ပြည်တွင်းသောင်းကျန်းမှုသမိုင်း (အပိုင်း ၁၃)




ကွန်မြူနစ်ပါတီ အတိအလင်း ပေါ်ပေါက်လာခြင်း

မြစ်ဝကျွန်းပေါ်ဒေသတော်လှန်ရေး

ဗိုလ်ချုပ်အောင်ဆန်းသည် ဗဟိုစစ်ဦးစီးအဖွဲ့ကို ခေါင်းဆောင်၍ တိုင်း(၇)နှင့်အတူ တော်လှန်ရေးကို ဆင်နွှဲနေစဉ် ဗိုလ်မှူးကြီးနေဝင်းသည် တိုင်း(၂)ကို ခေါင်းဆောင်၍

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် တော်လှန်ရေးကို ဆင်နွှဲလျက်ရှိသည်။ ပုသိမ်နှင့် မြောင်းမြနယ်များတွင် စောကြာဒိုးနှင့် စောစံဖိုးသင် က

ကရင်တိုင်းရင်းသားများကို စည်းရုံး၍ တော်လှန် ရေးကိုဆင်နွှဲရန် စီစဉ်ထားသော်လည်း စောကြာဒိုးကို ဂျပန်များ ဖမ်းမိသွားသဖြင့် ပထမပိုင်းတွင် အောင်မြင်

မှုမရခဲ့ပေ။ ဗိုလ်ချုပ်အောင်ဆန်းသည် အခြေအနေကို စုံစမ်းရန်နှင့် စောကြာဒိုးအား ကယ်တင်ရန် ဗိုလ်လောင်း ဆက်သားတစ်ဦးကို စေလွှတ်ခဲ့သည်။ စောကြာဒိုး

သည် တော်လှန်ရေးပြီးခါနီးမှ လွတ်မြောက်လာပြီး ဗိုလ်ချုပ်အောင်ဆန်း၏စာကို ဖတ်ရသည်။

ဗိုလ်မှူးကြီးနေဝင်းသည် တပ်များရှိရာသို့ ရန်ကုန် မှ မတ်လ ၂၆ ရက်တွင် ထွက်ခွာလာရခြင်းဖြစ်သည်။ ထိုအချိန်သည် မြစ်ဝကျွန်းပေါ်မှ တပ်အချို့သည်

တပ်ဖျောက်ပြီး ဖြစ်နေသည်။ ဗိုလ်မှူးကြီးနေဝင်းနှင့် ရဲဘော်များသည် ဒေးဒရဲနယ်ထဲတွင် ဂျပန်တပ်များ၏ ဝိုင်းရံခြင်းကိုခံခဲ့ရသည်။ နိုင်ငံရေးမှူးလုပ်သူ သခင်စိုးက

သေနတ်ဖြင့် ရမ်းပစ်သဖြင့် ရဲဘော်တစ်ယောက် သေဆုံးခဲ့ရသည်။ ကွန်ပလိုင်းရွာတွင် အခြေပြုကြစဉ် သခင်စိုးသည် အမျိုးသမီးငယ်များကိုအနားတွင် ခေါ် ထားကာ

အရေးပေးစည်းရုံးနေခဲ့သည်။ ထိုအခြေအနေ တွင် သခင်စိုး၏အပြုအမူများကြောင့် ဗိုလ်မှူးကြီး နေဝင်းက သခင်စိုးကို ပြင်းထန်စွာ ပြစ်တင်ပြောကြား ခဲ့ရသည်။

ဒေါက်တာမောင်မောင်က မြန်မာ့နိုင်ငံရေးခရီး နှင့် ဗိုလ်ချုပ်ကြီးနေဝင်း စာအုပ်စာမျက်နှာ ၂၃၄ တွင် အောက်ပါအတိုင်း ရေးသားထားသည် -

'ကွန်ပလိုင်းရွာတွင် နားကြရင်း ဗိုလ်နေဝင်းက သခင်စိုးကို ကြိမ်းမောင်းရသေးသည်။ သခင်စိုးက တပည့်မများအဖို့ မိန်းမကိုင်ခြောက်လုံးပြူး၊ နှုတ်ခမ်း နီဆိုးဆေး၊

နိုင်လွန်အင်္ကျီစတို့ကို မဟာမိတ်တပ်များက လေထီးနှင့်ချပေးရန် ဝိုင်ယာလက်ဖြင့် မှာလိုသည်။ ဗိုလ်နေဝင်းသိသွား၍ ကျုပ်တို့ အခုလုပ်နေတာ တော်လှန်ရေးဗျ၊

စစ်တိုက်ဖို့အရေးကြီးတယ်၊ မှာရင် လက်နက်များများ မှာမယ်၊ ခင်ဗျားပစ္စည်းတွေမှာရင် ဟိုကလူတွေက ကျုပ်တို့ကို ဘာထင်မလဲ ဟု ဆူပူသည်။ သခင်စိုးက

ငုတ်တုတ်။'

တပ်မတော်သားအချို့က သခင်စိုးကို ဖမ်းဆီး၍ သုတ်သင်ကြရန် ကြံစည်ကြသေးသည်။ သို့သော် ဗိုလ်မှူးကြီးနေဝင်းက တားမြစ်လိုက်ရသည်။ ကွန်မြူနစ် များသည်

တော်လှန်ရေးကာလအတွင်းမှာပင် ပါတီ အရေးကို ဦးစားပေးခြင်း၊ ပါတီအတွက် ဦးစားပေး စည်းရုံးခြင်းများကို ဆောင်ရွက်ခဲ့ကြရာတွင် တပ်မတော် သားများ၊

ဆိုရှယ်လစ်ပါတီ(ပြည်သူ့အရေးတော်ပုံပါတီ) ဝင်များနှင့် မကြာခဏ ပဋိပက္ခဖြစ်ခဲ့ကြရသည်။

သခင်စိုးသည် မဟာမိတ်တပ်မှ လေယာဉ်ဖြင့် ချပေးခဲ့သည့် လက်နက်ခဲယမ်းများအား တပ်မတော် သို့ ခွဲဝေခြင်းမပြုဘဲ ထားခဲ့သည်။ ထို့နောက် ကွန်မြူနစ် ပါတီ၏

တိုက်ရိုက်ကွပ်ကဲမှုဖြင့် ပြောက်ကျားတပ်ဖွဲ့များ ဖွဲ့၍ လက်နက်တပ်ဆင်ပေးခဲ့သည်။ တပ်မတော် အတွင်းတွင်လည်း သွေးခွဲစည်းရုံးခဲ့သည်။ တပ်မတော် သားများအား

တပ်မှူးများ၏အမိန့်ကို မနာခံရန်၊ ပါတီဝင်ပြောက်ကျားတပ်တွင် ပါဝင်ရန် လှုံ့ဆော်ခဲ့ သည်။ ထို့အပြင် အခြားသော ခေါင်းဆောင်မှုပျက်ပြား စေသည့်

လုပ်ရပ်များလည်းရှိခဲ့သေးရာ တပ်မတော် အတွင်းရှိနေသော ကွန်မြူနစ်ပါတီဝင်များသည် သခင် စိုး၏ခေါင်းဆောင်မှုကို ဆန့်ကျင်လာကြသည်။ သခင် စိုးအား

ဝေဖန်မိသည့် ကိုဌေးမြိုင်နှင့် မနှင်းဆီ တို့ လင်မယားအား သခင်စိုးက ပါတီဆန့်ကျင်သူများ အဖြစ် စွပ်စွဲရုံသာမက သခင်စိုးသည် ကိုဌေးမြိုင်အား

ကိုယ်ထိလက်ရောက်ပင် ပြုမူခဲ့သည်။

ကွန်မြူနစ်များအကြားတွင် သခင်စိုး၏ ခေါင်းဆောင်မှု ကျဆင်းလာသည်နှင့်အမျှ သခင် သန်းထွန်း၏ ခေါင်းဆောင်မှုမှာ အသင့်အတင့် အောင်မြင်လာသည်။

သခင်စိုးမှာမူ ဂိုဏ်းဂဏစွဲ ကြီးမားလွန်းသူ၊ ခေါင်းဆောင်မပီသသူအဖြစ် အပုပ်ချ ခံခဲ့ရသည်။ သို့သော် အယူအဆပြင်းထန်လွန်းသူများ မှာမူ သခင်စိုးကိုသာ

