပါတီကို ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်တွင် တည် ထောင်ဖွဲ့စည်းရာ ပါတီဌာနချုပ်၏ ထုတ်ပြန်ချက် စာတမ်းကို အောက်ပါအတိုင်း

ဖော်ပြထားသည်။

ပြည်သူ့လွတ်လပ်ရေး(ဆိုရှယ်လစ်)ပါတီ၏ထုတ်ပြန်ချက်စာတမ်း

ဗမာ့တော်လှန်ရေးပါတီ ဟူ၍လည်းကောင်း၊ ပြည်သူ့အရေးတော်ပုံပါတီဟူ၍လည်းကောင်း နယ်ချဲ့ စနစ်နှင့် ဖက်ဆစ်ဝါဒကို လျှို့ဝှက်ရေးပါတီအဖြစ်ဖြင့်

တော်လှန်ခဲ့သော ငါတို့၏ ပါတီကို ယခုအခါ တိတ်တိတ်ပုန်းလုပ်ငန်းများ တစ်စခန်းရပ်၍ အတိ အလင်းလုပ်ငန်းများဖြင့် ပြည်သူတို့အကျိုးကို မားမား မတ်မတ်

ရှေ့ဆောင်ရန် အချိန်ရောက်ပြီဟု ယုံကြည် သည့်အတိုင်း ပြည်သူ့လွတ်လပ်ရေး ဆိုရှယ်လစ်ပါတီ ဟူ၍ အမည်ပြောင်းပြီး ဗြောင်ထူထောင်သော ပါတီ အသွင်သို့

ပြောင်းလိုက်လေပြီ။

ငါတို့ ဗမာတိုင်းရင်းသားတို့၏ ဘိုးဘပိုင်ပစ္စည်း ဖြစ်သော ဗမာပြည်ကြီးကို ပြန်ပိုင်ရေးနှင့် ဗမာ တိုင်းရင်းသားတိုင်း မိမိတို့ ကောင်းကျိုးဆိုးကျိုးကို မိမိဘာသာ

ဖန်တီးနိုင်ခွင့်ရရေးတို့အတွက် ကျောင်း သားခေါင်းဆောင်များ၊ သခင်များ၊ ကျောင်းဆရာများ၊ မျိုးချစ်ပုဂ္ဂိုလ်များထဲမှ လက်ရွေးစင်များကို ရွေးချယ် ၍ ၁၉၃၉

ခုနှစ်ကပင် စတင်၍ လျှို့ဝှက်ရေးပါတီ တစ်ခုအဖြစ်ဖြင့် တည်ထောင်ခဲ့သည်။ အဂင်္လိပ်နယ်ချဲ့ စနစ်ကိုလည်း ငါတို့ တော်လှန်ခဲ့သည်။ ဖက်ဆစ်ဂျပန် များ

ဗမာပြည်တွင် အခြေစိုက် အမြစ်မတွယ်နိုင် အောင် လျှို့ဝှက်ရေးလုပ်ငန်းများဖြင့် ငါတို့ပင် တိုက်ခဲ့ကြသည်။ နောက်ဆုံး ကွန်မြူနစ်ပါတီ၊ ဗမာ့ တပ်မတော်နှင့် ငါတို့

ပါတီစုံဖွဲ့ပေါင်းပြီး ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကိုဖွဲ့စည်း ၍ ဂျပန်ကို အတိအလင်း ပုန်ကန်သောအခါ ငါတို့ ပါတီဝင်များသည်

စစ်တပ်အတွင်းမှ တိုက်သူတိုက်၊ စစ်တပ်အပြင်မှ ပြောက်ကျားရဲခေါင်များအဖြစ်ဖြင့် တိုက်သူတိုက်ခဲ့ကြသည်။ ငါတို့ရဲဘော်များသည် စစ်မြေပြင်၌လည်းကောင်း၊

ဂျပန်ကင်ပေတိုင်လက်ချက် ဖြင့်လည်းကောင်း အမြောက်အမြား သေကျေခဲ့ကြရ ပေသည်။

သို့သော် ယခုအခါ ကမ္ဘာ့အခြေအနေ ပြောင်းလဲ ခဲ့လေသည်။ ကမ္ဘာတစ်ခုလုံး လူထုအာဏာ လွှမ်းမိုးစ ပြုလာလေပြီ။ ထာဝစဉ်ငြိမ်းချမ်းရေးအတွက် ရှာကြံ

