ပြည်တွင်းသောင်းကျန်းမှုသမိုင်း (အပိုင်း ၅)
ကရင်-ဗမာအဓိကရုဏ်း ပေါ်ပေါက်လာခြင်း
ကရင်လူမျိုးများအပေါ် ဗြိတိသျှတို့၏ သွေးခွဲမှုများ
ကရင်အနွယ်ဝင် တိုင်းရင်းသားလူမျိုးများ၏ မူလဇာစ်မြစ်မှာ မွန်လွိုက်မျိုးနွယ်ပင်ဖြစ်သည်။ ကရင်လူမျိုးများကို အချို့သမိုင်းဆရာများက တိုင်တရုတ်စုမှ ဆင်းသက်လာသည်ဟု ယူဆကြပြီး အချို့ကမူ တိဗက်တိုဘားမင်း(တိဗက်မြန်မာ)စုမှ ဆင်းသက်လာသည်ဟု ယူဆကြသည်။ တိုင်တရုတ်အုပ်စုသည် မြန်မာနိုင်ငံသို့ နောက်ဆုံးရောက်ရှိလာကြသူများဖြစ်ပြီး အရှေ့ ဘက်တောင်တန်းများပေါ်တွင် စတင်နေထိုင်ကြသည်။ နှစ်ပေါင်းများစွာကြာသောအခါက ကရင်လူမျိုးများ ပေါ်ပေါက်လာပြီး လူဦးရေတိုးပွားလာသဖြင့် တောင်ဘက် မြေပြန့်သို့ ရွှေ့ပြောင်းလာကြသည်။ အများစုမှာ ကယားတောင်တန်းဒေသမှ တနင်္သာရီတောင်တန်းဒေသအထိ တောင်ပေါ်ဒေသများနှင့် မြစ်ဝကျွန်းပေါ်ဒေသတို့တွင် အခြား မွန်၊ ဗမာစသောလူမျိုးများနှင့် ရောနှောနေထိုင်ကြသည်။ မြေပြန့်ဒေသတွင်နေထိုင်ကြသော ကရင်အများစုမှာ ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး ယဉ်ကျေးမှုဓလေ့ထုံးစံမှာလည်း မွန်၊ ဗမာတို့နှင့် ကွဲပြားမှုမရှိခဲ့ပေ။ တောင်ပေါ် ဒေသတွင်နေထိုင်ကြသော ကရင်များမှာမူ နတ်ကိုးကွယ်လေ့ရှိပြီး ယဉ်ကျေးမှုဓလေ့ထုံးစံမှာ အနည်းငယ်ကွဲပြားကြသည်။ ကရင်လူမျိုးများ၏ အဓိကစီးပွားရေးမှာ အခြားလူမျိုးများကဲ့သို့ပင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ဖြစ်သည်။ သက်ဦးဆံပိုင်ပဒေသရာဇ်စနစ်တွင် ကရင်များသည် ဗမာများနှင့် သီးသန့်ခွဲခြား၍ ဖိနှိပ်ခံရခြင်းမျိုး များမရှိခဲ့ပေ။ ဩဇာအာဏာထက်မြက်ခဲ့သည့် မြန်မာဘုရင်၊ မွန်ဘုရင်များက ကရင်လူမျိုးများအား လူမျိုးရေးအရ ဖိနှိပ်ညှဉ်းဆဲမှုများလည်း မြန်မာ့သမိုင်းတွင် မရှိခဲ့ပေ။ ပဒေသရာဇ်ခေတ်ကာလအတွင်း ဗမာ၊ မွန်တိုင်းရင်းသားများ ကြုံတွေ့ခဲ့ကြရသည့် ကောင်းကျိုး ဆိုးကျိုးများကို ကရင်များလည်း တန်းတူပင် ကြုံတွေ့ ခဲ့ကြရသည်။ သက်ဦးဆံပိုင်ပဒေသရာဇ်စနစ်၏ ခါးသီးသောအတွေ့အကြုံများကို ကရင်များအနေနှင့် အခြားလူမျိုးများထက် ထူးထူးခြားခြား ပိုမိုခံစားခဲ့ကြရခြင်း မရှိခဲ့ပေ။
အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီးတွင် အင်္ဂလိပ်တို့သည် ရခိုင်နှင့် တနင်္သာရီကို ပိုင်ဆိုင်ခွင့်ရသွားခဲ့ကြသည်။ ထို့ကြောင့် အင်္ဂလိပ်နှင့် အမေရိကန်သာသနာပြုဆရာများသည် တနင်္သာရီရှိ ကရင်လူမျိုးများနှင့်စတင်ထိတွေ့ ခွင့်ရလာကြသည်။ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲပြီး သောအခါတွင်ကား အောက်မြန်မာနိုင်ငံတစ်ခုလုံးနယ်ချဲ့လက်အောက်ကျရောက်သွားသဖြင့် သာသနာပြုဆရာများသည် မြစ်ဝကျွန်းပေါ်ရှိ ကရင်လူမျိုးများနှင့်ပါ ထိတွေ့ခွင့်ရလာကြသည်။ မြေပြန့်ဒေသတွင် ဗုဒ္ဓဘာသာ ကောင်းစွာထွန်းကားသောကြောင့် ခရစ်ယာန်သာသနာပြုများ အောင်မြင်မှုမရကြပေ။ ထို့ကြောင့် တောင်တန်းဒေသများသို့ သွားရောက်ကြပြီး သာသနာပြုကြရသည်။ ဗြိတိသျှအစိုးရက ခရစ်ယာန် သာသနာပြုလုပ်ငန်းကို မြေတောင်မြှောက်၍ အခွင့်အရေးများစွာပေးလေရာ သာသနာပြုလုပ်ငန်းများ ကောင်းစွာ ဖွံ့ဖြိုးတိုးတက်လာသည်။