ကြည်ညိုနေကြလေသည်။

မြစ်ဝကျွန်းပေါ်ဒေသအတွင်း သခင်စိုး၏ ဆောင်ရွက်ချက်များသည် တော်လှန်ရေးကြီးတစ်ရပ် လုံး၏ စစ်ရေးခေါင်းဆောင်များဖြစ်သော တပ်မတော်

ခေါင်းဆောင်များနှင့် နိုင်ငံရေးခေါင်းဆောင်များ ဖြစ်သော ကွန်မြူနစ်ပါတီ ခေါင်းဆောင်များ၏ ညီညွတ်ရေးကို များစွာထိခိုက်စေခဲ့သည်။ ကွန်မြူနစ် များနှင့်

တပ်မတော်သားများမှာ မကြာခဏ အချင်း များလာကြသည်။ တော်လှန်ရေးကာလအတွင်း အိန္ဒိယ မှ လေထီးဖြင့်ဆင်းလာကြသောသူများတွင် မဟာမိတ်

စစ်ဘက်အရာရှိများလည်း ပါလာခဲ့ရာ သခင်စိုးသည် ယင်းမဟာမိတ်စစ်ဗိုလ်များအား အောက်ကျို့၍ ဆက်ဆံခဲ့သည်။

ထိုအချိန်တွင် ကွန်မြူနစ်ပါတီအတွင်း၌ ဘရောက် ဒါဝါဒ ၁ ဝင်ရောက်လာပြီဖြစ်ရာ ကွန်မြူနစ်များသည် မဟာမိတ်များက ဖက်ဆစ်ဂျပန်များကို အနိုင်ရပြီးပါက

လွတ်လပ်ရေးသည် ငြိမ်းချမ်းစွာ မလွဲမသွေ ပေါ်ပေါက် လာမည်ဟု ယူဆခဲ့ကြသည်။ ထို့ကြောင့် မဟာမိတ် များနှင့် အဆင်မပြေဖြစ်မည်ကို များစွာ စိုးရိမ်နေကြ

သည်။ တပ်မတော်မှာမူ မဟာမိတ်တပ်များနှင့် ကက်(စ်)ဘီ (ခေါ်) စစ်အုပ်ချုပ်ရေးအရာရှိများ၏ သဘောထားကို မကျေနပ်သဖြင့် လိုအပ်ပါက

လက်နက်ကိုင်တော်လှန်ရန် ပြင်ဆင်ထားလိုကြသည်။ စစ်အုပ်ချုပ်ရေး ဗျူရိုကရက်အရာရှိများက လက်နက် သိမ်းခြင်း၊ တပ်များကို ဖျက်သိမ်းရန် ကြိုးစားခြင်းတို့ ကို

တပ်မတော်က မလိုက်နာလိုသော်လည်း ကွန်မြူနစ် များက လက်နက်များကို စွန့်လွှတ်၍ ငြိမ်းချမ်းစွာ လက်နက်ကိုင်တိုက်ပွဲဝင်ကြရန် ဝါဒဖြန့်သဖြင့် အချို့

လက်နက်များမှာ နယ်ချဲ့များထံ ရောက်ခဲ့ရသည်။

တော်လှန်ရေး ကာလ တစ်လျှောက် လုံး တွင် ခေါင်းဆောင်အချင်းချင်း အယူအဆကွဲပြား၍ မကြာ ခဏ အငြင်းပွားမှုများ ဖြစ်ပွားခဲ့ဖူးသော်လည်း မြစ်ဝ

ကျွန်းပေါ်ဒေသမှ တပ်မတော်နှင့် ကွန်မြူနစ်များ၏ ပဋိပက္ခမှာမူ များစွာကြီးမားပြင်းထန်ခဲ့ရလေသည်။

ဆိုင်းဘုတ်တင်ပွဲအခမ်းအနား

ဖတပလ အဖွဲ့နှင့် ဗမာ့တပ်မတော်က ဖက်ဆစ် ဂျပန်များကို တော်လှန်ပုန်ကန်တိုက်ခိုက်ကြသောအခါ မဟာမိတ်တို့၏ထိုးစစ်မှာမူ ပိုမိုလျင်မြန်၍လာသည်။

တောင်ငူကိုသိမ်းပိုက်ပြီးသော မဟာမိတ်စစ်ကြောင်း သည် ဧပြီလ ၂၆ ရက်တွင် ဒိုက်ဦးမြို့ကို ဆိုက်ရောက် သွားပြီး မိုးရင်ကြီးရေကာတာတစ်ဝိုက်တွင် ဂျပန်များ နှင့်

တိုက်ပွဲဖြစ်ပွားသည်။ အမှတ်(၁၇)အိန္ဒိယတပ်မ သည် ဧပြီလ ၂၉ ရက်တွင် ပဲခူးတစ်ဝိုက်မှ ဂျပန်များ ကို တိုက်ထုတ်ပြီး ပဲခူးမြို့ကို သိမ်းပိုက်လိုက်သည်။ ထိုနေ့တွင်ပင်

တပ်မတော်သည်လည်း ပဲခူးမြို့ကို ပြိုင်တူ သိမ်းပိုက်နိုင်ခဲ့သည်။

ရန်ကုန်တွင်ရောက်ရှိနေသော ဂျပန်တပ်များနှင့် ရုပ်သေးအစိုးရအဖွဲ့သည် ဒေါက်တာဘမော်၊ ဗိုလ် ရန်နိုင်၊ ဗိုလ်လရောင်၊ သခင်နုနှင့် သခင်မြတို့ကို ခေါ်၍

မော်လမြိုင်သို့ ဆုတ်ခွာသွားသည်။ ရန်ကုန်မြို့ ပေါ်တွင် ဗိုလ်ခင်ညိုနှင့် မြို့စောင့်တပ်သာ ကျန်ခဲ့ရာ မြို့စောင့်တပ်သည် မျိုးချစ်ဗမာ့တပ်မတော်ဟု

အမည်ပြောင်းလဲခေါ်ဝေါ်ပြီး ရန်ကုန်မြို့ကို သိမ်းပိုက် လိုက်သည်။ ကြည့်မြင်တိုင်ဘက်သို့ ဂျပန်စစ်သားများ ရောက်လာရာ မြို့စောင့်တပ်ဖွဲ့ဝင်များက တိုက်ခိုက်

နှိမ်နင်းလိုက်သည်။ မေလ ၁ ရက်တွင် ရန်ကုန်မြို့ကို မျိုးချစ်ဗမာ့တပ်မတော်က သိမ်းပိုက်ကြောင်း မီးသတ် ကားဖြင့် လှည့်လည် ကြေညာကြသည်။

ထိုအချိန်တွင် ရန်ကုန်မြို့သည် ဖက်ဆစ်ဂျပန်တို့ ၏လက်အောက်မှ လွတ်မြောက်သွားပြီမှန်သော်လည်း ဖက်ဆစ်တော်လှန်ရေးမှာ ပြီးဆုံးခြင်းမရှိသေးပေ။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗဟိုဦးစီးဌာနချုပ်သည် ကံမမြို့နယ် သရက်ချောင်းကျေးရွာတွင်သာ ရှိနေ သေးသည်။ မေလ ၂ ရက်တွင် ဂျပန်များသည် ဗဟို

ဦးစီးဌာနချုပ်ကို စက်သေနတ်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ကွပ်ကဲ၍ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရသည်။ ရခိုင်စစ်မျက်နှာမှာ

ဂျပန်တပ်ကြီးများ အလုံးအရင်းဖြင့် ဆုတ်ခွာနေသော ကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် တပ်မတော်သားများ ၏ တော်လှန်ရေးတိုက်ပွဲများမှာ မပြီးပြတ်သေးပေ။

ဗိုလ်ချုပ်အောင်ဆန်းသည် အမှတ်(၁၄)တပ်မတော်မှ စစ်မြေပြင် ဗိုလ်ချုပ်ကြီးစလင်းနှင့် တွေ့ဆုံဆွေးနွေး နိုင်ရန်လည်း ကြိုးစားနေရသည်။