လျက်ရှိလေပြီ။ ၁၉၃၉ ခုနှစ် အင်္ဂလိပ်သည် ၁၉၄၅ ခုနှစ် အင်္ဂလိပ် မဟုတ်တော့။ လောလောဆယ် ဗမာ ပြည် နိုင်ငံရေးထူထောင်ရေးတို့အတွက် အရေးတကြီး

အလိုရှိအပ်သော ပါတီပေါင်းစုံ၊ အဖွဲ့ပေါင်းစုံ၊ ခေါင်းဆောင်ပေါင်းစုံတို့ပါဝင်သော ညီညွတ်ရေး တပ်ဦးဂ ကိုလည်း ငါတို့လိုလားသည့်အတိုင်း လုံးပန်း၍

အောင်မြင်ခဲ့လေပြီ။ ထို့ကြောင့် အခြေအနေပြောင်းလဲ သည့်အလျောက် ငါတို့၏နည်းနှင့် ပရိယာယ်ကို အပြန် အလှန် အကျိုးနှင့်အကြောင်းဝေဖန်သောနည်းအရ

ထိုးထွင်းဖန်တီးရမည်။ လျှို့ဝှက်လုပ်ကြံရေး၊ လက်နက် ကိုင်အန်တုရေး၊ အကြမ်းဖက်ပုန်ကန်ရေးတို့ကို လုံးဝ စွန့်ပယ်ရမည်။

ငြိမ်းချမ်းရေးကို ရှာနေသော ကမ္ဘာကြီးတွင် အကြမ်းမဖက်သော နိုင်ငံရေးနည်းများဖြင့် ငါတို့၏ လွတ်လပ်ရေးကို ရှာကြံရမည်။ လူထုအာဏာ လွှမ်းမိုး သော

ကမ္ဘာကြီးတွင် လူထုတိုက်ပွဲဖြင့် အောင်ပွဲယူကြ ရမည်။ လျှို့ဝှက်သောလုပ်ငန်းများမှ အတိအလင်း လုပ်ငန်းများသို့ ပြောင်း၍ ဗြောင်လုပ်ရမည်။

ထို့ကြောင့် ငါတို့ပါတီကို လျှို့ဝှက်ရေးပါတီအဖြစ် မှ အတိအလင်းလုပ်ငန်းများကို လုပ်ဆောင်ရန် ဗြောင် ထူထောင်သောပါတီအဖြစ်သို့ ပြောင်းလိုက်ခြင်းဖြစ် သည်။

ငါတို့၏ရည်ရွယ်ချက်

ငါတို့၏ ရည်ရွယ်ချက်မှာ -

(၁) ထာဝရငြိမ်းချမ်းရေး။ ။ ဗမာပြည်နှင့်တကွ ကမ္ဘာကြီးမှ အဓမ္မစနစ်၊ နိုင်ရာစားဝါဒကြီး ကွယ်ပျောက်၍ သာတူညီမျှ ကမ္ဘာ့ဒီမို ကရေစီ ညွန့်ပေါင်း

အိမ်ထောင်ကြီး တည်ထောင်ရေး။

(၂) တိုင်းပြည်လွတ်လပ်ရေး။ ။ ဗမာပြည်သည် ဗမာ့တိုင်းရင်းသားတို့၏ ဘိုးဘပိုင်ပစ္စည်း ဖြစ်သည့်အတိုင်း ဗမာတိုင်းရင်းသားများ ပြန်ပိုင်ရေး။

(၃) လူမျိုးလွတ်လပ်ရေး။ ။ ဗမာတိုင်းရင်းသား တို့သည် မိမိတို့၏ကောင်းကျိုးဆိုးကျိုးကို မိမိ တို့ကိုယ်တိုင် ဖန်တီးနိုင်ခွင့်ရရှိရေး။

(၄) ပြည်သူ့လွတ်လပ်ရေး။ ။ ပြည်သူတိုင်း မိမိ တို့ရသင့်ရထိုက်သော ပြည်သူ့အာဏာရရှိ၍ အခွင့်အရေးကျပ်ပြည့်ခံစားခွင့် ရရှိရေး။