သို့သော် ကရင်လူမျိုးများအတွင်း ဗုဒ္ဓဘာသာဝင် ဦးရေများပြားနေဆဲပင်ရှိရာ ဗြိတိသျှအာဏာပိုင်များ သည် ကရင်-ဗမာ သွေးခွဲရေးလုပ်ငန်းများကို ဆောင်ရွက်လာကြသည်။ ဘာသာရေးကို အကြောင်းပြု၍ ကရင်အချင်းချင်းပင် သွေးကွဲမှုများ ဖြစ်ပေါ်လာသည်။ ဗုဒ္ဓဘာသာကရင်ကို စာမည်းကရင်ဟုခေါပြီး ခရစ်ယာန်ကရင်များကို စာဖြူကရင်ဟု ခေါ်ဝေါ်လာ ကြသည်။ ဗြိတိသျှအစိုးရသည် ခရစ်ယာန်များကို ပိုမို ၍ အခွင့်အရေးပေးခြင်း၊ ခရစ်ယာန်ပညာတတ်များ ပေါ်ပေါက်စေရေးအတွက် သာသနာပြုကျောင်းများ ဖွင့်လှစ်ပေးခြင်းတို့ဖြင့် ဘာသာရေးလွှမ်းမိုးမှုကို ဆောင်ရွက်လာခဲ့သည်။ နယ်ချဲ့အစိုးရ၏ နိုင်ငံရေး ဆိုင်ရာအယူအဆမှာ ခရစ်ယာန်ဘာသာဝင်ဦးရေ များပြားလာလျှင် မြန်မာနိုင်ငံအား ကာလကြာရှည်စွာ အုပ်ချုပ်ထားနိုင်မည်ဟူသော အယူအဆပင်ဖြစ်သည်။ ဗြိတိသျှတို့သည် ရိုးသား၍ သစ္စာရှိသော ကရင် လူမျိုးများကို မိမိတို့အား လိုလားထောက်ခံသည့် လူမျိုးတစ်မျိုးအဖြစ်သို့ ရောက်ရှိစေရန် ဖိဖိစီးစီး စည်းရုံးခဲ့ကြသည်။
ဗြိတိသျှတို့၏သွေးခွဲမှုကို ၁၈၈၈ ခုနှစ်တွင် ထုတ်ဝေသော ဒေါ်နယ်မက္ကင်ဇီစမိတန် ရေးသားသည့် 'မြန်မာပြည်ရှိ ကျေးဇူးသစ္စာတော်ကို စောင့်သိရိုသေသောကရင်များ' အမည်ရှိစာအုပ်တွင် ထင်ရှားစွာ တွေ့ရှိနိုင်သည်။ ယင်းစာအုပ်၏ စာမျက်နှာ ၂၂၆ တွင် ဒေါ်နယ်မက္ကင်ဇီစမိတန်က ဘာသာရေး နှင့်ပတ်သက်၍ အောက်ပါအတိုင်း ရေးသားထား သည်ကို တွေ့ရသည် -
'ဗြိတိသျှအစိုးရက ကရင်များထဲတွင် ခရစ်ယာန် ဘာသာပြန့်ပွားအောင် အားပေးခြင်း၊ အခွင့်အမိန့် ပေးခြင်းများကိုပြုလုပ်ရာတွင် အစိုးရသည် နိုင်ငံသား တို့၏ လွတ်လပ်စွာ ဘာသာကိုးကွယ် ဆည်းကပ်နိုင်မှု တွင် ဝင်ရောက်နှောင့်ယှက်ရာ ရောက်သည်မဟုတ်။ (ဤကဲ့သို့ ပြုလုပ်နိုင်ခွင့်ရခြင်းမှာ ကျွန်ုပ်တို့အတွက်) အလွန်ထူးဆန်းကြုံကြိုက်ခဲသော အခွင့်အရေးတစ်ခုဖြစ် ၏။ ခရစ်ယာန်ဘာသာဝင် အုပ်စိုးသူတို့သည် မိမိတို့ လက်အောက်ခံ လူမျိုးတစ်ခုအပေါ်တွင် ဤကဲ့သို့ တရားသဖြင့် ကြီးမားထိရောက်သော ဘာသာရေး ဩဇာကိုရရှိနိုင်ရန် အလွန်ခဲယဉ်း၏။ ကြုံလည်း မကြုံဖူး သေးချေ။'
ဗြိတိသျှအစိုးရသည် ကရင်တိုင်းရင်းသားတို့အား ခရစ်ယာန်ဘာသာအတွင်းသို့ သွတ်သွင်း၍ သွေးခွဲခြင်း ကိုပင်လျှင် တရားသဖြင့်ရရှိသော အခွင့်အရေး၊ အလွန်ထူးဆန်းကြုံကြိုက်ခဲသော အခွင့်အရေးအဖြစ် ယူဆခဲ့ကြသည်။ ဗြိတိသျှတို့သည် ကရင်တိုင်းရင်းသား တို့အား အထူးပြု၍ အာရုံစိုက်မိခဲ့ကြသည်။ ဘာသာရေးတွင်သာမကဘဲ စီးပွားရေး၊ လူမှုရေးကိစ္စများတွင်ပါ ကရင်လူမျိုးတို့အား အခြားလူမျိုးများထက် ပိုမို၍ ခွဲခြားစည်းရုံးခဲ့သည်။ ဒေါ်နယ်မက္ကင်ဇီသည် ဗြိတိသျှ အစိုးရ၏လုပ်ရပ်များကို စာမျက်နှာ ၂၂၇ နှင့် ၂၂၈ တွင် အောက်ပါအတိုင်း ဖော်ပြထားခဲ့သည် -
'နည်းကုန်၊ လမ်းကုန်ကြိုးပမ်း၍ အစိုးရသည် တောင်ပေါ်ကရင်များကို မြေပြင်များပေါ်သို့ ခေါ်ယူ ပြီးလျှင် မြေဩဇာကောင်းသည့် လယ်မြေများပေါ်တွင် အခြေစိုက်ရန် နေရာချထားပေးရမည်။ ပင်ပန်းလှ သည့် အလုပ်ခွင်များမှ ကလေးများကို လက်ရဖမ်း၍ (ခရစ်ယာန်သာသနာပြု)ကျောင်းများသို့ ပို့ပေးခြင်းဖြင့် မကြာမီ စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ်သော လူမျိုးစု တစ်ခုကို ရလိမ့်မည့်အပြင် ဗြိတိသျှအုပ်စိုးမှုအတွက် ခိုင်ခံ့သော ထာဝရခံတပ်မြေကတုတ်ကြီးတစ်ခုကို လည်း တည်ဆောက်ပြီး ဖြစ်လိမ့်မည်။'
'ကျွန်ုပ်တို့နှင့် အနီးကပ်ဆုံးဖြစ်အောင် ကရင် များကို ချည်နှောင်ထားရန်၊ အကောင်းဆုံးနှင့် အထက်တန်းအကျဆုံးဝါဒမှာ သူတို့အား အင်အားတောင့်တင်း ၍ ကြွယ်ဝသောလူမျိုးတစ်ခုဖြစ်စေရန်၊ ကျွန်ုပ်တို့ ပြုမူပုံနှင့် ပြသရန်၊ ကရင်လူမျိုးယဉ်ကျေးမှုနှင့် အမျိုး ဘာသာတစ်ခုဖန်တီးနိုင်ရန်၊ လိုသမျှအကူအညီများကို ကျွန်ုပ်တို့က ပေးရန်ဖြစ်၏။ ဤသို့ ရည်ရွယ်ချက် အတိုင်းသာ အထမြောက်လျှင် ကျွန်ုပ်တို့အား အပြင် ရန်၊ အတွင်းရန်တို့ကို ခုခံကာကွယ်မည့် ကရင်လူမျိုး တည်းဟူသော သဝိညာဏက မြေကတုတ်မြို့ရိုးကြီး ကို တည်ဆောက်ပြီး ဖြစ်လိမ့်မည်။'