မေလ ၃ ရက်တွင် ကွန်မြူနစ်များသည် ရန်ကုန် မြို့ စမ်းချောင်း ဗားကရာလမ်းတွင် ကွန်မြူနစ်ပါတီ ဆိုင်းဘုတ်တင်ပွဲကို ကျင်းပကြသည်။ ထိုအချိန်တွင်

ဖတပလမှလွဲ၍ မည်သည့်နိုင်ငံရေးအဖွဲ့အစည်းမှ ထင်ရှားစွာ သီးခြားလှုပ်ရှားနိုင်ခြင်းမရှိသေးပေ။ ကွန်မြူ နစ်များသည် နိုင်ငံရေးအရှိန်အဝါကို လက်ဦးစွာ

ရယူနိုင်ရေးအတွက် တော်လှန်ရေးမပြီးဆုံးခင်မှာပင် အတိအလင်း ဆိုင်းဘုတ်တင်၍ လှုပ်ရှားတော့သည်။

ထိုအချိန်တွင် ဖတပလမှာ ဖက်ဆစ်ဂျပန်များကို ဆက်လက်တိုက်ခိုက်နေရသည်သာမက မဟာမိတ်တပ် များနှင့် ဆက်ဆံရေး၌ပါ အခက်အခဲတွေ့နေရသည်။

မဟာမိတ်တပ်များသိမ်းပိုက်ပြီးသည့် မြို့ရွာများတွင် ကက်(စ်)C.A.S(B) ခေါ် စစ်အုပ်ချုပ်ရေးစနစ် သည် တစ်ပါတည်း ကပ်၍ပါလာသည်။ ဗြိတိသျှ အစိုးရ၏

ခရိုင်ဝန်များ၊ ပုလိပ်များသည် ဖတပလကို ဖိနှိပ်ခြင်းများပြုလုပ်လာသည်။ အချို့မြို့ရွာများတွင် စည်းဝေးပွဲများမပြုလုပ်ရန် တားမြစ်လာသည်။ ရခိုင် မှ

တော်လှန်ရေးသမားများမှာ များစွာညှဉ်းပန်းနှိပ်စက် ခံကြရသည်။ သခင်တင်မြ၏ ဘုံဘဝမှာဖြင့် (ဆဌမ ပိုင်း) စာမျက်နှာ ၂၅၂ နှင့် ၂၅၃ တွင် မဟာမိတ်တို့၏

လုပ်ရပ်ကို အောက်ပါအတိုင်းဖော်ပြထားသည်။

'စစ်အုပ်ချုပ်ရေးအဖွဲ့က ရခိုင်တော်လှန်ရေး ရဲဘော်များကို ဓားပြမှုများဖြင့် အကြောင်းရှာဖမ်းဆီး ပြီး အမျိုးမျိုးနှိပ်စက်ညှဉ်းပန်းလေသည်။ နှိပ်စက် ညှဉ်းပန်း၍

စစ်ဆေးသည့်အခါမှာ ဓားပြမှုကိုမစစ်၊ အင်္ဂလိပ်အစိုးရကို ဆက်တော်လှန်ဖို့ အစီအစဉ်ရှိတယ် မဟုတ်လား။ လက်နက်တွေ ဝှက်ထားတယ် မဟုတ် လား။

ဝှက်ထားတဲ့လက်နက်တွေ ဘယ်မှာလဲ။ ဝှက် ထားတဲ့လက်နက်တွေဖော်ပေး စသည်ဖြင့် စစ်ဆေး မေးမြန်းပြီး လူမဆန်စွာ နှိပ်စက်ညှဉ်းပန်းလေသည်။

နှိပ်စက်ညှဉ်းပန်းပုံမှာ ဂျပန်များနှင့် သူသာ ငါသာ ပြိုင်နေသလားဟုပင် ထင်ရသည်။ ကျွက်ကျွက်ဆူနေ သောရေနွေးနှင့် ပြုတ်ထားသည့် ကြက်ဥပူပူလောင်

လောင်ကြီးကို စအိုထဲသို့ အတင်းသွင်း၍ စစ်ဆေး သောနည်း၊ လူကို လက်ရောခြေရော ကြိုးနှင့်တုပ်၍ အရှိန်နှင့် မောင်းနေသော မော်တော်ပေါ်မှ ရေထဲ ကန်ချလိုက်၊

ဆွဲတင်လိုက် စစ်ဆေးသောနည်း၊ တိုင် တစ်တိုင်တွင် ချည်နှောင်ပြီး တစ်ညလုံး မိုးရေထဲ ခြင် တောထဲပစ်ထား၍ ညှဉ်းပန်းသောနည်းစသည့် နည်း မျိုးစုံဖြင့်

ညှဉ်းပန်းနှိပ်စက်ကြလေသည်။ ဖမ်းဆီးနှိပ်စက် သည်မှာ ဖက်ဆစ်တော်လှန်ရေးရဲဘော်များသာမက တောနယ်ရှိ လူထုကိုပါဖမ်းဆီးနှိပ်စက်လေသည်' စသည် ဖြင့်

ရေးသားခဲ့သည်။

ထိုကဲ့သို့ ဖတပလ အင်အားစုများနှင့် မဟာမိတ် တို့၏ဆက်ဆံရေး မပြေမပြစ်ဖြစ်နေသဖြင့် တပ်မတော် သားများသည် ဗြိတိသျှတို့အား ဆက်လက်တိုက်ခိုက်

ရမည်ဆိုပါက တိုက်ခိုက်နိုင်ရန် ပြင်ဆင်နေရသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဝီလျံစလင်းနှင့် တွေ့ဆုံ ဆွေးနွေးနေရသကဲ့သို့ ဗိုလ်မှူးကြီးနေဝင်းသည်လည်း

ရန်ကုန်မြို့သို့ မေလ ၆ ရက်တွင် ဆိုက်ရောက်လာပြီး ကာနယ်ဟိုဒင်နှင့် ဆွေးနွေးနေရသည်။ ပဲခူးမှ သခင် ချစ်နှင့် တောင်ငူမှ သခင်သန်းထွန်းတို့သည် ရန်ကုန် သို့

ရောက်ရှိလာကြသည်။ ရန်ကုန်မြို့ထဲတွင်လည်း အင်္ဂလိပ် အုပ်ချုပ်ရေးအရာရှိများက တပ်မတော်သား များလက်နက်ကိုင်လျှင် ဖမ်းဆီးရန် အမိန့်များထုတ်

ပြန်လာသည်။ သခင်စိုးသည် မေလ ဒုတိယပတ်တွင် ရန်ကုန်ရောက်လာသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် မေလ ၁၂ ရက်တွင် အောင်လံမြို့သို့ ရောက်ရှိလာသည်။ ထို့နောက် စလင်း မြို့ရှိ မဟာမိတ်တပ်မှ စေလွှတ်လိုက်သော လေယာဉ် ဖြင့်

မိတ္ထီလာသို့ ဆက်လက်ထွက်ခွာသည်။ မိတ္ထီလာ တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဂျင်နရယ်စလင်းနှင့် ပထမအကြိမ် ဆွေးနွေးရသည်။ ဆွေးနွေးမှုမှာ အတော်

အသင့်ပြေလည်မှု ရရှိသည်။ တော်လှန်ရေးတပ်များ က မဟာမိတ်တပ်များ၏ ခေါင်းဆောင်မှုအောက်တွင် ပါဝင်တိုက်ခိုက်ရမည်ဖြစ်ပြီး မဟာမိတ်တပ်များက

တော်လှန်ရေးတပ်များအတွက် ရိက္ခာ၊ လက်နက်ထုတ် ပေးရန် သဘောတူညီမှု ရရှိကြသည်။ ၁၉၄၅ ခုနှစ်၊ မေလ ၃ဝ ရက်တွင် ဘုရင်ခံ ဆာဒေါ်မန်စမစ်၊

အရှေ့တောင်အာရှ စစ်သေနာပတိချုပ် မောင့်ဘက် တန်၊ လက်ဖတင်နင်ဂျင်နရယ်လီ၊ လက်ဖတင်နင် ဂျင်နရယ်စလင်း၊ လက်ဖတင်နင်ဂျင်နရယ်စတော့ဖို့၊