ငါတို့၏ဝါဒ

ငါတို့၏ဝါဒမှာ လောကဓာတ်ပညာဖြင့် ခိုင်လုံ၍ သဘာဝကျသော (ဆိုရှယ်လစ်ဝါဒ) (Socialism) ဖြစ်သည်။ ထိုဝါဒကို ငါတို့သည် ကမ္ဘာ့အခြေအနေ၊ ဗမာ့အခြေအနေနှင့် လျော်ညီအောင် ကျင့်သုံးသွား မည်။ ငါတို့သည် အပြန်အလှန် အကျိုးနှင့် အကြောင်း ဝေဖန်သော နည်းအရ အချိန်အခါနှင့် ဒေသ အလျောက် နည်းနှင့် ပရိယာယ်ကို ထိုးထွင်းဖန်တီး သွားမည့် ထိုးထွင်းဖန်တီးရေးသမားများ ဖြစ်ကြသည်။ ငါတို့သည် တိုးတက်ရေးအစဉ်နှင့် ပြုပြင်ပြောင်းလဲမှု ကို ယုံကြည်သူများ ဖြစ်ကြသည်။ ငါတို့ ပါတီဝင်များ ၏ လက်သုံးစကားများမှာ ငါမှန်လျှင် လိုက်လော့၊ ငါ မှားလျှင် ကြိုပြင်လော့ဆိုသောစကားပင် ဖြစ်သည်။ ဤစကားအတိုင်း ငါတို့ကျင့်သုံးမည်ဖြစ်၍ ငါတို့အား စေတနာဖြင့် ဝေဖန်ခြင်း၊ ပြင်ဆင်ခြင်းကို ငါတို့သည် အမြဲလက်ခံသည်။

ငါတို့ကား အသက်နှင့် စည်းစိမ်ကို စွန့်လှူ၍ တို့တိုင်းပြည်အား ပူဇော်ခဲ့သူများဖြစ်သည်။ နယ်ချဲ့ စနစ် ညှဉ်းပန်းမှု၊ ဖက်ဆစ်ဓားပြတို့၏ ရက်စက် ကြမ်းကြုတ်မှုတို့ဖြင့် နပန်းလုံးခဲ့သူများ ဖြစ်သည်။ တိုင်းပြည်လွတ်လပ်ရေး၊ လူမျိုးလွတ်လပ်ရေးတို့ အတွက် ငါတို့၏ အသက်ပေါင်းများစွာ ကျဆုံးခဲ့၏။ သို့သော် ငါတို့ကား မတုန်လှုပ်၊ လျှို့ဝှက်လုပ်ကိုင်ရ မည့်အချိန်တွင် လျှို့ဝှက်ပါတီအဖြစ်ဖြင့် ဘယ်လောက် ကြီးလေးသော အန္တရာယ်ပင်ဖြစ်စေ ငါတို့ မတွန့် မဆုတ်ခဲ့လေပြီ။ ငါတို့သည် မိမိတို့အလုပ်နှင့်ပတ်သက် ၍ တစ်ဆိတ်ကို တစ်အိတ်လုပ်သူများမဟုတ်။ ငါတို့၏ စေတနာ၊ ငါတို့၏သဘောထားကို အလုပ်ဖြင့် ပြသူ တို့သာဖြစ်သည်။ ထို့ကြောင့် ဗမာပြည်အနှံ့အပြား ဖွဲ့စည်းပြီး ရှိနေကြသော ငါတို့ပါတီဝင်များကို အတိအလင်း လုပ်ငန်းများဖြင့် ပြည်သူတို့အကျိုးကို မားမားမတ်မတ် ရှေ့ဆောင်၍ တိုးတက်ရေး အစဉ်အတိုင်း ချီတက် ကြရန် ငါတို့ ဆင့်ဆိုသည်။ အယူသီးမှုကို စွန့်ပယ်ရန် ဆိုရှယ်လစ်ဝါဒကို ကာလဒေသနှင့်လျော်ညီအောင် ထိုးထွင်းဖန်တီးလိုသော လက်ဝဲဂိုဏ်းသားများအား ငါတို့ ဖိတ်ခေါ်သည်။ ငါတို့နှင့် စုရုံးကြလော့။ ငါတို့ သည် တိုးတက်ရေး အစဉ်အတိုင်း ထိုးထွင်းဖန်တီး၍ ချီတက်ကုန်အံ့။ လောလောဆယ် ဗမာပြည် နိုင်ငံရေး ထူထောင်ရေးတွင် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေးအဖွဲ့ချုပ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဖြင့် အဖွဲ့ချုပ်၏ ရှေ့ဆောင်ချက်အတိုင်း တစ်သဝေ မတိမ်း ကြိုးပမ်းကြကုန်အံ့။