ဗြိတိသျှနယ်ချဲ့အစိုးရသည် ကရင်လူမျိုးများအား ယင်းတို့ကို အကာအကွယ်ပေးမည့်လူမျိုး၊ အင်္ဂလိပ် လူမျိုးများအား ထာဝစဉ်ထောက်ခံနေမည့် လူမျိုးများ အဖြစ် ရောက်ရှိစေရန် စနစ်တကျ လေ့ကျင့်သိမ်းသွင်း ပေးခဲ့ခြင်းပင် ဖြစ်၏။ ကရင်လူမျိုးများမှာ ရိုးသား ကျိုးနွံ၍ အမိန့်နာခံတတ်သော လူမျိုးများဖြစ်ရာ ဗြိတိသျှတို့သည် ယင်းတို့အား စစ်ပုလိပ်တပ်၊ စစ်တပ် နှင့် သစ်တောဌာနများတွင် တဖြည်းဖြည်းထည့်သွင်း ၍ လုပ်ကိုင်စေခဲ့သည်။ ကရင်အမျိုးသားအချို့သည် ပထမကမ္ဘာစစ်ကာလတွင် ပါဝင်၍ တိုက်ခိုက်ဖူးခဲ့ကြ သည်။ ကရင်လူမျိုး ကျောင်းဆရာများ၊ တရားဟော ဆရာများ၊ ဆေးဝန်ထမ်းသူနာပြုများမှာလည်း ဗြိတိသျှ တို့၏ ပြုစုပျိုးထောင်ပေးမှုကြောင့် တဖြည်းဖြည်း တိုးတက်လာကြသည်။
မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှတို့၏ အုပ်စိုးမှု အောက်တွင် ဖိနှိပ်ချုပ်ချယ် ခံကြရသောကြောင့် အမျိုးသားရေးလှုပ်ရှားမှုများ ပေါ်ပေါက်လာချိန်တွင် ကရင်လူမျိုးများမှာ ဖိနှိပ်ချုပ်ချယ်မှု မခံခဲ့ရသော ကြောင့် အမျိုးသားရေးလှုပ်ရှားမှုများတွင် ပါဝင်ခြင်း မရှိခဲ့ကြပေ။ ဗြိတိသျှအစိုးရကလည်း ဆရာစံသူပုန်၊ တောပုန်းစံဖဲအရေးများတွင် ကရင်လက်နက်ကိုင်များ ကို အသုံးပြု၍ ရက်စက်စွာ နှိမ်နင်းစေခဲ့သည်။ ထို့ကြောင့် အမြင်မကျယ်သော မြန်မာနိုင်ငံရေးသမား အချို့က ကရင်များကို နယ်ချဲ့လက်ပါးစေများဟု မြင်လာကြသည်။
၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းအရ ကရင် မျိုးနွယ်စုဝင်တို့၏ လူဦးရေမှာ ၁၃၆၇၆၇၃ ယောက် ဖြစ်သည်။ ယင်းတို့အနက် ဗုဒ္ဓဘာသာဝင်မှာ ၁ဝ၄၉၆၁၃ ယောက်ဖြစ်ရာ ကရင်လူမျိုးစုတစ်ခုလုံး ၏ ၇၅ ရာခိုင်နှုန်းဖြစ်သည်။ ရိုးရာနတ်ကိုးကွယ်သူ ၉၉၂၇ဝ ယောက်ဖြစ်ရာ ၁ဝ ရာခိုင်နှုန်းသာ ဖြစ် သည်။ သို့သော် ဒုတိယကမ္ဘာစစ်မဖြစ်ခင်မှာပင် ကရင်ခရစ်ယာန်တို့၏ဦးရေမှာ များစွာတိုးတက်လာတော့သည်။
ဘီအိုင်အေနှင့်ကရင်လက်နက်ကိုင်တပ်များပဋိပက္ခ
ဗြိတိသျှအစိုးရသည် ကရင်တိုင်းရင်းသားများအား ဗမာတို့နှင့် ခွဲခြား၍ ကျယ်ပြန့်စွာ စည်းရုံးနိုင်ခဲ့သည်။ ကရင်တိုင်းရင်းသားများသည် ဘာသာရေး၊ စီးပွားရေး၊ လူမှုရေးကအစ သီးခြားစီဖြစ်လာပြီး နိုင်ငံရေးလှုပ်ရှားမှုများတွင်လည်း ပူးပေါင်းဆောင်ရွက်မှု နည်းပါးခဲ့သည်။ ဗြိတိသျှအစိုးရသည် ကရင်တိုင်းရင်းသားတို့အား လက်နက်တပ်ဆင်၍ ကရင်သေနတ်ကိုင်တပ်များ၊ စစ်ရဲတပ်များ ဖွဲ့စည်းပေးခဲ့သည်။ ဘီအိုင်အေတပ်များနှင့် ဂျပန်တပ်များ မြန်မာပြည်တွင်းသို့ ဝင်ရောက်လာသောအခါ ဗြိတိသျှစစ်တပ် များသည် အိန္ဒိယပြည်ဘက်သို့ ဆုတ်ခွာကြရသည်။
ဗိုလ်နေဝင်းသည် ရန်ကုန်မြို့သို့ ၁၉၄၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်တွင်ရောက်ရှိလာပြီး ပြည်တွင်း သူပုန်တပ်ဖွဲ့ကို ကွပ်ကဲ၍ နယ်ချဲ့ဆန့်ကျင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသည်။ ဗမာ့လွတ်လပ်ရေး တပ်မတော် ထားဝယ်စစ်ကြောင်းသည် ပဲခူးမြို့ကို သိမ်းပိုက်ပြီးနောက် ဂျပန်တပ်မ ၅၅ နှင့်အတူ ရန်ကုန် မြို့သို့ ဦးတည်ချီတက်ကာ ၁၉၄၂ ခုနှစ်၊ မတ်လ ၈ ရက်တွင် ရန်ကုန်မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ ဗြိတိသျှတပ်များသည် အောင်မြင်စွာ ဆုတ်ခွာခြင်းဖြင့် စနစ်တကျ စည်းကမ်းသေဝပ်စွာ ခွာစစ်ဆင်နိုင်ကြသည်ဟုဆိုသော်လည်း ကရင်လက်နက်ကိုင်တပ်များကို စနစ်တကျဆုတ်ခွာရန် ထိန်းသိမ်းနိုင်ခြင်း မရှိခဲ့ပေ။ ကရင်လက်နက်ကိုင် အတော်များများသည် မိမိဇာတိကို