မေဂျာဂျင်နရယ်ရန့်စ်တို့ပါဝင်သော အစည်းအဝေးက ဗမာ့တပ်မတော်ကို ဗမာ့မျိုးချစ်တပ်မတော်ဟု အမည် မှည့်ခေါ်ရန် သဘောတူလိုက်ကြသည်။

သခင်စိုး ပါတီဝင်အဖြစ်မှ နုတ်ထွက်ခြင်း

မြစ်ဝကျွန်းပေါ်ဒေသတွင် မှန်ကန်သော ခေါင်း ဆောင်မှုကို မပေးနိုင်သဖြင့် သခင်စိုးသည် နိုင်ငံရေး သိက္ခာ များစွာကျဆင်းခဲ့ရသည်။ ပါတီတွင်း ဂိုဏ်းဂဏ ဖွဲ့မှု၊

ဝေဖန်ပြောဆိုမှုများလည်း များပြားလာသည်။ အထူးသဖြင့် တပ်မတော်တွင်းမှ ကွန်မြူနစ်ပါတီဝင် များသည် သခင်စိုးအပေါ် မကျေမနပ်ဖြစ်နေကြ သည်။

ထိုအချိန်တွင် အိန္ဒိယပြည်မှ ကိုသိန်းဖေခေါင်း ဆောင်သော အထူးပါတီကလာပ်စည်းက သခင်စိုး၏ အိမ်ထောင်ရေးရှုပ်ထွေးမှုနှင့် ပတ်သက်၍ ပါတီ၏ အရေးယူမှုမှာ

နည်းသည်။ သခင်စိုး၏ အိမ်ထောင်ရေး ကိစ္စကို ဗဟိုကော်မတီက ထပ်မံစဉ်းစားပြီး ပြင်းထန် စွာ အရေးယူသင့်သည် စသောအချက်ပါဝင်သည့်

ဆုံးဖြတ်ချက်တစ်ရပ်ကို ပေးပို့လိုက်ကြသည်။

တော်လှန်ရေးမတိုင်မီမှာပင် သခင်စိုးသည် မခင်စီ နှင့် မပြတ်စဲမီ မနှင်းမေနှင့် ပေါင်းသင်းခဲ့သဖြင့် ပါတီဗဟိုက ပြင်းထန်စွာ သတိပေးအရေးယူခဲ့ပြီး ဖြစ်သည်။

သခင်စိုးသည် နိုင်ငံရေးသိက္ခာကျဆင်းနေ စဉ်တွင် အဝေးရောက် အထူးပါတီကလာပ်စည်းမှ ဆုံးဖြတ်ချက်ရောက်လာသဖြင့် မကျေမနပ်ဖြစ်လာ သည်။ ၁၉၄၅ ခုနှစ်၊

ဇန်နဝါရီလကတည်းက အပြစ် ပေးပြီးသားကိစ္စကို ငါးလ၊ ခြောက်လအကြာတွင် ကိုသိန်းဖေတို့လူစုက ပြန်လည်အစဖော်ခြင်းအတွက် သခင်စိုးသည်

မကျေမချမ်းဖြစ်နေခဲ့သည်။ ထိုအချိန် တွင် သခင်စိုး၏ ဇနီးဟောင်းဖြစ်သူ မခင်စီကလည်း သခင်စိုးနှင့် မပြတ်နိုင်ကြောင်း ပြောကြားလာသည်။ သခင်စိုးသည်

ဇနီးနှစ်ယောက်စလုံးနှင့် ပေါင်းသင်းနေ ရန် ဆုံးဖြတ်လိုက်သည်။

သခင်စိုးသည် 'ပါတီဝင်ရဲဘော်များသို့' ဟူသော နုတ်ထွက်စာတစ်စောင်ကို ပြုစုသည်။ ယင်းနုတ်ထွက် စာတွင် သခင်စိုးက တော်လှန်ရေးမတိုင်မီလေးတွင်

သူ့အနေဖြင့် အိမ်ထောင်ဟောင်းနှင့် ပြတ်စဲရန် ကြိုးစားနေဆဲမှာ အိမ်ထောင်သစ် ထူခဲ့ကြောင်း၊ ဤ ကိစ္စအတွက် ပါတီဗဟိုကော်မတီက နောက်နောင် ဤသို့မဖြစ်ရန်

သတိပေးခဲ့ကြောင်း၊ သူသည် တော်လှန် ရေးအတွင်း ပါတီကိုခေါင်းဆောင်ပြီး ဖတပလဦးစီး အဖွဲ့တွင် နိုင်ငံရေးခေါင်းဆောင်အနေဖြင့် ဖက်ဆစ် ဂျပန်တို့အား

တော်လှန်တိုက်ခိုက်ခဲ့ကြောင်း၊ ယခုအခါ ဖက်ဆစ်ဂျပန်တို့ လုံးဝအရှုံးပေးရတော့မည်မှာသေချာ နေပြီဖြစ်ကြောင်း၊ ပါတီအနေဖြင့် ဥပဒေအတွင်း

တည်ရှိခွင့်ရလာပြီဖြစ်ကြောင်း၊ ဖတပလနှင့် ပါတီတွင် ဆက်လက်ခေါင်းဆောင်သွားမည့်ခေါင်းဆောင်များ လည်း ရှိနေပြီဖြစ်ကြောင်း၊ သူ့အနေနှင့် အိမ်ထောင်

ရေးပြစ်မှုကျူးလွန်ခဲ့ဖူးသဖြင့် ပါတီတွင် ထိုက်တန်သော ခေါင်းဆောင်တစ်ယောက်မဖြစ်နိုင်တော့ကြောင်း၊ နောက်တစ်ကြောင်းမှာ သခင်စိုးသည် အိမ်ထောင်

ဟောင်းနှင့်လည်း အဆက်မဖြတ်နိုင်၊ အိမ်ထောင်သစ် ကိုလည်း မကွာရှင်းနိုင်ဖြစ်နေကြောင်း၊ ဤသို့ အိမ်ထောင်ရေးပြစ်မှုကျူးလွန်နေသောကြောင့် သူ့အနေ နှင့်

ပါတီခေါင်းဆောင်တစ်ယောက်အဖြစ် ရှိနေရန် မသင့်တော့ကြောင်း၊ ထို့ကြောင့် ဤနေ့မှစပြီး ကွန်မြူ နစ်ပါတီ(ဗမာပြည်)၏ခေါင်းဆောင်အဖြစ်မှ လည်း ကောင်း၊

ပါတီဝင်တစ်ယောက်အဖြစ်မှ လည်းကောင်း ဝမ်းနည်းစွာဖြင့် နုတ်ထွက်လိုက်ကြောင်း ရေးသား၍ သခင်စိုးကိုယ်တိုင် လက်မှတ်ရေးထိုးထားသည်။

သခင်စိုး၏နုတ်ထွက်စာကို လက်နှိပ်စက်ဖြင့် မိတ္တူများစွာ ရိုက်နှိပ်ပြီးမှ ပါတီဝင်များအကြားတွင် ဝေငှခဲ့ခြင်းဖြစ်သည်။ သခင်သန်းထွန်း အစရှိသော

ခေါင်းဆောင်များမှာ သခင်စိုး နုတ်ထွက်ခြင်းကို မသိ ရှိကြရပေ။ သခင်စိုးအား ပါတီကို စွန့်ခွာခြင်းမပြုရန် ပါတီခေါင်းဆောင်များက ဝိုင်းဝန်းဖျောင်းဖျသော် လည်း

သခင်စိုးသည် လက်မခံဘဲ နေခဲ့သည်။ သခင် သန်းထွန်းကမူ သခင်စိုး၏ကိစ္စကို ဒုတိယအကြိမ် ပါတီကွန်ဂရက်တွင် ဆုံးဖြတ်ရန် စိတ်ကူးထားခဲ့သည်။

သခင်စိုး၏ကိစ္စကြောင့် ကွန်မြူနစ်ပါတီ၏ ဩဇာသိက္ခာမှာ များစွာကျဆင်းလာသည်။ ကွန်မြူနစ် ပါတီအပေါ် များစွာအလေးထားခဲ့သော ဗိုလ်ချုပ် အောင်ဆန်းမှာ

သခင်စိုးကြောင့် များစွာစိတ်ပျက် သွားခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တော်လှန် ရေးပြီးဆုံးပါက ကွန်မြူနစ်ပါတီကို စနစ်တကျ ပြန်လည်ထူထောင်ရန်