ပြည်သူ့လွတ်လပ်ရေး (ဆိုရှယ်လစ်) ပါတီ၏ ထုတ်ပြန်ချက်စာတမ်းမှာ ယင်းပါတီ၏ မူဝါဒသဘော တရားနှင့် ရှေ့လုပ်ငန်းစဉ်များပင် ဖြစ်သည်။ ယင်း ပါတီဝင်တို့သည် လောကဓာတ်ပညာဖြင့် ခိုင်လုံ၍ သဘာဝကျသော ဆိုရှယ်လစ်ဝါဒကို လက်ခံသည်။ အဆိုပါ ဝါဒမှာ သိပ္ပံနည်းကျဆိုရှယ်လစ်ဝါဒ (Scientific Socialism ) (ခေါ်) မာ့ခ်စ်ဝါဒ(Marxism) ပင် ဖြစ်သည်။ သို့သော် ဆိုရှယ်လစ်များသည် ကွန်မြူနစ် တို့ကဲ့သို့ ပုံတူကူးခြင်းကို ရှောင်ရှားထားပြီး မြန်မာ နိုင်ငံ၏ လက်ရှိအခြေအနေနှင့် လျော်ညီအောင် ကျင့်သုံးမည်ဟု ဆိုကြသည်။ မည်သို့ပင်ဆိုစေ ဖဆပလ အဖွဲ့ထဲတွင် တပ်မတော်၊ ကွန်မြူနစ်ပါတီနှင့် ဆိုရှယ်လစ်ပါတီတို့ မှာ အင်အားအကောင်းဆုံးအဖွဲ့ကြီးများ ဖြစ်သည်။ တပ်မတော်ခေါင်းဆောင်များအတွင်းတွင်လည်း ဆိုရှယ် လစ်ပါတီဝင်များရော ကွန်မြူနစ်ပါတီဝင်များပါရှိနေကြ သည်။ ဖဆပလအဖွဲ့ကြီး၌ ဆိုရှယ်လစ်၊ ကွန်မြူနစ်တို့ ကဲ့သို့ လက်ဝဲဝါဒီ(Liftist)များ ပါဝင်သကဲ့သို့ (၁) မျိုးချစ် အဖွဲ့၊ (၂) ရခိုင်အမျိုးသမီး၊ အမျိုးသား အစည်းအရုံး၊ (၃) ဗဟိုကရင်အဖွဲ့ချုပ် စသောအဖွဲ့များလည်းပါဝင်၍ လွတ်လပ်ရေးကိုကြိုးပမ်းခဲ့ကြသည်။

ကန္ဒီစာချုပ်

ဖဆပလအဖွဲ့ကြီးသည် နေသူရိန်ညီလာခံကြီး၌ ဗမာ့တပ်မတော်အဆိုကို တညီတညွတ်တည်း ဆုံးဖြတ် ခဲ့သည်။ လွတ်လပ်ရေးကြိုးပမ်းမှုလမ်းကြောင်းတွင် တပ်မတော်၏အရေးမှာ အရေးတကြီးဖြစ်၍လာသည်။ ဖက်ဆစ်တော်လှန်ရေးကို အဓိကအခန်းမှ ပါဝင်ဆင်နွှဲ ခဲ့သော ဗမာ့တပ်မတော်၊ ပြောက်ကျားတပ်များ၊ အခြားလက်နက်ကိုင်တပ်များမှာ အင်္ဂလိပ်ပြန်ဝင်လာ သောအခါတွင် ဖျက်သိမ်းခံရမည့်ကိန်းနှင့် ကြုံကြိုက် နေသည်။ ထို့ကြောင့် နေသူရိန်ညီလာခံသည် ဗမာ့ တပ်မတော်အဆိုကို အတည်ပြု ဆုံးဖြတ်ရခြင်း ဖြစ်သည်။ ယင်းအဆိုမှာ မျိုးချစ်ဗမာ့တပ်မတော်နှင့် ပြောက်ကျားတပ်များအား အမြဲတမ်း စစ်တပ်အဖြစ် ထားရန် ဆုံးဖြတ်ခြင်းပင် ဖြစ်သည်။