မစွန့်ခွာနိုင်သောကြောင့်လည်းကောင်း၊ အိန္ဒိယနိုင်ငံသို့ မလိုက်ပါလိုသောကြောင့်လည်းကောင်း ဗြိတိသျှတပ်များနှင့် ကွဲကွာပြီး ကျန်ရစ်ခဲ့ကြသည်။ ကရင်လက်နက်ကိုင်အချို့သာ အိန္ဒိယအထိ လိုက်ပါသွားကြပြီး အများစုမှာမူ လက်နက်ခဲယမ်းများနှင့်တကွ ခြေဦးတည့်ရာသို့ ဆုတ်ခွာသွားကြရသည်။ ကရင်လက်နက်ကိုင်များသည် စစ်ပြေးများအဖြစ် မြစ်ဝကျွန်းပေါ်၊ ဖာပွန်နှင့် တောင်ငူဒေသမှ ကရင်ကျေးရွာများသို့ လက်နက်ခဲယမ်းနှင့်တကွ ရောက်ရှိသွားကြသည်။ ဂျပန်တပ်များသည်လည်း အောက်မြန်မာပြည်ကိုသိမ်းပိုက်ပြီးနောက် ၁၉၄၂ ခုနှစ်၊ မတ်လလယ်ခန့်တွင် အထက်မြန်မာပြည်သို့ ဆက်လက်ချီတက်တော့သည်။
ဘီအိုင်အေတပ်မတော်သည်လည်း ဂျပန်တပ်များနှင့်အတူ ချီတက်လျက်ရှိရာ စစ်သေနာပတိအဖြစ် ဗိုလ်ချုပ်အောင်ဆန်းက ဆောင်ရွက်ပြီး ဒုတိယစစ်သေနာပတိအဖြစ် ဗိုလ်လက်ျာ(သခင်လှဖေ)က ဆောင်ရွက်သည်။ တပ်မ(၁)တပ်မမှူးမှာ ဗိုလ်မှူးကြီးဇေယျဖြစ်ပြီး တပ်မ(၂)တပ်မမှူးမှာ ဗိုလ်မှူးကြီးနေဝင်းဖြစ်သည်။ ဗိုလ်ကျော်ဇောသည် ရန်ကုန်မြို့ တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၌ ကွပ်ကဲ၍ကျန်ရစ်သည်။ ဗိုလ်မှူးမင်းခေါင်ဦးစီးသော ဗမာ့လွတ်လပ်ရေးတပ်မတော် ရေကြောင်းချီတပ်ဖွဲ့သည် ကြည့်မြင်တိုင်မှ ၁၉၄၂ ခုနှစ်၊ မတ်လ ၁၈ရက်မှစ၍ မြစ်ဝကျွန်းပေါ်ကို ဖြတ်ပြီး ရခိုင်တိုင်းတောင်ပိုင်းသို့ ဦးတည်ချီတက်သွားသည်။ မြစ်ဝကျွန်းပေါ်ရှိ မြို့များမှ မျိုးချစ်ပုဂ္ဂိုလ်များ၊ သခင်များသည် ပြည်တွင်းသူပုန်တပ်ဖွဲ့နှင့် ဆက်သွယ်၍ အင်္ဂလိပ်အစိုးရ အုပ်ချုပ်မှုမရှိတော့သည့် မြို့များတွင် ယာယီအုပ်ချုပ်ရေးအာဏာကို သိမ်းပိုက်ထားကြရသည်။ ဘီအိုင်အေတပ်များ ရောက်ရှိလာသောအခါတွင် ဘီအိုင်အေအုပ်ချုပ်ရေးကို ယာယီအားဖြင့် ထူထောင်ကြသည်။
ထိုအချိန်တွင် စစ်ဖြစ်ချိန်ကို အခွင့်ကောင်းယူ၍ ထကြွသောင်းကျန်းနေသော လက်နက်ကိုင်များ ပေါ်ပေါက်လာပြီး ဗြိတိသျှအုပ်ချုပ်ရေးစနစ်အောက်မှ လက်နက်ကိုင်ရဲများကို ကွပ်ကဲမည့်သူမရှိ ဖြစ်ခဲ့ရသည်။ ထို့ကြောင့် ဘီအိုင်အေ ယာယီအုပ်ချုပ်ရေး အဖွဲ့ဝင်များသည် ဓားပြများအား နှိမ်နင်းခြင်း၊ စည်းကမ်းမဲ့ကိုင်ဆောင်နေသည့် လက်နက်များကို သိမ်းဆည်းခြင်းတို့ကို ဆောင်ရွက်ကြရသည်။ ကရင် စစ်ပြေးများသည် မြစ်ဝကျွန်းပေါ်ဒေသရှိ ကရင် ကျေးရွာများတွင် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ခိုလှုံနေထိုင်လျက်ရှိကြရာ ဘီအိုင်အေ ယာယီအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ထိပ်တိုက်ပြဿနာ တက်တော့သည်။ ဗိုလ်သိမ်းဆွေ၊ ကိုမောင်မောင် (ဗိုလ်အောင် အမည်ခံ)၊ ကိုဘစံ (ဗိုလ်ဝင်းအမည်ခံ)နှင့် မြောင်းမြ မြို့ သခင်အဖွဲ့ဝင်များသည် ဘီအိုင်အေနှင့် ဂျပန်တပ် များမရောက်မီမှာပင် မြောင်းမြမြို့ကို သိမ်းပိုက် အုပ်ချုပ်လိုက်ကြသည်။ ထို့နောက် မြင်းကဆိပ်ရွာတွင် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဖွဲ့စည်း၍ လူသ စုဆောင်းကြသည်။ မြောင်းမြနှင့် မြင်းကဆိပ်ရွာကို ဘီအိုင်အေတပ်မတော်က အုပ်ချုပ်ကြောင်းလည်း ကြေညာခဲ့သည်။ သူခိုးဓားပြများအား နှိမ်နင်းခြင်း၊ အင်္ဂလိပ်ခေတ် ကျေးရွာသူကြီးများထံမှ လက်နက်သိမ်းခြင်းတို့ကိုလည်း ဆောင်ရွက်သည်။ ထိုအချိန်တွင် ပုသိမ်မြို့မှ အင်္ဂလိပ် အစိုးရ အရာရှိများမှာ ကရင်၊ ဗမာလူကြီးများနှင့် ရဟန်းတော်များလက်သို့ မြို့ကိုအပ်နှံကာ ထွက်ပြေးသွားကြလေပြီ။ ဗိုလ်သိမ်းဆွေတို့ လူစုသည် ပုသိမ်မြို့ကို သိမ်းပိုက်ရန် ချီတက်လာရာ ရှမ်းရွာသို့အရောက်ကရင်စစ်ပြေးများထံတွင် လက်နက်များရှိနေကြောင်း၊ ကရင်များကို စောဘဦး ကြီးနှင့် ဆာစံစီပိုးတို့က ခေါင်းဆောင်နေကြောင်း သတင်းရရှိကြသည်။ ထို့ကြောင့် ဗိုလ်သိမ်းဆွေသည် မြောင်းမြမှ ဗိုလ်အောင်ထံ စစ်ကူတောင်းရသည်။ ဗိုလ်ဝင်းက ရန်ကုန်ရှိ ဘီအိုင်အေဌာနချုပ်သို့တက်ပြီး စစ်ကူတောင်းခံသည်။ ဘီအိုင်အေဌာနချုပ်က ဝါးခယ်မ တွင်ရှိနေသော ဘီအိုင်အေတပ်သားများကို သင်္ဘော တစ်စင်းစာ လက်နက်အပြည့်အစုံဖြင့် ဖြည့်တင်းပေးခဲ့သည်။