သခင်စိုးနှင့် သခင်သန်းထွန်း ကို အကြံဉာဏ်ပေးခဲ့သည်။ သခင်စိုးနှင့် သခင် သန်းထွန်းကမူ ကွန်မြူနစ်ပါတီ၏အရေးကိစ္စများကို ဖတပလအား တိုင်ပင်ခြင်းမရှိဘဲ

မိမိတို့သဘောနှင့် မိမိသာ ဆောင်ရွက်ခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်း သည် မိမိကိုယ်တိုင် ပါဝင်ထူထောင်ခဲ့သော ကွန်မြူနစ် ပါတီကို

လက်ဝဲအင်အားစုများ(ပြည်သူ့အရေးတော်ပုံ ပါတီဝင်များ အပါအဝင်) တညီတညွတ်တည်း စုစည်း ၍ တစ်ပါတီတည်းအဖြစ် စနစ်တကျ ဖွဲ့စည်းတည်

ဆောက်လိုခဲ့သည်။ ထို့ကြောင့် ကွန်မြူနစ်ပါတီ၏ အကျိုးနှင့် ပတ်သက်၍ ထိန်းသိမ်းအကြံပေးမှုများ ပြုလုပ်ခဲ့သည်။ သို့သော် သခင်စိုးနှင့် သခင်သန်းထွန်း သည်

ဂိုဏ်းဂဏဆန်စွာ လှုပ်ရှားလာသဖြင့် နောက်ပိုင်း တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကွန်မြူနစ်ပါတီအပေါ် အကောင်းအဆိုး ဝေဖန်ခြင်းမပြုတော့ပေ။

သခင်သန်းထွန်းမှာမူ ကွန်မြူနစ်ပါတီအတွင်း တွင် သခင်စိုးတစ်ယောက် ဩဇာအာဏာကျဆင်း လာသည်ကို အကြောင်းပြုပြီး မိမိခေါင်းဆောင်မှုကို

တည်ဆောက်လျက်ရှိသည်။ သို့သော် မကြာမီမှာပင် သခင်စိုးသည် နုတ်ထွက်စာများကို ရုပ်သိမ်းပြီး ပါတီ ဌာနချုပ်ရုံးတွင် တက်ကြွစွာ ပြန်လည်လှုပ်ရှားလာ ပြန်သည်။

သခင်စိုးက ယင်း၏အိမ်ထောင်ရေးကိစ္စကို ပါတီကွန်ဂရက်က ဆုံးဖြတ်မည်ဟု ပြောကြားခဲ့သည်။

ကွန်မြူနစ်ပါတီနှင့် တပ်မတော်ပဋိပက္ခ

မြစ်ဝကျွန်းပေါ် တော်လှန်ရေးကာလအတွင်း သခင်စိုး၏ပြုမူပုံများနှင့် ပတ်သက်၍ သခင်စိုး၏ ခေါင်းဆောင်မှုကျဆင်းနေချိန်တွင် သခင်သန်းထွန်း သည်

ဗိုလ်ချုပ်အောင်ဆန်းထံ ၁၉၄၅ ခုနှစ်၊ ဇွန်လ ၁၁ ရက် နေ့စွဲပါစာတစ်စောင်ကို ပေးပို့လိုက်သည်။ သခင်သန်းထွန်းကဗမာပြည်ကွန်မြူနစ်ပါတီအထွေထွေ

အတွင်းရေးမှူးအတွက်ဟု လက်မှတ်ရေးထိုးထားသဖြင့် ဗမာ့တပ်မတော် စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်း သည် ကွန်မြူနစ်ပါတီ၏အမြင့်ဆုံးခေါင်းဆောင်အရာ

တွင်ရှိသကဲ့သို့ ဖြစ်နေသည်။ သခင်သန်းထွန်း၏စာမှာ အောက်ပါအတိုင်းဖြစ်သည်။

အဆွေ မြစ်ဝကျွန်းပေါ်အရှုပ်အထွေးနှင့် ပတ်သက်၍ ပါတီမှ ကိုယ်စားလှယ်များက ချက်ချင်းထိရောက် စွာ အရေးယူရန် အဆွေ့ထံ တိုက်တွန်းခဲ့သည် မှာ အကြိမ်များစွာ

ရှိခဲ့လေပြီ။

သက်သေကိုထူရာ၌လည်း ဂျပန်အလိုတော်ရိ များ၊ သူလျှိုများ၊ ၎င်းတို့ကို ကာကွယ်ပေးထား သည့်သူများ၊ တိုက်ပွဲတွင် မပါဝင်သူများ၊ ပါဝင် ပြန်လည်း

ကြောက်ဒူးတုန်နေသူများ၊ ကြားနေပြီး ဘာမှမလုပ်သူများထံမှ သက်သေမယူမူ၍ လွန်ခဲ့ သည့်သုံးနှစ်ကတည်းကပင် ဂျပန်ဖက်ဆစ်ဝါဒ အား တိုက်ဖျက်ခဲ့သူများ၊

ဂျပန်သူလျှိုများက နှုတ်သတင်းပေးမှုကြောင့် ဒုက္ခအမျိုးမျိုး ခံစားခဲ့ ရဖူးသူများ၊ တိုက်ပွဲများတွင်လည်း တကယ်တမ်း ရွပ်ရွပ်ချွံချွံတိုက်သူများ၊

နယ်အကြောင်းကိုလည်း ကောင်းကောင်းသိသူများထံမှ သက်သေယူမှသာ လျှင် အမှန်သို့ ရောက်နိုင်ပေသည်။ (ဥပမာ သခင်လှဖေယူခဲ့သော စုံစမ်းချက်သည်

တပ်ဗိုလ် များထံမှသာ ဖြစ်သည်။)

အဆွေကိုယ်တော်တိုင်က မကျေနပ်ဟုဆိုသူ များသည် အဆွေ့အား အကြံပေးများအဖြစ် ဝိုင်းရံနေသည်ကိုလည်း သတိပြုဦးလော့။ အဆွေ တို့ ကျုပ်တို့သည်

ဂျပန်များမရှိတော့သောကြောင့် ဤ၌ အေးအေးနှင့်နေနိုင်သော်လည်း မြစ်ဝ ကျွန်းပေါ်ရှိ ဗမာ့တပ်မတော်တပ်ခွဲ၏ ဘေးရန် ကြောင့် ပါတီကို အားပေးခဲ့သူများသည်

အဖမ်း ခံရ၊ အလုအယက်ခံရ၊ အည§ဉ်းဆဲခံနေကြရပေပြီ။ ဤကျူးလွန်ချက်များအတွက် တရားခံသည် အဆွေနှင့် ကျွနု်ပ်သာလျှင် ဖြစ်သည်ဟု စိတ်ထဲ တွင်

မစွဲလမ်းဘဲ မနေနိုင်ပေ။

မြစ်ဝကျွန်းပေါ် ဗမာ့တပ်မတော်တပ်ခွဲသည် ဖက်ဆစ်တပ်ကြီး ဖြစ်နေပေပြီဟု မစွပ်စွဲလိုသော် လည်း ဂျပန်ဖက်ဆစ်များ၏ သုံးနှစ်သုံးမိုး

သွန်သင်ပြသသွားသောအဖြစ်ကိုမူ ကျွနု်ပ်တို့ မမေ့ပေ။ (ဥပမာ ချန်ကေရှိတ်တပ်သည် တရုတ် လူမျိုးတို့၏ လွတ်လပ်ရေးကို တိုက်သည်ဆိုစေ ကာမူ

တရုတ်အမျိုးသားများကို ရက်စက်စွာ ညှဉ်းဆဲသည့်အဖြစ်ကိုမူ အဆွေ မမေ့အပ်ပေ။)

မြစ်ဝကျွန်းပေါ်တွင် ကျူးလွန်ချက်များကို အကြမ်းအားဖြင့် ပိုင်းခြားလိုက်သော် အောက်ပါ အတိုင်း ဖြစ်သည် -

(၁) လုယက်မှု၊ (၂) မတရားဖမ်းဆီးမှု၊ (၃) ဂျပန်သူလျှိုများအား ထိုက်တန်သောအပြစ်ကို မပေးဘဲ ဝိုင်း၍ ပင်းထားမှု၊ (၄) ညှဉ်းပန်းမှု၊ (၅) ကုန်သွယ်ရေးကို