နေသူရိန်ညီလာခံဆုံးဖြတ်ချက်အား ဆွေးနွေးရန် မဟာမိတ်စစ်ဌာနချုပ်မှ လော့လူဝီ မောင့်ဘက်တန် သည် ဖဆပလကိုယ်စားလှယ်များအား ဖိတ်ကြားလိုက် သည်။ ဖဆပလအဖွဲ့ကြီးက သီဟိုဠ်နိုင်ငံ၊ ကန္ဒီမြို့ရှိ မဟာမိတ်စစ်ဌာနချုပ်သို့ သွားရောက်ဆွေးနွေးရန် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့ကို စေလွှတ်သည်။ ယင်းကိုယ်စားလှယ်အဖွဲ့မှာ အောက်ပါအတိုင်းဖြစ်သည် -

(၁) ဗိုလ်ချုပ်အောင်ဆန်း

(၂) ဦးဘဖေ (ဘကြီးဘဘေ၊ ကွယ်လွန်)

(၃) စောဘဦးကြီး(တောခို၊ ကေအင်(န်)ယူ၊ အသေမိ)

(၄) ဦးညိုထွန်း (အငြိမ်းစား သံအမတ်ကြီး)

(၅) ဗိုလ်လကျာ် (တောခို၊ ပြည်ပြေး၊ သေဆုံး)

(၆) ဗိုလ်နေဝင်း(လမ်းစဉ်ပါတီ ဥက္ကဋ္ဌဟောင်း)

(၇) ဗိုလ်ဇေယျ (တောခို၊ ဗကပ၊ အသေမိ)

(၈) ဗိုလ်ဇော်မင်း(ဗိုလ်မှူးချုပ်ဟောင်း မောင်မောင်ကျော်ဝင်း)

(၉) ဗိုလ်ကျော်ဇော (ဗိုလ်မှူးချုပ်ဟောင်း၊ တောခို)

(၁ဝ) ဗိုလ်မောင်မောင် (ဗိုလ်မှူးချုပ်ဟောင်း)

(၁၁) သခင်သန်းထွန်း(ဗကပ ဥက္ကဋ္ဌ သေဆုံး) တို့ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ ၄ ရက် တွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာကြသည်။ ထိုအချိန် က

ကိုသိန်းဖေသည် အိန္ဒိယပြည်တွင်ရှိနေသေးရာ ကိုယ်စားလှယ်အဖွဲ့သည် ကိုသိန်းဖေနှင့်လည်း ဝင် ရောက်ဆွေးနွေးခဲ့ကြသည်။ ကိုသိန်းဖေက စစ်အတွင်း ခရီးသည်

စာအုပ်တွင် အောက်ပါအတိုင်း ရေးသား ထားသည် -

ဗိုလ်ချုပ်အောင်ဆန်း စစ်ထဲမှာ ဆက်လက် အမှုထမ်းရေးနှင့် နိုင်ငံရေးဝင်ရေးပြဿနာကို ကျွန်တော်တို့သည် အမြင်နှစ်မျိုးဖြင့် ဆွေးနွေး ကြသည်။

တစ်မျိုးမှာ ရှေ့အဖို့ နိုင်ငံရေးတိုက်ပွဲ က ပိုအရေးကြီးတော့မည်။ နိုင်ငံရေးအင်အားစု အမျိုးမျိုးကို စုစည်းနိုင်သောခေါင်းဆောင် လိုနေ သည်။ ထိုနေရာနှင့်

ဗိုလ်အောင်ဆန်း သင့်လျော် သည်။ အခြားတစ်မျိုးမှာ နိုင်ငံရေးတိုက်ပွဲက ပို အရေးကြီးသည်ဆိုသောအချက်ကိုမငြင်း။ သို့သော် စစ်ရေးအခန်းမှာလည်း