၁၉၄၂ ခုနှစ်၊ ဖေဖော်ဝါရီလကုန်ခန့်တွင် ပုသိမ် မြို့ကို ဘီအိုင်အေတပ်သားများ သိမ်းပိုက်လိုက်ကြသည်။ ဘီအိုင်အေခေါင်းဆောင်များက ကရင်များထံသို့ လက်နက်အပ်ရန် တောင်းဆိုသောအခါ စံစီပိုးတို့ လူစုက ဘီအိုင်အေတပ်များ ပုသိမ်မြို့မှ ထွက်ခွာသွားရန် စာရေးအကြောင်းပြန်ခဲ့သည်။ ဗိုလ်သိမ်းဆွေနှင့် ဗိုလ်ဝင်းသည် စောဘဦးကြီး၊ ချားလ်စတော စသောကရင်ခေါင်းဆောင်များအား ဖိတ်ကြား၍ ဗိုလ်ချုပ်အောင်ဆန်း၏အမိန့်အရ သိမ်းပိုက်ရကြောင်း ရှင်းပြပြီး ဂျပန်တပ်မတော်၏ ထောက်ခံချက် စာရွက်စာတမ်းများကိုပါ ထုတ်ပြကြသည်။ ထို့ကြောင့် ကရင် စစ်ပြေးများနှင့် ဘီအိုင်အေတို့မှာ ယာယီပြေလည်မှု ရရှိသွားကြသည်။ သို့သော် ဘီအိုင်အေတပ်သားများနှင့် ကရင် စစ်ပြေးများအကြားတွင် မယုံသင်္ကာမှု မှာ တဖြည်းဖြည်း ကြီးမား၍လာသည်။ ကရင်စစ်ပြေးများနှင့်အတူရှိနေသော အင်္ဂလိပ်သူလျှိုများကလည်း ဗမာများသည် ကရင်များကို မျိုးဖြုတ်ပစ်လိမ့်မည်ဟု သွေးထိုးပေးသည်။ အမြင်မကျယ်သော ဘီအိုင်အေခေါင်းဆောင်များနှင့် အရေးပေါ်စုဆောင်းရသော တပ်သားများကလည်း ကရင်များမှာ ဗြိတိသျှလက်ပါးစေများဖြစ်သဖြင့် တိုက်ခိုက်ရမည်ဟု ခံယူနေကြသည်။ ကရင်လက်နက်ကိုင်များမှာ အင်အားများစွာ တောင့်တင်းပြီး လက်နက်ကြီးများကိုပါ ကိုင်ဆောင်ထားကြသည်။ ဘီအိုင်အေကို စိတ်မချသဖြင့် ကျေးရွာများအား စည်းရိုးကာရံခြင်း၊ ကင်းချခြင်း၊ ဗမာရွာများသို့ အကူး အသန်းမလုပ်ဘဲနေခြင်းတို့ကို ပြုလုပ်လာကြသည်။ ဘီအိုင်အေခေါင်းဆောင်ငယ်များကလည်း ကရင်စစ်ပြေးများထံမှ လက်နက်သိမ်းဆည်းရန် အတင်းအဓမ္မ ကြိုးစားလာကြသည်။
မြောင်းမြနယ်တွင် ဂျပန်ပြန် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လရောင်နှင့် ဘီအိုင်အေတပ်များ ချီတက်လာစဉ် ကရင်စစ်ပြေးများက ခုခံတိုက်ခိုက်သဖြင့် သခင်သန်းလေး ကျဆုံးသွားရသည်။ ဘီအိုင်အေတပ်များနှင့် ကရင်စစ်ပြေးများအကြား တိုက်ပွဲများဖြစ်ပေါ် လာတော့သည်။ ကရင်များသည် ဘီအိုင်အေတပ်ကို လက်နက်မအပ်နှံတော့ဘဲ ခုခံတိုက်ခိုက်လာကြသည်။ ထိုတိုက်ပွဲများသည် တဖြည်းဖြည်းနှင့် လူမျိုးရေး အဓိကရုဏ်းအသွင် ကူးပြောင်းလာသည်။ ယခင်က တစ်ရွာနှင့်တစ်ရွာ ရင်းနှီးစွာ ကူးလူးဆက်ဆံနေကြ သော ကရင်ရွာနှင့် ဗမာရွာများသည် ရန်သူများသဖွယ် မယုံသင်္ကာဖြစ်လာကြသည်။ ကရင်စစ်ပြေးများက ကရင်လူငယ်များကို အမြန်စုစည်းပြီး အရေးပေါ် စစ်သင်တန်းများ ပေးလာကြသည်။ လက်နက်တပ်ဆင် လာကြသည်။ ဗမာရွာများတွင်လည်း ဘီအိုင်အေ အားကိုးဖြင့် ကရင်များထံမှ လက်နက်လုလိုသူများ ပေါ်ပေါက်လာသည်။ မြောင်းမြနယ်မှစလိုက်သော လူမျိုးရေး အဓိကရုဏ်းသည် မအူပင်၊ ညောင်တုန်း၊ ပန်းတနော်၊ ဇလွန်၊ ဓနုဖြူ စသော မြစ်ဝကျွန်းပေါ် မြို့ရွာများသို့ လျင်မြန်စွာပျံ့နှံ့သွားသည်။ ဗမာလူငယ်အချို့သည် လွတ်လပ်ရေးရည်ရွယ်ချက် ပျောက်ကွယ်ပြီး ကရင် ဆန့်ကျင်ရေး ရည်ရွယ်ချက်ဖြင့် ဘီအိုင်အေထဲသို့ ဝင်ကြသည်။ စစ်ကြိုခေတ်က နာမည်ကြီး စတန့် ရုပ်ရှင်မင်းသား ရဲခေါင်ချစ်ဆွေသည် လူငယ် ၂ဝ ခန့် ကို စုစည်း၍ ဇလွန်မြို့ရှိ ဗိုလ်ကြင်နှင့် ဗိုလ်လှမြင့်တို့ ဦးစီးသော ဘီအိုင်အေတပ်ထဲ ဝင်လာကြသည်။ ထို့နောက် ဒိုက်ယားဟူသော ကရင်ရွာကို သွားရောက် တိုက်ခိုက်ရာ ကရင်များက ခုခံသဖြင့် ရဲခေါင်ချစ်ဆွေ နှင့် ဘီအိုင်အေတပ်သား ၃ဝ ခန့် ကျဆုံးခဲ့ရသည်။