အနှောင့်အယှက်ပေးမှု၊ (အဆွေ မြစ်ဝကျွန်းပေါ်ရှိသူများသည် အသိဉာဏ် လုံးဝ ကင်းသူများဖြစ်ကြောင်း ဤအချက်ကိုထောက်၍ သိရပေသည်။ စင်ပြိုင်အစိုးရ

ထောင်သည်ဟု အထင်ရှိစေခြင်း)၊ (၆) ပါတီဝင် ပြောက်ကျား တပ်သားများထံမှ ခြောက်လှန့်၍ လက်နက်သိမ်း ယူခြင်း၊ (၇) နိုင်ငံရေးနှိပ်ကွပ်မှု။

မြန်မာပြည်အနှံ့အပြားတွင် ကွန်မြူနစ်ပါတီ သည် အတိအလင်း ဆိုင်းဘုတ်တင်ကာ ထိထိ ရောက်ရောက် လုပ်ကိုင်လျက်နေလေသည်။ နိုင်ငံ ရေးလုပ်ငန်းကို

အပြင်းအထန် ဖိနှိပ်နေသော ရန်ကုန်နေပြည်တော်၌ပင် ဤကွန်မြူနစ်ပါတီ သည် တိတိလင်းလင်းဆောင်ရွက်လျက် ရှိပေ သည်။ ဗမာ့တပ်မတော်စိုးမိုး၍

အုပ်ချုပ်နေသော မြစ်ဝကျွန်းပေါ်တွင် ကွန်မြူနစ်ပါတီသည်အစည်း အဝေးမှ မခေါ်ရသည့် အခြေအနေသို့ ဆိုက် ရောက်နေပေသည်။ ကွန်မြူနစ်ဝါဒ၊ ကွန်မြူနစ်

ပါတီကို ရက်စက်စွာ နှိပ်ကွပ်သော ဂျပန်ပြည်နှင့် မခြား အလားတူ ဖြစ်နေပေတော့သည်။

မြစ်ဝကျွန်းပေါ်၌ ကက်(စ်)ဘီခေါ် စစ်အုပ် ချုပ်ရေး အမြန်ရောက်လာစေရန် ကွန်မြူနစ်ပါတီ က ဆုတောင်းရမည့်အခြေသို့ပင် ဆိုက်ရောက် နေပေသည်။

(၈) ငွေကိစ္စ၊ ဂျပန်များက ဗမာပြည်တွင် ငွေစက္ကူ အမြောက်အမြားထားခဲ့ရာ ယခုအခါ အင်္ဂလိပ်စစ်အုပ်ချုပ်ရေးက ၎င်းငွေများသည် တန်ဖိုးမရှိဟု

ကြေညာလိုက်သည်။ ဗမာများ ဒုက္ခရောက်ကြသည်။ ငွေစက္ကူဒုက္ခမှ သက်သာ စေရန် တစ်ပြည်လုံး တရားသောနည်းလမ်းဖြင့် ဆောင်ရွက်နေကြပေသည်။

သို့ရာတွင် ဗမာ့တပ်မတော်တပ်ခွဲများသည် တရားသောနည်းလမ်းဖြင့် မဆောင်ရွက်၊ အာဏာ လက်ဝယ်သိမ်းပိုက်ကာ ဂျပန်ငွေစက္ကူ မသုံး

မနေရအမိန့်ထုတ်ကာ မသုံးသူများကို အပြစ်ပေး လျက် ရှိလေသည်။ ဤလုပ်ငန်းမှာ ဆင်းရဲသား များ သက်သာချောင်ချိစေယောင်ယောင်နှင့် ဆင်းရဲသားများအား

ဒုက္ခတွင်း တကယ်ကျရောက် စေသော နည်းလမ်းဖြစ်သည်။ ဂျပန်စက္ကူသည် အနှေးအမြန် တန်ဖိုးမဲ့ဖြစ်တော့မည်ဖြစ်ရကား ဂျပန်စက္ကူသုံးရသော နေရာများသို့

ဂျပန်စက္ကူ များ လှိမ့်ဝင်အောင်လုပ်သောနည်း ဖြစ်၏။

နောင်အခါ ဂျပန်စက္ကူ လုံးလုံးမသုံးရသော အခါ၌ သက်ရောက်မှုတာဝန်သည် ဗမာ့ တပ်မတော်အပေါ် လုံးဝကျရောက်လိမ့်မည်။ ယခုပင်လျှင် မြို့ကြီးများတွင်

ဂျပန်စက္ကူများစု၍ တောသို့ ပို့နေကြပြီ။ ထိုမှတစ်ပါး ဂျပန်စက္ကူ မသုံး၍ အပြစ်ဒဏ်ခတ်ခြင်းမှာ ဂျပန်စစ်တပ် သာရှိလျှင် ဂျပန်စစ်တပ်အလုပ်သာ ဖြစ်၏။

ဂျပန်စစ်တပ်မရှိလျှင် ဂျပန်စစ်တပ်မှ ချန်ရစ်ခဲ့ သူတို့၏ အလုပ်သာဖြစ်၏။ မြစ်ဝကျွန်းပေါ် ဗမာ့ တပ်မတော်တပ်ခွဲတို့သည် နောက်ချန် ဂျပန် စစ်တပ်အလုပ်ကို

လုပ်နေကြ၏။

အချုပ်ဆိုရလျှင် အခြားနေရာများတွင် ဗမာ့ တပ်မတော် တပ်ခွဲတို့သည် ဗမာ့ဂုဏ်ကို မြင့်တင် သလောက် မြစ်ဝကျွန်းပေါ်မှ ဗမာ့တပ်ခွဲတို့သည် ဗမာ့ဂုဏ်ကို

ချိုးဖဲ့နေ၏။ အခြားနေရာတွင် ဂျပန် ကို ရွပ်ရွပ်ချွံချွံတိုက်နေသလောက် မြစ်ဝကျွန်းပေါ် တွင် ဗမာ့ငြိမ်းချမ်းရေးကို ဖျက်သိမ်းနေ၏။ ဂျပန်အလုပ် လုပ်နေကြ၏။

ဗမာ့တပ်မတော်ကို နိုင်ငံခြားက ပြစ်တင် ရှုတ်ချလျှင် ကွန်မြူနစ်ပါတီဝင်တို့သည် ရှေ့တန်း မှနေ၍ ခုခံကာကွယ်ခဲ့ကြ၏။ သို့ရာတွင် သူတို့၏

ပြစ်တင်ရှုတ်ချချက်များမှာ မြစ်ဝကျွန်းပေါ်တပ် များအဖို့ နည်းနေသေးသည်။ ဗမာ့တပ်မတော်၏ အကျိုးကို ရှေးရှု၍ ဆောင်ရွက်ရန် မဖြစ်နိုင်။ ဆင်သေကို

ဆိတ်သားရေဖြင့် ဖုံးသလို ဖြစ်လိမ့် မည်။ မြစ်ဝကျွန်းပေါ်ရှိ ဗမာ့တပ်မတော် တပ်ခွဲ များသည် တိုင်းပြည်၏ အနှောင့်အယှက်ဖြစ်လာ သဖြင့် စစ်တိုက်သည့်နေရာ

စစ်မြေပြင်သို့ ရွှေ့ ပေးရန် ယခင်က အကြိမ်ကြိမ် အကြံပေးခဲ့၏။

ယခုအခါ ဤအကြံပေးချက်နှင့် မလုံလောက် တော့။ အခြားနေရာပြောင်းခဲ့လျှင် ပြောင်းသည့် နေရာ ကြေလိမ့်မည်။ ဤကိစ္စကို ဖြေရှင်းချင် သော

တစ်ခုတည်းသော နည်းလမ်းကောင်းမှာ တိုင်းပြည်၏ အနှောင့်အယှက်ဖြစ်နေသော၊ တိုင်းပြည်အား ညှဉ်းပန်းနှိပ်စက်နေသော၊ ဂျပန် နောက်ချန်တပ်ဖြစ်သော