မသေးဟုဆိုသည်။ ဗိုလ်အောင်ဆန်းမှာ နိုင်ငံရေးခေါင်းဆောင်အနေ နှင့် အရည်အချင်းမပြည့်၊ ဆက်ဆံမှုညံ့သည်။ ပရိယာယ်မတတ်။ ဗိုလ်အောင်ဆန်းသည် စစ်

ဗိုလ်ချုပ်အဖြစ်ဖြင့် ပို၍အသုံးဝင်မည်။ ပထမ အမြင်နှင့်ဆိုက စစ်ဘက်တွင် အခြား ထမ်းရွက် သူများရှိသည်။ နိုင်ငံရေးဘက်တွင် အင်အားစု အမျိုးမျိုး စုစည်းရန်နှင့်

အမျိုးသားညီညွတ်ရေး တည်ဆောက်ရန်တာဝန်ကို ဗိုလ်အောင်ဆန်း သာလျှင် အကျေပွန်ဆုံးထမ်းရွက်နိုင်မည်ဟု ဖြေရှင်းကြလေသည်။

ကွန်မြူနစ်များသည် နိုင်ငံရေးဘက်တွင် ခေါင်း ဆောင်မှုကို များစွာတပ်မက်နေကြပြီးဖြစ်သည်။ သခင် သန်းထွန်းသည် ဗိုလ်ချုပ်အောင်ဆန်း၏ခေါင်းဆောင်မှု နှင့်

ပတ်သက်ပြီး မြုံနေသော်လည်း ဂိုရှယ် က ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံရေးသို့ မဝင်ထိုက်။ စစ်ဘက် မှာသာ ခေါင်းဆောင်ထိုက်သည်ဟု ဆိုသည်။ ဗိုလ် လကျာ်က

ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံရေးတိုက်ပွဲ၊ အမျိုးသားစည်းရုံးရေးတိုက်ပွဲအတွက် နိုင်ငံရေးသို့ မဝင်၍ မဖြစ်ဟု ဆိုသည်။ တပ်မတော်တွင် အခြားသူ များရှိကြောင်း

ဆိုသည်။ ကိုသိန်းဖေက ဗိုလ်လကျာ် ကို ထောက်ခံလိုက်သည်။ ထို့နောက် ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင်ကလည်း စစ်တပ်မှထွက်ပြီး နိုင်ငံရေးဘက်တွင်

ဦးဆောင်မှုပေးမည်ဟု ပြောလာ သည်။

၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နှင့် ၇ ရက် များတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက်ပါ အချက်များကို မောင့်ဘက်တန်နှင့် ဆွေးနွေးသဘော တူပြီး

ကန္ဒီစာချုပ်၃ ကို ချုပ်ဆိုကြသည်။

(၁) ဗမာ့တပ်မတော်ကို တကွဲတပြားစီ ဖျက် သိမ်း၍ တစ်ဦးစီ စစ်တပ်အတွင်းသို့ သိမ်း သွင်းမည့် မူလစနစ်ကို ဆိုင်းခဲ့ရသည်။

(၂) ဗမာ့တပ်မတော်အား မြန်မာပြည် စစ်တပ် အတွင်းသို့ ပူးပေါင်းလိုက်သည်။

(၃) ဗမာ့တပ်မတော်အတွင်း၌ ဆက်လက်နေ လိုသူ ကျန်းမာရေးနှင့် ပြည့်စုံသည့် တပ်သား ၅၂ဝဝ နှင့် အရန် ၃ဝဝဝ ကို လက်ခံသည်။

(၄) တပ်မတော် ဗိုလ် ၂ဝဝ နှင့် အရန်ဗိုလ် ၂ဝဝ ကို လက်ခံသည်။

(၅) တပ်မတော်သားများစုံစမ်းရေးကို မဟာမိတ် ကိုယ်စားလှယ်၊ တပ်မတော်ကိုယ်စားလှယ် တို့ ပူးတွဲအဖွဲ့ဖွဲ့ကာ ဆောင်ရွက်စေခဲ့သည်။

(၆) တပ်မတော်သားများသည် လစာ၊ ခွင့်ရက်၊ ဆေးဝါးကုသခြင်းစသော ရသင့်ရထိုက် သည့် အခွင့်အရေးများကို ရခဲ့သည်။