ကျယ်ပြန့်လာသော လူမျိုးရေးအဓိကရုဏ်းကို နိုင်ငံရေးအမြင်ကျယ်ပြီး သဘောထားပြည့်ဝမြင့်မားသည့် သခင်များနှင့် ဘီအိုင်အေခေါင်းဆောင်များက ကြိုးစား၍ ထိန်းသိမ်းကြသည်။ သခင်များနှင့် ဘီအိုင်အေခေါင်းဆောင်များသည် ကရင်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး၍ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ပြန်လည်ဖော်ဆောင်ခဲ့ကြသည်။ ကရင်ရွာများကို ကရင်များသာ အုပ်ချုပ်စေခြင်း၊ လက်နက်များကို အတင်းအဓမ္မသိမ်းယူခြင်းမပြုတော့ဘဲ စေ့စပ်ဆွေးနွေးသောနည်းဖြင့် နားလည်မှုယူခြင်းများကို ဆောင်ရွက်ကြသည်။ သို့သော် နေရာအနည်းအကျဉ်းတွင်သာ အောင်မြင်ခဲ့သည်။ အဓိကရုဏ်းမှာ ပြင်းထန်လာရာ နှစ်ဖက်စလုံး လူသူအမြောက်အမြား သေကျေပျက်စီး ပြီး အိမ်ခြေအများအပြားမှာလည်း မီးလောင်ပြာကျ သွားရသည်။ ဆကာကြီးမြို့၏ ဘီအိုင်အေ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ သခင်လှကြီး၊ ကာကွယ်ရေးမှူး သခင်လှအောင်၊ ကနုကြီးရွာမှ ကိုဝင်နီ၊ ကိုကျော်ဝင်း၊ ကိုကျော်ငြိမ်း စသောအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် ၁၉၄၂ ခုနှစ်၊ ဧပြီလ ၁ဝ ရက်တွင် ကနုကလေးရွာသို့ သွားရောက် ပြီး ကရင်စစ်ပြေးများကို ရှာဖွေကြသည်။ လိုင်စင်နှင့် ကိုင်သော သေနတ်ဟောင်းတစ်လက်ကိုလည်း သိမ်းလာကြသည်။ ကရင်ခေါင်းဆောင်များက ကောင်းမွန် စွာ လက်ခံစကားပြောပြီး ကရင်စစ်ပြေးများ မရှိကြောင်း ပြောခဲ့သည်။ ဘီအိုင်အေ အုပ်ချုပ်ရေးအဖွဲ့ ရွာမှအထွက်တွင် ကရင်လက်နက်ကိုင်များက ချုံခို တိုက်ခိုက်ကြရာ ကိုအောင်ငြိမ်းဆိုသူ တစ်ဦးတည်းသာ ဒဏ်ရာဖြင့်လွတ်မြောက်ပြီး သခင်လှကြီးနှင့် ဘီအိုင်အေ အုပ်ချုပ်ရေးအဖွဲ့ဝင်အားလုံး ကျဆုံးခဲ့ရ တော့သည်။
ထိုဖြစ်ရပ်ကြောင့် ဓား၊ လှံ လက်နက်မျိုးစုံ ကိုင်ဆောင်ထားသော ဗမာများသည် ဧပြီလ ၁၄ ရက် တွင် ကနုကလေးရွာကို မီးတင်ရှို့လိုက်ကြသည်။ ထိုကဲ့သို့ အပြန်အလှန်လက်စားချေမှုများသည် ဆက်တိုက်ဖြစ်ပေါ်နေရာ ကရင်၊ ဗမာခေါင်းဆောင်များသည် အဓိကရုဏ်း ပြေပျောက်ရေးအတွက် အစွမ်းကုန် ကြိုးစားခဲ့ကြသည်။ သို့သော် ကရင်ခေါင်းဆောင်များသည် ကရင်စစ်ပြေးများကို မထိန်းနိုင်သကဲ့သို့ ဘီအိုင်အေခေါင်းဆောင်များသည်လည်း သွေးဆူနေသော ဗမာများကို မထိန်းနိုင်ခဲ့ပေ။ သို့သော် ကရင်စစ်ပြေးများသည် ဘီအိုင်အေတပ်များ တိုး၍တိုး၍ ချီတက်လာသောကြောင့် မြစ်ဝကျွန်းပေါ်အနောက် ဘက်ခြမ်းမှ ရခိုင်ဘက်သို့ တစ်စတစ်စ ဆုတ်ခွာသွား ကြရသည်။ မြောင်းမြနယ်မှ စလိုက်သော လူမျိုးရေးအဓိ ကရုဏ်းသည် မြစ်ဝကျွန်းပေါ်တစ်ခုလုံးသို့ ကျယ်ပြန့် စွာ ကူးစက်လာခဲ့သကဲ့သို့ ဖာပွန်တွင်ဖြစ်ပေါ်သော ပဋိပက္ခသည်လည်း တောင်ငူဘက်သို့ ကူးစက်လာသည်။
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဉာဏ (ကညွတ်ကွင်း သခင်မောင်မောင်)သည် စစ်ဌာနချုပ်၏ ညွှန်ကြားချက်အရ ရန်ကုန်မြို့မှ ဘီးလင်းသို့ သွားရောက်သည်။ ဘီးလင်းမှတစ်ဆင့် ဖာပွန်သို့ ခရီးဆက်ရာ ၁၉၄၂ ခုနှစ်၊ မတ်လ ၂၂ ရက်တွင် ရောက်ရှိသွားသည်။ ဗိုလ်ဉာဏ သည် ဘီအိုင်အေတပ်နှင့်အတူ ငြိမ်ဝပ်ပိပြားရေး လုပ်ငန်းများဆောင်ရွက်သည်။ ဖာပွန်နယ်တွင်လည်း ကရင်စစ်ပြေးအကြွင်းအကျန်များ ရှိနေသည်။ ၁၉၄၂ ခုနှစ်၊ ဧပြီလ ၄ ရက်တွင် အင်္ဂလိပ်တပ်လက်အောက်ခံ စစ်ပြေးအကြွင်းအကျန်အချို့က