မြစ်ဝကျွန်းပေါ်ရှိ ဗမာ့ တပ်မတော်တပ်ခွဲများမှ လက်နက်များကို ဗမာ့ တပ်မတော်က သိမ်းယူပြီးသကာလ ၎င်းတပ်သား များကို မိမိတို့ ဆိုင်ရာအိမ်များသို့ ပြန်လွှတ်ရန်

ဖြစ်တော့၏။

ဤတစ်ခုတည်းသော လုပ်ငန်းကို ဗမာ့ တပ်မတော်က အမြန်ဆုံးတာဝန်ယူ၍ ဆောင်ရွက် ရန် လေးနက်စွာ တိုက်တွန်းအပ်သည်။ ဤ

တစ်ခုတည်းသောလုပ်ငန်းကို ဗမာ့တပ်မတော်က တာဝန်ယူ၍ အမြန်ဆုံး မဆောင်ရွက်ပါက စစ် အုပ်ချုပ်ရေးနှင့် အရေးယူရန် တစ်ခုတည်း ကျန် တော့သည်ကို

သတိပေးအပ်သည်။

xxx အထက်ဖော်ပြပါ စာကို သခင်သန်းထွန်းက လက်မှတ်ထိုးထားသည် မှန်သော်လည်း ပြုစုရေးသား သူမှာ သခင်စိုး ဖြစ်သည်။ သခင်စိုး သိက္ခာကျနေချိန် ဖြစ်သဖြင့်

သခင်သန်းထွန်းက တာဝန်ယူလက်မှတ် ရေးထိုးခဲ့သည်။ မြစ်ဝကျွန်းပေါ်တပ်နှင့် ကွန်မြူနစ် ပါတီတို့၏ ပဋိပက္ခသည် သခင်စိုးတွင် တာဝန်ရှိသော် လည်း သခင်စိုးက

ဗမာ့တပ်မတော်အပေါ်သို့ လုံးဝ အပြစ်ဖို့လိုက်သည်။ ဂျပန်နောက်ချန်တပ်အဖြစ်လည်း စွပ်စွဲပုတ်ခတ်လိုက်သည်။ တော်လှန်ရေးတပ်ဦး သဘောတူညီချက် တွင်

ဗြိတိသျှပြန်အဝင်၌ လုံးဝ လွတ်လပ်ရေးအတွက် လိုအပ်ပါက လက်နက်ကိုင် တော်လှန်ရန် သဘောတူညီချက်ရှိခဲ့သည်။ ယင်းအချက် အရ တပ်မတော်သားတို့၏

လက်နက်သိုဝှက်မှု၊ ပြင်ဆင် မှုများကို သခင်စိုးသည် မလိုလားနိုင်ပေ။ ထို့ကြောင့် မြစ်ဝကျွန်းပေါ်တပ်အား ဖြိုခွဲဖျက်ဆီးပစ်ရန် ဗိုလ်ချုပ် အောင်ဆန်းအား

တိုက်တွန်းသကဲ့သို့ ဗြိတိသျှစစ် အုပ်ချုပ်ရေးအဖွဲ့အားကိုးဖြင့်လည်း ခြိမ်းခြောက်လိုက် ခြင်း ဖြစ်သည်။

ဘရောက်ဒါဝါဒ

ဘရောက်ဒါဝါဒဆိုသည်မှာ အမေရိကန်ကွန်မြူ နစ်ခေါင်းဆောင် ဘားလ်ဘရောက်ဒါ၏ အယူအဆကို ဆိုလိုသည်။ ဘရောက်ဒါဝါဒကို ငြိမ်းချမ်းစွာ ဖြစ်

ပေါ်ရေးဝါဒဟုလည်း ဆိုကြသည်။ ဘရောက်ဒါဝါဒ အယူအဆသည် အမေရိကန်ခြွင်းချက် (American Exceptionalism)ဟူသော စီးပွားရေးဝါဒတွင် အခြေခံ သည်။

ယင်းစီးပွားရေးဝါဒမှာ ၁၉၂ဝ ပြည့်နှစ်နောက် ပိုင်းတွင် ပေါ်ပေါက်လာခြင်းဖြစ်ပြီး အမေရိကန် အရင်းရှင်စနစ်သည် အခြားအရင်းရှင်စနစ်များနှင့် မတူဘဲ

ခြားနားသည်ဟု ယူဆသည်။ အခြားအရင်းရှင် စနစ်တွင် မှန်ကန်သော စီးပွားရေးနိယာမများမှာ အမေရိကန်အရင်းရှင်စနစ်နှင့် ကင်းလွတ်သည်။ အခြား

အရင်းရှင်များမှာ အမြတ်ပိုရရှိရေးကြောင့် အလုပ် သမားများကို ကျပ်တည်းဆင်းရဲစေသည်။ အမြတ် အတွက် ကုန်ပိုထုတ်သောကြောင့် ဝယ်လိုအားလျော့ သွားပြီး

စီးပွားရေးအကျပ်အတည်းများ ဖြစ်လာသည်။ ဈေးကွက်လုရင်းမှ စစ်ပွဲများ ဖြစ်လာသည်။

အမေရိကန်အရင်းရှင်များသည် စီးပွားရေးကပ် တွင် များစွာ အထိနာခြင်းမရှိခဲ့ပေ။ ပထမကမ္ဘာစစ် တွင် အမေရိကန်တို့သည် စစ်ဒဏ်ကိုမခံရဘဲ စစ်

ပစ္စည်းရောင်းရသောကြောင့် အမြတ်အစွန်းပင် ရရှိခဲ့ သည်။ အမေရိကန်နိုင်ငံသည် အခြားနိုင်ငံများထက် လည်း အစစအရာရာ ကြွယ်ဝချမ်းသာသည်။ ထို့ကြောင့်

အမေရိကန်အရင်းရှင်စနစ်သည် အလုပ် သမားများထံမှ ခေါင်းပုံဖြတ်စရာမလို။ အလုပ်သမား များကို အခွင့်အရေး အစွမ်းကုန်ပေးပြီး ကုန်ထုတ်ရန် သာ

လိုအပ်သည်ဟု ယူဆလာကြသည်။

အလုပ်ရှင် အလုပ်သမား ပဋိပက္ခမရှိသော အမေ ရိကန် အရင်းရှင်စနစ်သည် တစ်ကမ္ဘာလုံးမှ အရင်းရှင် များကို ဓနအင်အားဖြင့် ဖိ၍ အနိုင်ယူကာ ဦးဆောင်

လာလိမ့်မည်။ မဖွံ့ဖြိုး မတိုးတက်သေးသော နိုင်ငံများ ၏ လွတ်လပ်ရေးကို ထောက်ခံပြီး စက်မှုထွန်းကား အောင် လုပ်လိမ့်မည်။ အရောင်းအဝယ်ကောင်း အောင်

ငြိမ်းချမ်းရေးကို ထိန်းသိမ်းလိမ့်မည်။ ဆိုဗီယက် ဆိုရှယ်လစ်နှင့် မဟာမိတ်ဖွဲ့၍ ဖက်ဆစ်စနစ်ကို တိုက် လိမ့်မည်။ ထိုမဟာမိတ်သည်လည်း ခိုင်မြဲနေလိမ့်မည် ဟူသော

အယူအဆမှာ ဘရောက်ဒါ၏ အယူအဆပင် ဖြစ်သည်။

ဘရောက်ဒါသည် အမေရိကန် အရင်းရှင်စနစ်မှ ဆန်းသစ်သော ဆိုရှယ်လစ်ဝါဒသို့ ငြိမ်းချမ်းစွာ ကူးပြောင်းရေးကို စိတ်ကူးယဉ်ခဲ့သည်။ ထို့နောက်

စာအုပ်များရေးသား၍ ဝါဒဖြန့်သည်။ ဘရောက်ဒါဝါဒ ကို အိန္ဒိယကွန်မြူနစ်ပါတီက လက်ခံခဲ့သည်။ အိန္ဒိယ ကွန်မြူနစ်ပါတီနှင့် အဆက်အသွယ်မပြတ်ရှိနေသော

ကိုသိန်းဖေနှင့် ဂိုရှယ်တို့ကလည်း လက်ခံသည်။ ထို့နောက် ကိုသိန်းဖေနှင့် ဂိုရှယ်သည် ဘရောက်ဒါ၏ စာအုပ်များကို မြန်မာပြည်တွင်းရှိ ကွန်မြူနစ်များထံ သို့