မောင့်ဘက်တန်က ဗိုလ်ချုပ်အောင်ဆန်းအား ဗိုလ်မှူးချုပ်ရာထူးဖြင့် တပ်မတော်တွင် ဆက်လက် လုပ်ကိုင်ရန် ကမ်းလှမ်းလိုက်သည်။ သို့သော် ဗိုလ်ချုပ် အောင်ဆန်းက

ငြင်းပယ်လိုက်သည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံရေးဘက်တွင် လုံးဝ ဦးဆောင်မှုပေးရန်အတွက် တပ်မတော်မှ နုတ်ထွက် လိုက်ရသည်။

တပ်မတော်တစ်ရပ်လုံးမှာလည်း နိုင်ငံရေး နှင့် မပတ်သက်စေရန်အတွက် ဖဆပလအဖွဲ့ကြီးမှ နုတ်ထွက်လိုက်ရသည်။ ကန္ဒီစာချုပ်ကို လက်မှတ်ရေး ထိုးသူများတွင်

ကရင်ခေါင်းဆောင် စောဘဦးကြီး လည်း ပါသည်။ စောဘဦးကြီး၏ဆန္ဒနှင့် ပတ်သက်၍ ဒေါက်တာမောင်မောင်က မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်းစာအုပ်

စာမျက်နှာ ၂၅၆ တွင် အောက်ပါအတိုင်း ရေးသားထားသည် -

'ဦးဘဘေက သတင်းစာဆရာများအား မပြောခဲ့သည့်အချက် ရှိလေသည်။ ထိုအချက် သည် နိုင်ငံ၏အနာဂတ်အတွက် ကောင်းသော နိမိတ်မဟုတ်၊

ရင်လေးဖွယ်ရာသာ ဖြစ်၏။ အချင်းချင်း ရင်းရင်းနှီးနှီး ပြောဆိုကြရာများတွင် ဦးဘဘေက စောဘဦးကြီးအား ကရင်အမျိုးသား များ၏ လိုလားချက်ကို မေး၏။

ကရင်ပြည်နယ် ရရင် ကျေနပ်မှာလားမေးရာ စောဘဦးကြီးက ပြုံး၍ ဦးဘဘေ ကျွန်တော်တို့က ဒါလောက်နဲ့ မရဘူး၊ ဒီထက်ပိုပြီး လိုချင်တယ်ဟု ပြောလေ သည်။'

စာမျက်နှာ ၂၅၇ တွင်လည်း.....

'ဗိုလ်ချုပ်ကြီးနေဝင်းက ကန္ဒီဆွေးနွေးပွဲတွင် စောဘဦးကြီး မျက်စိလည်သွားခဲ့ရခြင်းကို ဤသို့ ပြောဖူးသည်။

ကွန်ဖရင့်စားပွဲတွင် တောင်ပေါ်လူထုသည် စစ်အတွင်းတစ်လျှောက်လုံး အဂင်္လိပ်ဘက်မှ တိုက်ခိုက်ခဲ့၍ ၎င်းတို့အား ကာကွယ်ရန် အင်္ဂလိပ် တွင်

တာဝန်ရှိသည်ဟူ၍ ပြောခဲ့သည်။ ထိုအခါ တွင် စောဘဦးကြီး မျက်စိလည်ပြီး ဟိုဘက် ပါ သွားခဲ့သည်။ ရန်ကုန်မှမထွက်ခွာမီ ကျွန်တော်တို့ ဆွေးနွေးကြသောအခါတွင်

အခြေအနေမှာ သိပ် ကောင်းပါသည်။ ဟိုရောက်၍ နှစ်ရက်၊ သုံးရက် ရှိမှ ဤသို့ဖြစ်ခြင်းဖြစ်သည်ဟုဖော်ပြခဲ့သည်။'

ကန္ဒီစာချုပ်အရ တပ်မတော်ကို အသစ်ပြန်လည် ဖွဲ့စည်းသောအခါ တော်လှန်ရေးဆင်နွှဲခဲ့ကြသည့် ရဲဘော်အပေါင်းမှာ တပ်မတော်သို့ အားလုံးဝင်ခွင့်မရ ကြပေ။