ဘီအိုင်အေတပ်အား ချုံခိုတိုက်ခိုက်ရာ ဗိုလ်ဉာဏကျဆုံးသွားရတော့သည်။ ဘီအိုင်အေတပ်သားများက ကရင်စစ်ပြေးများကို လိုက်လံတိုက်ခိုက်သကဲ့သို့ ကရင်စစ်ပြေးများကလည်း အညံ့မခံဘဲ ခုခံတိုက်ခိုက်ကြသည်။ သို့နှင့် ကရင် စစ်ပြေးများနှင့် ဘီအိုင်အေတပ်များ တိုက်ပွဲဖြစ်ပွား လာရာ ပဋိပက္ခသည် သံတောင်နယ်မှတစ်ဆင့် တောင်ငူဘက်သို့ ကူးလာသည်။ သို့သော် တောင်ငူ သခင်သန်းဖေတို့လူစုနှင့် ဘီအိုင်အေခေါင်းဆောင် များသည် တောင်ငူရှိ ကရင်ခေါင်းဆောင်များနှင့် ပူးပေါင်း၍ အဓိကရုဏ်းကို တားဆီးနိုင်ခဲ့ကြသည်။
အဓိကရုဏ်းများပျောက်ကွယ်သွားခြင်း
ဗမာနှင့် ကရင်နိုင်ငံရေးခေါင်းဆောင်များသည် လူမျိုးရေးအဓိကရုဏ်းကို ရပ်စဲနိုင်ရန် အမျိုးမျိုး ကြိုးပမ်းကြသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဘီအိုင်အေတပ်များထင်သလိုရမ်းကားနိုင်ခြင်းမရှိစေရန် အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ရသည်။ ဂျပန်တို့ကလည်း ဒေါက်တာဘမော်ဦးဆောင်သည့် ရုပ်သေးအစိုးရအဖွဲ့ဖွဲ့ပြီး ဘီအိုင်အေအုပ်ချုပ်ရေးကို အစားထိုးရန် ကြိုးစားလာကြသည်။ ဒေသအလိုက် အုပ်ချုပ်ရေးများ ထူထောင်နေချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ၁၃ဝ၄ ခုနှစ်၊ နယုန်လဆုတ် ၈ ရက် ရက်စွဲဖြင့် ဘီအိုင်အေတပ်များက အုပ်ချုပ်ရေးကိစ္စများတွင် ဝင်မစွက်ရန် အမိန့်ထုတ်ခဲ့သည်။ ကရင်ခေါင်းဆောင် စောကြာဒိုး၊ မန်းဝင်းမောင်တို့ကလည်း ပူးပေါင်းဆောင်ရွက်လာသည်။ ကရင်-ဗမာ အဓိကရုဏ်းသည် မအူပင်၊ မြောင်းမြနယ်များမှစတင်၍ အေးချမ်းလာသည်။ ပုသိမ်အရှေ့ဘက်တွင် စောရွှေထွန်းကြာ ခေါင်းဆောင်သော ကရင်များက ဂျပန်တပ် အချို့ကို တိုက်ခိုက်ခဲ့သေးသော်လည်း ဘီအိုင်အေတပ် များနှင့်မူ တိုက်ပွဲဖြစ်ပွားခြင်း မရှိတော့ပေ။ ဘီအိုင်အေတပ်များ၏ စစ်သေနာပတိအဖြစ် တာဝန်ယူထားရသော ဗိုလ်မိုးကြိုး (ခေါ်) ကာနယ်လ် စူဇူကီးကလည်း ငြိမ်းချမ်းရေးကြေညာချက်တစ်စောင်ကိုထုတ်ပြန်ခဲ့ရာ အောက်ပါအတိုင်း ဖြစ်သည်။
ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုး၏ ငြိမ်းချမ်းရေးကြေညာ စာတမ်း
(နေ့စွဲ။၁၃ဝ၄ ခုနှစ်၊ ပထမဝါဆိုလဆန်း ၃ ရက်)
အောက်တွင် ဖော်ပြထားသော ကျေးရွာများတွင် နေထိုင်ကြသော ကရင်လူမျိုး၊ ဗမာလူမျိုးနှင့် အခြားတိုင်းရင်းသားအပေါင်းတို့အား အသက်စည်းစိမ်နှင့်တကွ လွတ်ကင်းချမ်းသာကြပြီဟု ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုးက ကြေညာလိုက်သည်။ ဤကဲ့သို့ အသက်ဘေးမှ ချမ်းသာခြင်းသည် အောက်ပါစည်းကမ်းချက်များအပေါ်တွင် တည်ရှိသည်။ ထိုစည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်ခဲ့သော် ၎င်းရွာရှိ လူအားလုံးတို့သည် ဗမာ့လွတ်လပ်ရေးတပ်မတော်မှ ပေးသမျှသော အပြစ်ဒဏ်ကို ခံယူကြရမည်ဖြစ်ကြောင်း။
၁။ ပတ်တော်
၂။ စစ်စလီကုန်း
၃။ ရွှေတောင်မော်
၄။ စံကျ၊
၁။ ယခုဤအချိန်မှစ၍ ဗမာရွာများက ကရင်ရွာများကိုလည်းကောင်း၊ ကရင်ရွာများက ဗမာရွာများကိုလည်းကောင်း မီးရှို့ခြင်း၊ တိုက်ခိုက်ခြင်း၊ လူကိုသတ်ဖြတ်ခြင်း အမှုကို မပြုလုပ်ရ။ ဤအမိန့်ကို ကျူးလွန်သူမည်သူမဆို (ဘီအိုင်အေ)တပ်မတော်သားများနှင့် အုပ်ချုပ်ရေးအရာရှိများကိုပင် သူပုန်ကဲ့သို့ မှတ်ယူရမည်ဖြစ်၍ ကြီးလေးသော အပြစ် များကို ပေးမည်ဖြစ်ကြောင်း။
၂။ အိမ်မဲ၊ ဝါးခယ်မ၊ မအူပင်၊ ပန်းတနော်နှင့် မော်လမြိုင်ကျွန်းစီရင်စုနယ်များသို့ လှေသမ္ဗန်၊ တုန်ကင်း၊ သင်္ဘော အစရှိသည်တို့ဖြင့် ယခု ဘေးကင်းအေးချမ်းစွာ သွားလာနိုင်ပြီဖြစ်ကြောင်း၊ ဤကဲ့သို့ တစ်ရွာမှတစ်ရွာ၊ တစ်မြို့မှတစ်မြို့သို့ သွားလာရာတွင် စစ်သား များမှတစ်ပါး လူကို ဘေးအန္တရာယ်ဥပဒ်ရောက်စေမည့် သေနတ်၊ ဓား၊ လှံ၊ မှိန်း၊ ဒူးလေး အစရှိသည့် လက်နက်တို့ကို တင်ဆောင်သွားလာခြင်း မပြုလုပ်ရ။