ပို့ပေးခဲ့သည်။ အမေရိကန်နှင့် ဆိုဗီယက်တို့ပေါင်း ၍ နာဇီဂျာမနီကို တိုက်ခိုက်ခြင်းမှာ အလုပ်ရှင် အလုပ် သမား ပဋိပက္ခမရှိသော အရင်းရှင်နှင့် ကွန်မြူနစ်တို့

ပူးပေါင်းခြင်းဖြစ်သည်။ အမေရိကန်သည် အရင်းရှင် များကို ခေါင်းဆောင်လာသောအခါ အရင်းရှင်နှင့် ကွန်မြူနစ် ပဋိပက္ခမဖြစ်နိုင်တော့။ တစ်ကမ္ဘာလုံးသည်

ဆိုရှယ်လစ်စနစ်သို့ အလိုလို ကူးပြောင်းသွားမည်ဟူ၍ မြန်မာကွန်မြူနစ်များက ယုံကြည်ခဲ့ကြသည်။

ဘရောက်ဒါဝါဒအရ ကွန်မြူနစ်များသည် မဟာမိတ်တို့နှင့် ပူးပေါင်းရမည်ဟူသော အယူအဆကို စွဲမြဲစွာ ဆုပ်ကိုင်ထားသည်။ ဘရောက်ဒါဝါဒသည်

တော်လှန်ရေးမတိုင်မီကာလကတည်းက မြန်မာ ကွန်မြူနစ်များအကြားတွင် စိမ့်ဝင်ပျံ့နှံ့ခဲ့ပြီးဖြစ်ရာ ကွန်မြူနစ်များ(အထူးသဖြင့် သခင်စိုး)သည် မဟာမိတ်

တပ်များနှင့် ပူးပေါင်း၍ ဂျပန်ဖက်ဆစ်ကို တိုက်ရမည် ဟု ယူဆခဲ့သည်။ ထို့ကြောင့် ဂျပန်နှင့် ပူးပေါင်း၍ အင်္ဂလိပ် ကိုတိုက်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းတို့လူစု ကို

ဂျပန်ခေါ်လာသူများ၊ ဖက်ဆစ်ဝါဒီများ၊ လွတ်လပ် လျှင်ပြီးရော မျက်ကန်းမျိုးချစ်များအဖြစ် မြင်လာ ခဲ့သည်။

တော်လှန်ရေးပြီးသောအခါ တပ်မတော်သည် အဂင်္လိပ်နယ်ချဲ့ကို စိတ်မချသဖြင့် နောက်ထပ် တော်လှန်ရေးအတွက် ပြင်ဆင်သောအခါ ကွန်မြူနစ် များ၏

ဘရောက်ဒါဝါဒနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင် လာတော့သည်။ ထို့ကြောင့် ကွန်မြူနစ်တို့သည် တပ်မတော်နှင့် ဆိုရှယ်လစ်တို့၏ နယ်ချဲ့ဆန့်ကျင်ရေး

လုပ်ငန်းများကို တားဆီးခြင်း၊ မအောင်မြင်ရန် ကြိုးစား ခြင်းများကို လုပ်လာကြတော့သည်။ ထို့ကြောင့် ဘရောက်ဒါဝါဒသည် စစ်ပြီးခေတ် မြန်မာ့နိုင်ငံရေး

လောကကို ရှုပ်ထွေးစေခဲ့ကြောင်း ကိုသိန်းဖေမြင့်က တော်လှန်ရေးကာလ နိုင်ငံရေးအတွေ့အကြုံများစာအုပ် တွင် အောက်ပါအတိုင်းရေးသားခဲ့သည်။

ဘရောက်ဒါဝါဒသည် ကျွနု်ပ်တို့ မာ့ခ်စ်ဝါဒီများ အား အယောင်ယောင်အမှားမှား ဖြစ်စေခဲ့သည်။ အယူအဆ ရှုပ်ထွေးစေလေသည်။ ဖက်ဆစ်ဆန့်ကျင်

ရေးစစ်ကြီးပြီးလျှင် 'ဗြိတိသျှလေဘာနှင့် ဗမာ့မျိုးချစ် တို့ စေ့စပ်ဆွေးနွေးခြင်းဖြင့် လွတ်လပ်ရေးရလိမ့်မယ်' ဟူသော(အိန္ဒိယကွန်မြူနစ်ခေါင်းဆောင် ရဲဘော်ဂျိုရှီ

ထံမှပေးသော စာတွင်ပါသော) အယူအဆကို လက်ခံ စေသည်။

တော်လှန်ရေးအပြီးတွင် ဗိုလ်ချုပ်အောင်ဆန်း သည် လက်ဝဲအယူအဆရှိသူ မာ့ခ်စ်ဝါဒီများကို စုစည်း ၍ ကွန်မြူနစ်ပါတီအဖြစ် ထူထောင်လိုခဲ့သော်လည်း သခင်စိုးနှင့်

သခင်သန်းထွန်းတို့ဦးဆောင်နေသော ကွန်မြူနစ်များသည် ဘရောက်ဒါဝါဒကို တရားသေ လက်ခံထားခြင်းဖြင့် ညီညွတ်ရေးမှာ ပျက်ပြားလာ သည်။

နိုင်ငံလွတ်လပ်ရေးနှင့် နယ်ချဲ့ဆန့်ကျင်ရေးကို အမျိုးသားရည်မှန်းချက်အဖြစ် ခံယူထားသော တပ်မတော်ကို ကွန်မြူနစ်များက မျက်ကန်းမျိုးချစ်များ ဟု

ယူဆလာသည်။ မည်သည့် အရင်းရှင်စနစ်ကိုမဆို ဆန့်ကျင်ရန် အယူအဆရှိသည့် ဆိုရှယ်လစ်များ (ပြည်သူ့အရေးတော်ပုံပါတီဝင်များ)ကိုလည်း လက်ဝဲ

သွေဖည်ရေးသမားများဟု စွပ်စွဲလာသည်။

ထို့ကြောင့် ကွန်မြူနစ်ပါတီအတိအလင်း ပေါ်ပေါက်လာခါစမှာပင် ဗြိတိသျှနယ်ချဲ့တို့ ငြိုငြင် လာမည်ကိုစိုးသဖြင့် တပ်မတော်ကို လက်နက်သိမ်းရန်၊

မဟာမိတ်တပ်များအောက်တွင် မရှိပါက လုံးဝ ဖျက်သိမ်းရန်အထိ ကြိုးစားလာခြင်းဖြစ်သည်။ ကွန်မြူ နစ်ခေါင်းဆောင်များသည် ဖတပလအဖွဲ့ကြီး ထဲတွင်

ပါဝင်နေကြသော်လည်း ဖတပလအရေးထက် ပါတီ အရေးကို ဦးစားပေးခြင်းဖြင့် မြန်မာ့နိုင်ငံရေးအင်အား စုများအတွင်း အင်အားယုတ်လျော့မှုကိုဖြစ်ပေါ်စေခဲ့ သည်။

ပါတီတွင်း၌လည်း ခေါင်းဆောင်မှုကိုလုယက် ၍ တည်ဆောက်နေကြရာ ပါတီတွင်းညီညွတ်မှုလည်း ပျက်ပြားလာသည်။ ထို့ကြောင့် ကွန်မြူနစ်ပါတီသည်

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် လွတ်လပ် ရေးကို ဦးဆောင်ကြိုးပမ်းပေးခဲ့သော ပါတီတစ်ရပ် ဖြစ်မလာတော့ဘဲ လွတ်လပ်ရေးကို ဦးဆောင်ကြိုးပမ်း

ပေးခဲ့သော ဖတပလနှင့် တပ်မတော်၏အနှောင့်အယှက် အဖျက်အဆီးသဖွယ်သာ ထင်ရှားလာရတော့၏။

Popular posts from this blog

ပြည်တွင်းသောင်းကျန်းမှုသမိုင်း (အပိုင်း ၁၈)

ပြည်တွင်းသောင်းကျန်းမှုသမိုင်း (အပိုင်း ၈)

ပြည်တွင်းသောင်းကျန်းမှု သမိုင်း(အပိုင်း ၁၅)