ထို့ကြောင့် ဖဆပလအဖွဲ့ချုပ်၏ အစီအမံဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ပြည်သူ့ရဲဘော်တပ်ဖွဲ့ကို ဖွဲ့စည်း၍ တော်လှန်ရေးဆင်နွှဲခဲ့ကြသည့် လူငယ်၊ လူ ရွယ်များအား

နိုင်ငံရေးအရစုစည်းထားရလေသည်။'

ဆာပေါ်ထွန်းအစိုးရ

၁၉၄၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် မြန်မာပြည်ရှိ ကက်(စ်)ဘီစစ်အုပ်ချုပ်ရေးကို တရားဝင် ရုပ်သိမ်းလိုက်သည်။ ထိုနေ့တွင်ပင် ကလီယိုပတ်ထရား

သင်္ဘောဖြင့် ရန်ကုန်သို့ရောက်လာသော ဘုရင်ခံဆာ ဒေါ်မန်စမစ်က အုပ်ချုပ်ရေးကို လက်ခံလိုက်သည်။ ထို့နောက် မြန်မာနိုင်ငံစစ်အုပ်ချုပ်ရေးနှင့် ပတ်သက်၍

စက္ကူဖြူစာတမ်း ထွက်လာသည်။ သခင်စိုးက စက္ကူနီ စာတမ်းကို ရေးသားပြီး ပြက်ရယ်ပြု၍ ချေပသည်။ စက္ကူဖြူစာတမ်းမှာ မြန်မာနိုင်ငံအား အဆင့်ဆင့်

လွတ်လပ်ရေးပေးရေးသာ ဖြစ်သည်။ လွတ်လပ်ရေး ရလျှင်လည်း ဗြိတိသျှ ဓနသဟာယ နိုင်ငံရေးအဆင့် သာ ရရှိမည်ဖြစ်သည်။ ဖဆပလ အဖွဲ့သည် ဗိုလ်ချုပ်

အောင်ဆန်း၏ဦးဆောင်မှုဖြင့် လွတ်လပ်ရေးရရှိ အောင် နိုင်ငံရေးတိုက်ပွဲ ဝင်ရတော့သည်။

ဖဆပလ ခေါင်းဆောင်များသည် အောက်တိုဘာ လကုန်ပိုင်းနှင့် နိုဝင်ဘာလ ပထမပတ်ထဲတွင် ဘုရင်ခံ နှင့် ဆွေးနွေး၍ တောင်းဆိုချက်များကို တင်ပြကြသည်။

ဖဆပလ၏ တောင်းဆိုချက်မှာ ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးဖြစ်သည်။ ဘုရင်ခံက မြန်မာများပါဝင်သည့် ကြားဖြတ်အစိုးရကို လက်ခံသော်လည်း ကောင်စီ ၁၄

နေရာရှိသည့်အနက် ၁၁ နေရာကို ဖဆပလအား ပေးရန် တောင်းဆိုချက်ကို ငြင်းပယ်လိုက်သည်။ ခုနစ် နေရာသာ ပေးမည်ဟု သဘောတူသည်။ ပြည်ထဲရေး ဌာနကို

ဖဆပလ လက်ထဲ မအပ်နိုင်ဟုလည်း ဆိုသည်။ ကောင်စီလူကြီး အမည်စာရင်းတွင် ကိုသိန်းဖေ ပါဝင်နေရာ ကိုသိန်းဖေသည် အိန္ဒိယကွန်မြူနစ်များ နှင့်

အဆက်အသွယ်ရှိသူဖြစ်သဖြင့် ဘုရင်ခံက လက်မခံ။ ဖဆပလ၏တောင်းဆိုချက်ကို ဂရုမစိုက်ဘဲ အလိုတော်ရိများသာပါဝင်သည့် ဆာပေါ်ထွန်းအစိုးရ ကို

ဖွဲ့စည်းလိုက်သည်။ ထို့ကြောင့် ဖဆပလသည် နိုင်ငံရေးတိုက်ပွဲကို ဆက်လက် ဆင်နွှဲရပြန်သည်။

Popular posts from this blog

ပြည်တွင်းသောင်းကျန်းမှုသမိုင်း (အပိုင်း ၁၈)

ပြည်တွင်းသောင်းကျန်းမှုသမိုင်း (အပိုင်း ၈)