၃။ မိမိတို့ ကျေးရွာနယ်နိမိတ်အတွင်းတွင် ခရီးသွား လှေသမ္ဗန်၊ တုန်ကင်း အစရှိသည်တို့ ကို သေနတ်နှင့် ချောင်း၍သော်လည်းကောင်း ပစ်ခတ်ခြင်း မရှိစေရ။ ဤကဲ့သို့ ပစ်ခတ်ခြင်း ရှိခဲ့လျှင် မိမိတို့ကျေးရွာများ၏ တာဝန်လုံးလုံးရှိသည်။ အပြစ်ကျူးလွန်သူများကို စုံစမ်း ဖမ်းဆီးပြီး ဆိုင်ရာသို့ ပို့အပ်ရမည်။
၄။ အထက်ပါ ကျေးရွာများတွင် ရန်သူ အင်္ဂလိပ်၊ အမေရိကန်တို့ထံမှ ကျန်ရစ်ခဲ့သော စစ်နှင့် ပတ်သက်သည့် လက်နက်ခဲယမ်း မီးကျောက်များ၊ ရိုင်ဖယ်သေနတ်၊ စက်သေနတ်၊ ခြောက်လုံးပြူးများကို တွေ့ရှိပါက အနီးဆုံးရှိ ဗမာ့လွတ်လပ်ရေးတပ်မတော် တည်ရာဌာနသို့ သွားရောက်အပ်နှံရမည်။ ရွာတွင်ရှိသော နှစ်လုံးပြူးသေနတ်နှင့် ငှက် ပစ်သေနတ်များကို သက်ဆိုင်ရာသို့အပ်ရန် တရားနည်းလမ်းအတိုင်း ကိုင်ဆောင်ခွင့်ရှိပါက လိုင်စင်ထုတ်ယူပြီး ကိုင်ဆောင်ခွင့်ပြုသည်။ ရွာတွင်ရှိသော ရိုင်ဖယ်နှင့် ခြောက်လုံး ပြူးများကို ဗမာ့လွတ်လပ်ရေးတပ်မတော်ကြီး က သိမ်းပိုက်လိမ့်မည်။
၅။ တစ်ရွာမှ တစ်ရွာသို့ လူစုလူဝေးဖြင့် သွားလာခြင်းပြုလုပ်ခဲ့သော် သုံးရောင်ခြယ်အလံများကိုလွှင့်လျက် ငြိမ်းချမ်းရေးစာရွက်များကိုပါ ယူသွားရမည်။ အသက်ကို ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် သေနတ်၊ တုတ်၊ ဓား အစရှိသည့် လက်နက်မျိုးကို ကိုင်ဆောင်၍မသွားရ၊ သွားလာခြင်းပြုလုပ်ခဲ့သော် စည်းကမ်းဖောက်ဖျက်သည်ဟု ယူဆလိမ့်မည်။
၆။ မိမိတို့ကျေးရွာတွင် စောင့်ရှောက်ရန် ဗော်လံတီယာ အစောင့်တပ်သားများ စုဆောင်းဖွဲ့စည်းရမည်။ တပ်သားများ၏ လက်မောင်းတွင် အများအလွယ်တကူသိနိုင်ရန် အသိအမှတ်ပြုထားသော လက်ပတ်များရှိရမည်။ မိမိတို့ကျေးရွာတွင်ရှိသော လူဆိုးများကို ကိုယ်တိုင်ဖမ်း၍သော်လည်းကောင်း၊ ဗမာ့လွတ်လပ်ရေးတပ်မတော်အကူအညီကို တောင်း၍လည်းကောင်း ဖမ်းဆီးပို့အပ်ရမည်။
၇။ မိမိတို့ ကျေးရွာသူ၊ ကျေးရွာသားတို့သည် ခါတိုင်းလုပ်နေကျ လယ်ယာကိုင်းကျွန်းအလုပ်ကို ချက်ချင်း စတင်လုပ်ကိုင်ရမည်။ မိမိတို့ လယ်ယာကိုင်းကျွန်းကို သွားလာသည့်အခါ အသက်အန္တရာယ်ဖြစ်စေနိုင်သည့် သေနတ်၊ ဓား၊ လှံ၊ လေးမြားများကို ကိုင်ဆောင်၍ မသွားရ။
အဓိကရုဏ်းမီးသည် တစ်စထက်တစ်စ ငြိမ်းအေး ၍လာသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်မိုးကြိုးတို့သည် ဘီအိုင်အေတပ်ကို စည်းကမ်းကြပ်မတ်ပေးပြီး ထိန်းသိမ်းပေးသည်။ ဒေါက်တာဘမော်အစိုးရ၏ အုပ်ချုပ်ရေးအဖွဲ့များ ပေါ်ပေါက်လာသောအခါ ဘီအိုင်အေတပ်အနေနှင့် အမုန်းခံစရာ မလိုတော့ပေ။ ကရင်စစ်ပြေးများမှာလည်း ရခိုင်ဘက်သို့ ဆုတ်ခွာသွား ကြသည်။ ထို့အပြင် ကရင်၊ ဗမာ ကျေးရွာများမှ ပြည်သူလူထုသည် စားဝတ်နေရေးအတွက် လယ်ယာများကို လုပ်ကိုင်ကြရဦးမည်ဖြစ်ရာ အဓိကရုဏ်းကို စိတ်ဝင်စားမှု လျော့နည်းလာသည်။ ထို့အပြင် ဖက်ဆစ်ဂျပန်စစ်သားများကလည်း ခရီးရောက်မဆိုက်ပင် ကရင်ဗမာလူမျိုးအားလုံးကို ပြင်းထန်စွာနှိပ်စက်ညှဉ်းပန်းလာကြသောအခါ ကရင်ရော ဗမာပါ ဖက်ဆစ်ဂျပန်ကို ဘုံရန်သူဟု မြင်လာကြသည်။ ဘီအိုင်အေတပ် ကိုဖျက်သိမ်းလိုက်သောအခါတွင်ကား အဓိကရုဏ်းမှာ ကွယ်ပျောက်သွားတော့သည်။ သို့သော် ဗြိတိသျှတပ်များ ဒုတိယအကြိမ် ပြန်ဝင်လာသောအခါ ကရင်သောင်းကျန်းမှုပေါ်ပေါက်စေရန်အတွက် အဓိကရုဏ်းသည် သွေးထိုးလှုံ့ဆော်ပေးစရာ အမည်းစက်ကြီးတစ်ခု ဖြစ်ခဲ့ရလေသည်။